Wednesday, August 24, 2011

တရားမင်းသခင် - ၂၃။ သုဘာနှင့် ပြန်တွေ့ခြင်း

 
သဗ္ဗညုတဉာဏ်အလင်း ရရှိပြီးဖြစ်သော သူ့သားတော်သည် နောက်လိုက်နောက်ပါ ရဟန်းများစွာနှင့်အတူ ကပိလဝတ်သို့ ပြန်လာနေပြီဟု သုဒ္ဓေါဒနမင်းကြီး ကြားသိလိုက်ရ၏။ မင်းကြီး အတိုင်းမသိ ဝမ်းမြောက်မိလေသည်။ မင်းကြီးသည် သားတော်ဘုရားကို ကြိုဆိုရန် မြို့တော်ကို တန်ဆာဆင်စေ၏။ သို့ဖြစ်၍ ကပိလဝတ်သည် တစ်မူထူးခြားစွာ သပ်ရပ်ခန့်ငြား နေ၏။ အလံများ၊ တံခွန်များ တလွင့်လွင့် ရှိနေ၏။ “ဇယဇိန” “သုန္ဒရော သုဂတော အာဂတော” အစရှိသော နဖူးစီးစာတန်းများ မြို့တော်အနှံ့ စည်စည်ဝေေ၀ ရှိနေ၏။ မြို့သူမြို့သားတို့ ဘုရားရှင်ကို သိုက်သိုက်မြိုက်မြိုက် ခမ်းခမ်းနားနား ကြိုဆိုကြရမည်ဟု လှည့်လည်စည်ဆော်၍ ကြေငြာချက် ထုတ်ထားခြင်းကြောင့် တမြို့လုံး လှုပ်လှုပ်ရွရွ ဖြစ်နေ၏။ လမ်းတကာ အိမ်တကာတို့၌ အုတ်အုတ်ကျက်ကျက် ဖြစ်နေ၏။ ဘုရားရှင်ကို ကြိုဆိုဖူးမြင်ရန် အားတက်သရော ရှိနေကြ၏။ အသွင်ထူးသော အလံများ၊ တံခွန်များ၊ နဖူးစီးစာတန်းများကို မမြင်စဖူး မြင်နေရသော ကလေးငယ်တို့သည် ထိုထိုဤဤ ခုန်ပေါက်ပြေးလွှား မြူးတူးပျော်ပါး နေကြ၏။ မင်းကြီးကိုယ်တိုင်လည်း သားတော်ဘုရားကို လက်ခံကြိုဆိုရန် စိတ်လှုပ်ရှားလျက် ရှိနေလေသည်။

ခြေလျင်ခရီးရှည် ကြွတော်မူခဲ့သော ဘုရားရှင် မြို့တော်အပြင်ဘက်သို့ ရောက်ရှိလေပြီ၊ မြို့တော်ဆီသို့ ဆက်လက်၍ ကြွချီတော် မူလာနေပြီဟု သတင်းကြားလိုက်ရသောအခါ မင်းကြီးသည် မြို့တော်အဝင် တံခါးဝသို့ မြင်းဆွဲယာဉ်ဖြင့် ကြွတော်မူ၏။ အမတ်ကြီးများ၊ ပုဏ္ဏားပုရောဟိတ်ကြီးများနှင့် ဂုဏ်သရေရှိ သာကီဝင်များလည်း မင်းကြီးနှင့်အတူ လိုက်ပါကြ၏။ မြို့တော်အဝင် တံခါးဝသို့ ရောက်သောအခါ မင်းကြီးသည် ယာဉ်ပေါ်မှ ဆင်းလိုက်၏။ မင်းကြီးသည် လက်ကိုင်တောင်ဝှေးကို အားပြု၍ ရပ်နေရင်း သားတော်ဘုရားကို ဖူးမြင်ရန် စိတ်စောလျက် ရှိနေ၏။ မင်းကြီး၏ အသက်အရွယ်နှင့် နှိုင်းစာသော် ရာသီဥတု အအေးဒဏ်သည် ပြင်းထန်လွန်းလှ၏။ တောင်ဝှေးထောက်လျက် ရပ်နေသော မင်းကြီးသည် ချမ်းလွန်း၍ ခိုက်ခိုက်တုန်နေ၏။

