Monday, July 11, 2011

World Peace (Part 2) - ကမ္ဘာ့ငြိမ်းချမ်းရေ (အပိုင်း ၂)


ကမ္ဘာ့ငြိမ်းချမ်းရေး၏ ရေသောက်မြစ် ကရုဏာတရား

ဗုဒ္ဓ၀ါဒ ဒဿန အလိုအရ ပြဿနာ အများစုဟာ တွယ်တာတပ်မက်မှုကြောင့် ဖြစ်ပေါ်လာရ တာပါ။ ကြာရှည်တည်တံ့ လိမ့်မယ်လို့ အမှတ်မှား ထားကြတဲ့ အရာတွေ အပေါ်မှာ တွယ်တာမှုကြောင့် ဖြစ်ပေါ်လာရတာပါ။ နှစ်သက်တွယ်တာစရာ အာရုံဝတ္ထုတွေကို လိုက်စားတယ်ဆိုတဲ့ နေရာမှာ ရန်လိုမှုနဲ့ ယှဉ်ပြိုင်မှုတို့ကို ထိရောက်တဲ့ လက်နက်ကိရိယာအဖြစ် ယူဆ အသုံးပြုခြင်းလည်း ပါဝင်ပါတယ်။ ဒီမနောကံ ဆိုးတွေဟာ အလွယ်တကူနဲ့ ကာယကံ မြောက်လာပါတယ်။ မြင်သာတဲ့ အကျိုးဆက် အနေနဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်လာပါတယ်။ အဲဒီလို မနောဆိုးတွေဟာ လူ့စိတ်အစဉ်မှာ အနမတဂ္ဂသံသရာ ကတည်းက ဖြစ်ပွားလာခဲ့ပါတယ်။ သူတို့ရဲ့ အကျိုးဆက် တွေကတော့ ခေတ်မီတဲ့ လက်ရှိအခြေနေမှာ ပိုပြီးပြောင်မြောက်တာပေါ့။ လောဘ၊ ဒေါသ၊ မောဟ။ ဒီအန္တရာယ်တွေကို ဘာလို့ ထိန်းချုပ်သင့်လဲ ဆိုတာကတော့ ကမ္ဘာ့ပြဿနာ အားလုံးနီးပါးဟာ သူတို့ကို ကျောထောက်နောက်ခံ ပြုရတာဖြစ်လို့ပါပဲ။

မဟာယာန ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတွေ ကြားထဲမှာ ကြီးပြင်းခဲ့ရသူ တစ်ယောက်အနေနဲ့ မေတ္တာနဲ့ ကရုဏာတို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ ရက်ထည်အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ ခံစားနားလည်ပါတယ်။ ကရုဏာဆိုတာ ဘာလဲလို့ အရင် ရှင်းပြပါရစေ။ တကယ့်ဆင်းရဲတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို သနားမိတဲ့အခါ ဒါမမဟုတ် ငဲ့ညှာမိတဲ့အခါမှာ သူ သို့မဟုတ် သူမ ဆင်းရဲတဲ့အတွက် ကရုဏာ သက်မိတာ ဖြစ်ပါတယ်။ ကရုဏာဟာ ပရဟိတစိတ်ထား အပေါ်မှာ အခြေတည်ပါတယ်။ နောက်တစ်မျိုး ရှိတာက ဇနီးမယား လင်ယောက်ျား သားသမီး ဒါမှမဟုတ် ရင်းနှီးတဲ့ မိတ်ဆွေတို့ အပေါ်မှာ ထားတဲ့ ချစ်မေတ္တာ၊ ပုံမှန်အားဖြင့် တပ်မက်တွယ်တာမှု အပေါ်မှာ အခြေတည်ပါတယ်။ တွယ်တာမှု ပြောင်းလဲသွားတဲအခါမှာ ကြင်နာမှုလဲ ပြောင်းလဲသွားပါတယ်။ ပျောက်ကွယ်လည်းသွားနိုင်ပါတယ်။ ဒါဟာ မေတ္တာစစ်မဟုတ်ပါဘူး။ စစ်မှန်တဲ့ မေတ္တာဟာ တွယ်တာတက်မက်မှု အပေါ်မှာ အခြေမတည်ပါဘူး။ ပရဟိတ သဘောထားအပေါ်မှာ အခြေတည်ပါတယ်။ ဒီနေရာမှာ သင့်ရဲ့ ကရုဏာ တရားဟာ တစ်ဦးတစ်ယောက် ဆင်းရဲနေသမျှ ကာလပတ်လုံး ဆင်းရဲ ဒုက္ခကို လူသားဆန်ဆန် တုံ့ပြန်မှု တစ်ခုအဖြစ် ဆက်လက်တည်ရှိ နေမှာ ဖြစ်ပါတယ်။