ဘုရားရှင်သည် မြို့တော်အဝင် လမ်းမတစ်လျှောက် ဆက်လက်၍ ကြွချီတော် မူနေ၏။ နေခြည်နုနု လင်းနေသော်လည်း ဆောင်းဝင်လာပြီဖြစ်သောကြောင့် ရာသီဥတုမှာ မခံသာအောင် အေးနေ၏။ မြို့တော်အပြင်ဘက် လမ်းဘေးဝဲယာရှိ တဲငယ်တို့၌ နေထိုင်သော ဇာတ်စာရင်း မဝင်သည့် အစွန့်ပယ်ခံ အမျိုးသမီးကြီးတို့သည် တဲအတွင်းမှ ခေါင်းပြူ၍ ဘုရားရှင်ကို ဖူးမျှော်နေကြ၏။ ၎င်းတို့သည် အပေါ်ပိုင်း ကိုယ်တုံးလုံး ဖြစ်နေကြပြီး အချမ်းသက်သာအောင် လက်ပိုက်ထားကြ၏။ အမျိုးမြတ်သူ ချမ်းသာကြွယ်ဝသူတို့ကား အနွေးထည်များ လုံလုံခြုံခြုံဝတ်ထားကြသည်။ ၎င်းတို့လည်း တပည့်သာဝကတို့၏ ထိပ်ဆုံးမှ တိုးတိတ်ညင်သာစွာ ကြွချီတော် မူနေသည့် ဘုရားရှင်ကို ဖူးမျှော်လျက် ရှိနေကြ၏။ ၎င်းတို့သည် နေအိမ်တိုက်ခန်း ခေါင်မိုးပေါ်ရှိ လသာဆောင်များ၌ နေရာယူလျက် ရှိကြနေ၏။ ဘုရားရှင်ဆီသို့ အာရုံရောက်နေကြသဖြင့် မြို့တော်အဝင် လမ်းမဘက်မှ တိုက်ခတ်လာသော ကြမ်းရှသည့် လေအေး ခပ်ပြင်းပြင်း တိုးဝင်လာနေသည်ကိုပင် သတိမထားမိကြပေ။

စိတ်ဝေဒနာရှင်ဟု သတ်မှတ်ခံထားရသော အစွန့်ပယ်ခံ အဖွားအို တစ်ယောက်သည် လမ်းမပေါ်သို့ မျှော်ငေးကြည့်လိုက်စဉ် တောက်ပသော အဝါရောင်ကို မြင်လိုက်ရ၏။ ထို့နောက် ပတ်ဝန်းကျင် တစ်ခုလုံး အဝါရောင် လွှမ်းနေသည်ဟု သူ ထင်မိ၏။

အနီးသို့ ရောက်ရှိလာသော ခိုကိုးရာမဲ့ ထိုအဖွားအိုကို ဘုရားရှင်က “မယ်တော်ကြီး . . .”ဟု ခေါ်တော်မူလိုက်၏။

နတ်ပြည်မှ နတ်မင်း၏ အသံနှင့်တူသော ထိုခေါ်သံကို ကြားလိုက်ရသော အဖွားအိုသည် ခေါင်းမော့၍ ကြည့်လိုက်ပြီး တွဲလောင်းချထားသော လက်နှစ်ဘက်ကို ခက်ခဲပင်ပန်းစွာ မယူမြှင့်တင်၍ လက်အုပ်ချီရန် ကြိုးစားနေ၏။

အဖွားအိုသည် “အို . . . ရှင်နတ်မင်း . . .”ဟု ဟစ်ကြွေးလိုက်ပြီး ဘုရားရှင်၏ မျက်နှာတော်ကို ဖူးမျှော်လျက် ရှိနေ၏။ ချမ်းခိုက်ခိုက် တုန်နေသော အဖွားအိုသည် နှုတ်မှ တစ်စုံတစ်ရာကို တတွတ်တွတ် ရွတ်နေရင်း လက်နှစ်ဘက်ကို ခက်ခက်ခဲခဲ ပင့်ယူပူးကပ်ပြီးသောအခါ လက်ဆယ်ချောင်းကို  အချင်းချင်း ချိတ်ယှက်၍ လက်ဆုပ်ဖွဖွ ပြုထား၏။

ထိုစဉ် မြို့တော် အပြင်ဘက်ထိ လာရောက်ကြိုဆိုသည့် ကာဠုဒါယီ အမတ်ကို ဘုရားရှင်က မိန့်တော်မူ၏။

“ကာဠုဒါယီ . . .။ ခိုကိုးရာမဲ့ ဒီအမျိုးသမီးကြီးကို ကြည့်စမ်း။ သူ ဘယ်သူလည်းဆိုတာ ပြောပြနိုင်မလား။”