ကိုယ့်သန္တာန်မှာ ဒီလို ကရုဏာမျိုး ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။ အကန့်အသတ်ရှိတဲ့ ကရုဏာကနေ အကန့်အသတ် မဲ့တဲ့ ကရုဏာ ဖြစ်လာအောင်လည်း တိုးချဲ့ရပါမယ်။ သက်ရှိသတ္တ၀ါ အားလုံးအပေါ်မှာ ထားရှိတဲ့၊ ခွဲခြားမှု မရှိတဲ့၊ ရပ်ဆိုင်းမှု မရှိတဲ့၊ ကန့်သတ်မှု မရှိတဲ့ ကရုဏာ တရားဟာ လောဘ ဒေါသ မောဟတွေ လွှမ်းမိုးနေတဲ့၊ မိတ်ဆွေ သို့မဟုတ် မိသားစု အပေါ်မှာ ထားရှိတဲ့ သာမာန် ချစ်မြတ်နိုးမှုနဲ့ မတူဘူးဆိုတာ ထင်ရှားပါတယ်။ ကျွန်ုပ်တို့ ထောက်ခံအားပေးသင့်တဲ့ မေတ္တာဆိုတာ ဒီလို ကျယ်ပြန့်တဲ့ မေတ္တာပဲ ဖြစ်ပါတယ်။ ကိုယ့်ကို ဒုက္ခပေးခဲ့တဲ့သူ၊ ကိုယ့်ရန်သူ အပေါ်မှာတောင် ထားရှိနိုင်တဲ့ မေတ္တာမျိုးဖြစ်ပါတယ်။

ကျွန်ုပ်တို့အားလုံး ဆင်းရဲ ဒုက္ခကို ရှောင်ရှားလိုကြတယ်၊ ချမ်းသာသုခကို လိုလားကြတယ် ဆိုတဲ့ အချက်ဟာ ကရုဏာတရား ပွားများကြဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။ အပြန်အလှန် အားဖြင့် ဒီကရုဏာဟာ ယုတ္တိတန်တဲ့ ခံစားမှု၊ အတ္တစွဲရှိတဲ့ ခံစားမှု အပေါ်မှာ အခြေတည်ပါတယ်။ သတ္တ၀ါ တိုင်းမှာ ရှိနေတဲ့ လိုအင်ဆန္ဒ၊ ချမ်းသာပျော်ရွှင်ချင်တဲ့ လိုအင်ဆန္ဒကို ဖန်တီးပေးတဲ့ ခံစားမှု ဝေဒနာအပေါ်မှာ အခြေည်ပါတယ်။ တကယ်တော့ သတ္တ၀ါအားလုံးတို့ဟာ တူညီတဲ့ လိုအင်ဆန္ဒနဲ့ မွေးးဖွားလာခဲ့ကြတာပါ။ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ တူညီတဲ့ အခွင့်အရေးတွေလည်း ရှိသင့်တာပေါ့။ မရေမတွက်နိုင်အောင် များပြားလှတဲ့ တစ်ခြားသတ္တ၀ါတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်လိုက်တဲ့ အခါမှာ တစ်ခြားသတ္တ၀ါတွေက ပိုပြီး အရေးကြီး တယ်လို့ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကတစ်ယောက် တည်းဖြစ်နေပြီး၊ တစ်ခြားသတ္တ၀ါတွေက အများကြီး ဖြစ်နေလို့ပါပဲ။ နောက်ပြီး တိဗက်ဗုဒ္ဓဘာသာက သက်ရှိအားလုံးကို ကိုယ့်ရဲ့ ချစ်မိခင်လို သဘောထားဖို့၊ အားလုံးကို ချစ်မြတ်နိုးမှုနဲ့၊ ကျေးဇူးတုံ့ပြန်ဖို့ သွန်သင်ပေးပါတယ်။ အကြောင်းပြချက်က ဒီလိုပါ။ ဗုဒ္ဓဘာသာ တရားတော်နဲ့ အညီ ပြောရရင် ကျွန်ုပ်တို့ဟာ အကြိမ်မရေတွက် နိုင်လောက်အောင် မွေးဖွားခဲ့ကြပါပြီ။ ပြန်လည်မွေးဖွား ခဲ့ကြရပါပြီ။  ဒါ့ပြင် သတ္တ၀ါတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်ချိန်မှာ ကျွန်ုပ်တို့ရဲ့ မိဘ ဖြစ်ခဲဖူးတယ်ဆိုတဲ့ အချက်ဟာ လက်ခံနိုင် စရာပါပဲ။ ဒီနည်းနဲ့ပဲ စကြ၀ဠာ အတွင်းမှာရှိကြတဲ့ သတ္တ၀ါအားလုံးတို့ဟာ မိသားစုဝင်အဖြစ် တော်စပ်ကြပါတယ်။

ဘာသာရေးကို ယုံကြည်သူပဲဖြစ်ဖြစ် မယုံကြည်သူပဲဖြစ်ဖြစ် မေတ္တာနဲ ကရုဏာကို တန်ဖိုးမထားတတ်တဲ့ သူရယ်လို့ မရှိပါဘူး။ ကျွန်ုပ်တို့တတွေဟာ မွေးဖွားလာတာနဲ့ မိဘများရဲ့ စောင့်ရှောက်မှုနဲ့ ကြင်နာမှု အောက်မှာရှိကြပါတယ်။ ဘ၀နောက်ပိုင်း ရောဂါဝေဒနာ ခံစားရချိန်နဲ့ အိုမင်းချိန်တို့မှာ သူတစ်ပါးရဲ့ ကြင်နာမှုကို မှီခိုရှင်သန်ရတယ်ဆိုရင် ဘ၀အလယ်ပိုင်းမှာ ဘာဖြစ်လို့ တစ်ဘက်သားကို ကြင်ကြင်နာနာ မဆက်ဆံရမှာလဲ။

အကြင်နာ နှလုံးသား (လူသားအားလုံးနဲ့ ရင်းနှီးတဲ့ ခံစားမှု) ဖွံဖြိုးးဖို့အတွက် လုပ်နေကျ ဘာသာရေး လုပ်ထုံးလုပ်နည်းတွေ ပါစရာမလိုပါဘူး။ အကြင်နာတရားဆိုတာ ဘာသာရေးကို ယုံကြည်သူတွေ အတွက်သာ မဟုတ်ပါဘူး။ လူမျိုး ဘာသာ နိုင်ငံရေးအုပ်စု မခွဲခြား မသတ်မှတ်ဘဲ အားလုံးအတွက် ဖြစ်ပါတယ်။ ပိုမိုကျယ်ပြန့်တဲ့၊ ရေရှည်လည်း တည်တံ့မယ့် ဒီ အမြင်မျိုးနဲ့ သတ္တ၀ါ အားလုံးကို ရှုမြင်သူတွေအတွက် ဖြစ်ပါတယ်။ အကြင်နာတရားဟာ ဖွံ့ဖြိုးအောင်လုပ်ရမယ့်၊ လက်တွေ့ကျင့်သုံးရမယ့်၊ အစွမ်းထက်တဲ့ ခံစားမှုတစ်မျိုး ဖြစ်ပါတယ်။ သို့ပေမယ့် ဒါကို မျက်ကွယ်ပြုထားတတ်ကြပါတယ်။ အထူးသဖြင့် လုံခြုံမှု ဆိုတာကို နားလည်မှု လွဲနေကြတဲ့ ဒီနေ့ခေတ်မှာ အကြင်နာဆိုတာကို မျက်ကွယ်ပြုထားကြပါတယ်။