“ကပိလဝတ် နေပြည်တော်ရဲ့ ပြည့်တန်ဆာ ဖြစ်ခဲ့ဖူးတဲ့ သုဘာ ဖြစ်ပါတယ် အရှင်ဘုရား။ အခုတော့ အိုမင်းမစွမ်း ဖြစ်နေပြီး စိတ်မနှံ့တော့ပါဘူး အရှင်ဘုရား။”

“သူ့ကို ပြုစုစောင့်ရှောက်မယ့်သူ မရှိဘူးလား။”

“မရှိပါ ဘုရား . . .။”

“ဒီမြို့တော်မှာ သူ့ကို လက်ထပ်ယူချင်တဲ့သူ ရှိခဲ့ဖူးသလား။”

“သူနဲ့ လက်ထပ်ဖို့ ကြိုးစားခဲ့တဲ့သူတွေ အများကြီး ရှိခဲ့တယ်လို့ သိရပါတယ် ဘုရား . . .။ သူ့ကို လက်ထပ်ချင်တဲ့ သူတွေထဲမှာ ဂုဏ်သရေရှိတဲ့ သာကီနွယ်တွေလည်း ပါခဲ့ပါတယ် ဘုရား . . .။ ဒါပေမယ့် သုဘာဟာ သနားသင့်တဲ့ အမျိုးသမီး မဟုတ်ပါ ဘုရား . . .။”

“ကာဠုဒါယီ . . . ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ။”

“အရှင်ဘုရား . . . ဒီ အမျိုးသမီးကြီးဟာ တကယ့်ကို ရွံစရာ ကောင်းလှပါတယ် ဘုရား . . ။ ပုပ်စော်နံတဲ့ မိန်းမပါ ဘုရား။ သူ့ကို မြို့လူထုက ခဲနဲ့ ပေါက်ထုတ်ခဲ့ပါတယ် ဘုရား။ အရှင်ဘုရား ကြွတော်မူလာမယ်ဆိုတာ သိလို့ မင်းမှုထမ်းတွေက သူ့ကို မြို့ထဲကနေ နှင်ထုတ်ထားတာ ထင်ပါတယ် ဘုရား။ သူက အောက်တန်းကျတဲ့ အလုပ်နဲ့ အသက်မွေးခဲ့တာဆိုတော့ မြို့လူထုက သူ့ကို မသနားပါ ဘုရား။”

“ကာဠုဒါယီ . . . သူက ဘယ်လို အောက်တန်းကျတဲ့ အလုပ်ကို လုပ်ခဲ့လို့လဲ။”

“အရှင်ဘုရား . . .။ သူက သူ့ဆီလာတဲ့ ဝါသနာအိုးတွေကို ဖျော်ဖြေပေးခဲ့ပါတယ် ဘုရား . . .။”

“သူ့ကို အဲဒီအလုပ် ဘယ်သူ ခန့်ခဲ့တာလဲ။”

“သာကီဝင်တွေပါ ဘုရား . . .။”

“ကာဠုဒါယီ . . . စဉ်းစားကြည့်ပါအုံး။ ဘယ်သူက အောက်တန်းကျတာလဲ။ ဒီအမျိုးသမီးကြီးလား သာကီဝင်တွေလား။”

“အရှင်ဘုရား . . . တပည့်တော် အဲဒီလိုမျိုး တစ်ခါမှ မတွေးခဲ့ဖူးပါဘူး ဘုရား။ အခုတော့ ဒီအမျိုးသမီးကြီးကို သနားသင့်တယ်လို့ ထင်မိပါတယ် ဘုရား။”

ချမ်းလွန်း၍ ခိုက်ခိုက်တုန်နေသော သုဘာသည် မြေပြင်ပေါ် တွားလျက် ဘုရားရှင်ထံသို့ မိကျောင်းသွား သွားပြီးနောက် ဘုရားရှင်၏ ခြေအစုံပေါ်မှာ မှောက်ကျသွား၏။

“မယ်တော်ကြီး . . . သတိထားပါ။ မယ်တော်ကြီးကို ကူညီပါ့မယ်။ မယ်တော်ကြီး . . .  ပြောစမ်းပါအုံး။ သားတော်ကို မှတ်မိလား။”