အားလုံးဟာ ချမ်းသာကို လိုလားကြတယ် ဆင်းရဲကို ရှောင်လွဲကြတယ်ဆိုတဲ့ အမြင်ကို ရေရည် ကိုင်စွဲထားနိုင်ကြတဲ့အခါမှာ၊ အကန်သတ်မဲ့ များပြားလှတဲ့ သတ္တ၀ါတွေနဲ့ နှိုင်းစာရင် ကိုယ်တစ်ဦးတည်းရဲ့ ပျော်ရွှင်မှုဟာ အရေးမကြီးဘူးလို့ ယူဆနိုင်ကြတဲ့အခါမှာ ကိုယ်ပိုင်တဲ့ ပစ္စည်းဥစ္စာကို သူတစ်ပါးနဲ့ မျှဝေသုံးစွဲသင့်တယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ ဒီအမြင် ဒီအယူအဆကို လေ့ကျင့်ပျိုးထောင် နိုင်တဲ့အခါမှာ မေတ္တာစစ် မေတ္တာမှန်၊ သူတစ်ပါးအပေါ် ထားရှိတဲ့ သဘောထားအမှန်၊ စစ်မှန်တဲ့ ကရုဏာတရား ဖြစ်ထွန်းလာနိုင်ပါလိမ့်မယ်။ တစ်ကိုယ်ရေတစ်ကာယ ပျော်ရွှင်မှုဟာ တမင်တကာ ရှာဖွေမနေရဘဲ အလိုလို ဖြစ်ပေါ်လာပါလိမ့်မယ်။ သူတစ်ပါးအပေါ် မေတ္တာထားခြင်းနဲ့ သူတစ်ပါးကို ၀န်ဆောင်ခြင်း ဖြစ်စဉ်တစ်ခုလုံးရဲ့ အကျိုးရလဒ်၊ တကူးတကန့် ရှာဖွေရတဲ့တဲ့ ပျော်ရွှင်မှုတွေထက် အဆများစွာ သာလွန်တဲ့ အကျိုးရလဒ် ဖြစ်ပါတယ်။  

ဘာသာရေးအရ တိုးတက်မှုရဲ့ ရလဒ်တစ်မျိုးကတော့ စိတ်အေးချမ်းတာ စိတ်စိုက်မိနေတာ ဖြစ်ပါတယ်။ နေ့စဉ်ဘ၀မှာ အသုံးအ၀င်ဆုံး ဖြစ်ပါတယ်။ ဘ၀တွေဟာ မပြန်တ်စီးနေတဲ့ ရေအလျဉ်ပါပဲ။ အခက်အခဲ မြောက်များစွာကို သယ်ဆောင်လာပါတယ်။ တည်ငြိမ်တဲ့ သန့်ရှင်းတဲ့ စိတ်နဲ့ ရင်ဆိုင်တဲ့အခါမှာ ပြဿနာတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အမုန်းတရား အတ္တဆန်မှု မနာလိုဝန်တိုမှုနဲ့ ဒေါသအာဃာတွေကြောင့် စိတ်ကို မထိန်းချုပ်နိုင်တော့တဲ့ အခါမှာ ဆုံးဖြတ်နိုင်စွမ်း မရှိတော့ပါဘူး။ စိတ်ဟာ မိုက်မိုက်ကန်းကန်း ဖြစ်သွားပါတယ်။ အဲဒီလို ဆိုးသွမ်းနေချိန်မှာ စစ်ပွဲအပါအ၀င် ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကရုဏာ နဲ့ ပညာကျင့်စဉ်တွေဟာ အားလုံးအတွက် အသုံးတည့်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်ရေး ပုံဖော်တည်ဆောက်ဖို့ အခွင့်အရေးနဲ့ အခွင့်အာဏာ လက်ဝယ်ပိုင်ထားသူတွေ၊ နိုင်ငံအုပ်ချုပ်ကွပ်ကဲသူတွေအတွက် အထူးသဖြင့် အသုံးဝင်ပါတယ်။


(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

Dalai Lama၏ “A Human Approach to World Peace”ကို မြန်မာဘာသာပြန်ဆိုပါသည်။
Ref: (20 May 2011):
http://www.dalailama.com/messages/world-peace/a-human-approach-to-peace

No comments:

Post a Comment