“အရှင်ဘုရား . . .။ အရှင်ဘုရားကို တပည့်တော် သိပါတယ်။ မှတ်မိပါတယ် ဘုရား . . .။ လွန်ခဲ့တဲ့ ခုနစ်နှစ် ရှစ်နှစ်လောက်တုန်းက တပည့်တော်ကို ‘အမေ’လို့ ခေါ်ခဲ့တာ အရှင်ဘုရားပေါ့ . . .။ တပည့်တော်တို့လို ဆင်းရဲဒုက္ခ ရောက်နေသူတွေ သက်သာရာရဖို့ တရားထူး တရားမြတ် ရှာဖွေမယ်လို့ ပြောခဲ့တာ အရှင်ဘုရားပေါ့ . . .။”

“ကာဠုဒါယီ . . . ကြည့်စမ်း။ သူဟာ ဒီလောက် ဆင်းရဲဒုက္ခ ရောက်နေတာတောင် သတိကောင်းကောင်းနဲ့ စကားပြောနိုင်တယ်။ ကာဠုဒါယီ . . . မြင်းဆွဲယာဉ်နဲ့ လာခဲ့တာလား။”

“မှန်ပါ . . . ယာဉ်နဲ့ လာခဲ့တာပါ ဘုရား . . .။”

“ဒါဆိုရင် သူ့ကို ယာဉ်ပေါ်တင်ခေါ်သွားပြီး ခမည်းတော် မင်းကြီးဆီ ပို့လိုက်ပါ။ ဒီလို ဒုက္ခရောက်နေသူကို ကယ်တင်တာဟာ ငါ့ကို ဂုဏ်ပြုရာ ရောက်လိမ့်မယ်လို့ ခမည်းတော် မင်းကြီးကို ပြောလိုက်ပါ။ သူ့ကို သင့်တော်တဲ့ ဆေးဝါးကုသမှု ပေးလိုက်ပါ။ သူ့နဲ့ သင့်တော်တဲ့ အဝတ်အစား ပေးလိုက်ပါ။ ဒီကိစ္စ ဆောင်ရွက်ပြီးမှပဲ ကပိလဝတ်ဟာ ဘုရားရှင်တို့နဲ့ သင့်တော်တဲ့နေရာ ဖြစ်လိမ့်မယ်ဆိုတာ ခမည်းတော် မင်းကြီးကို ပြောလိုက်ပါ။ ငါ ဒီနေရာက စောင့်မယ်။ ဒီ သူဆင်းရဲမကြီးကို ခေါ်ပြီး မြို့တော်ပြန်ပါ။ သူ လိုတာတွေ လုပ်ပေးလိုက်ပါ။ ဒီကိစ္စ ပြီးပြီဆိုရင် ငါ့ကို အကြောင်းကြားပါ။ အဲဒီအခါကျရင် ငါ ကပိလဝတ်မြို့ထဲ ဝင်မယ်။”

“အရှင်ဘုရား . . .။ အရှင်ဘုရားရဲ့ ခမည်းတော် မင်းကြီးဟာ အရှင်ဘုရား ရောက်လာတော့မယ်ဆိုပြီး တမျှော်မျှော်နဲ့ မြို့တော်အဝင် တံခါးဝမှာ စိတ် ဂနာမငြိမ် ဖြစ်နေပါတယ် ဘုရား . . .။ သာကီမျိုးတွေ၊ ပုဏ္ဏားမျိုးတွေလည်း အရှင်ဘုရားကို ကြိုဆိုဖို့ မင်းကြီးနဲ့အတူ ရှိနေပါတယ် ဘုရား . . .။ ဒီ ဒုက္ခသည် အဖွားကြီးကို သူတို့ဆီ ခေါ်သွားရင် တပည့်တော်ကို မျက်မာန်ရှကြပါလိမ့်မယ် ဘုရား . . .။ အရှင်ဘုရားကိုလည်း ကျူးလွန်ပြစ်မှားနိုင်ကြပါတယ် ဘုရား . . .။ ဒီနေရာမှာ ရပ်တန့်တော်မမူဘဲ ဆက်လက်ကြွချီတာ အကောင်းဆုံးပါ ဘုရား . . .။ ဒီ အဖွားကြီးကို ယာဉ်နဲ့ တင်ခေါ်ပြီး တပည့်တော် နောက်ကနေ လိုက်ခဲ့ပါ့မယ် ဘုရား . . .။”

“မဟုတ်သေးဘူး ကာဠုဒါယီ . . .။ ဒီ အဖွားကြီးနဲ့အတူ သွားနှင့်ပါ။ ငါ နောက်က လိုက်ခဲ့မယ်။”



:)
ရှင်အာစာရ


Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

No comments:

Post a Comment