Monday, July 11, 2011

Tranquiliser - စိတ်ငြိမ်ဆေး

ရေကြောင့်ဖြစ်သော အညစ်အကြေးကို ရေဖြင့်ပင် ဆေးကြောသုတ်သင်ပါမှသာ စင်ကြယ်သကဲ့သို့ စိတ်ကြောင့် ဖြစ်ပေါ်လာသော ရောဂါဝေဒနာကိုလည်း စိတ်ဖြင့်ပင် ပြန်လည်ကုသပါမှသာ ပျောက်ကင်းဖွယ်ရာ ရှိပါသည်။ ဤစိတ်ဝေဒနာ စွဲကပ်လာလျှင် ကိုယ့်စိတ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိပါက ရပ်လို့လည်းမတည်ငြိမ်။ သွားလို့လည်း ဟန်မရ။ ထိုင်လို့လည်း မကောင်းလှ။ အိပ်လို့လည်း မပျော်သည့် ရောဂါဝေဒနာ စွဲကပ်လာပါတော့သည်။ လေးပါးသော ဣရိယာပုထ် ပျက်ပြားခြင်းမှာ အဆိုးဝါးဆုံး ဖြစ်ပါသည်။

ယခုခေတ်၌ ထင်ရှားကျော်စောသော လူဂုဏ်တန် လူရည်တတ် အပိုင်းတွင် စိတ်ကိုထိန်းသိမ်းနိုင်မှု အကျင့်တရား မရှိကြသော သူတို့မှာ အထက်ဖော်ပြပါ ရောဂါဝေဒနာများ စွဲကပ်လာသည့်အခါ စိတ်တည်ငြိမ်မှု ရရှိရန်အတွင် ဘဝင်ငြိမ်ဆေးလုံး (ဦးနှောက်ငြိမ်ဆေးလုံး)ခေါ် (Tranquiliser)ဆေးတို့ကို ဆောင်ထားလေ့ ရှိကြပါသည်။ ကမ္ဘာအရပ်ရပ်ရှိ အချို့သော ပညာတတ်လော၌လည်းကောင်း၊ လူဂုဏ်တန် လူရည်တတ် လောက၌လည်းကောင်း ဤ(Tranquiliser)ဆေးကို ဆောင်ထားခြင်းသည်ပင်လျှင် ဖက်ရှင်တမျိုး ဖြစ်နေလေသည်။ ၎င်းဆေးလုံးသည် စားသုံးသောအခိုက်၌ ဦးနှောက်ကို တဒင်္ဂအားဖြင့် နှစ်သိမ့်မှုရစေ၍ စိတ်သည် တည်ငြိမ်လာတတ်ပါသည်။

အိပ်မပျော်သူများသည် ၎င်းဆေးကို အညွှန်းအတိုင်း သုံးစွဲကြလေရာ အိပ်စက်ခွင့် အတော်အတန် ရကြပေသည်။ အိပ်ရာမှ နိုးသောအခါ၌မူ ဦးနှောက်ရှင်းလင်းပြီး စိတ်ကြည်လင် လာတတ်ပါသည်။ သို့ရာတွင် “နေမြင့်လေ အရူးရင့်လေ” ဆိုသကဲ့သို့ တဖြည်းဖြည်းနေမြင့်၍ လုပ်ငန်းခွင်သို့ ဝင်သောအခါ ဦးနှောက်သည် ဒုံးရင်းအတိုင်း ပြန်လည်နောက်ကျုလာသောကြောင့် စိတ်သည်လည်း မကြည်မလင် ဖြစ်လာပြန်ပါတော့သည်။ ထိုအခါ သူတပါးအား မလိုမုန်းထားလိုစိတ်၊ မကောင်းကြံလိုစိတ်၊ သူတပါးပြောသည်ကို ဟုတ်သည်မှန်သည်ဟု မယုံကြည်လိုစိတ်တို့ ထပ်တလဲလဲ ဖြစ်လာပါတော့သည်။

ကျွန်တော်ကိုယ်တိုင်လည်း တခါက ဤဆေးကိုဆောင်ထားရသူ ဖြစ်ခဲ့ဖူးပါသည်။ သို့ရာတွင် ကျွန်တော်မှာ အညွှန်းအတိုင်း သုံးဆောင်သော်လည်း တညလုံး အိပ်စက်ခွင့်မရသောကြောင့် အညွှန်းထက်ပို၍ သုံးဆောင်ပါမှသာ တစ်ညလျှင် ၂-နာရီ ၃-နာရီခန့်မျှ အိပ်ခွင့်ရခဲ့ပါသည်။

၁၃၂၄-ခုနှစ် တန်ဆောင်မုန်းလ၏ တစ်ညသ၌ အိပ်မပျော်၍ ကိစ္စအမျိုးမျိုး၊ အကြောင်းအမျိုးမျိုး၊ လူအမျိုးမျိုး၊ ပုဂ္ဂိုလ်အမျိုးမျိုးတို့ကို တွေးရင်းတောရင်းက ကံကောင်းထောက်မချိန် ရောက်လာသော ကျွန်တော်သည် မဟာစည်ဆရာတော် ဘုရားကြီး၏ ဝိပဿနာတရားအကြောင်းကိုလည်း တွေးမိပါသည်။

“အင်း (Tranquiliser)ဆေးတွေကို သောက်လာခဲ့တာလည်း ကြာလှပြီ။ (Tranquiliser)ဆေးရဲ့တန်ခိုးကတော့ အခိုက်အတန့်ပဲ တန်ခိုးပြတာပဲ။ မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာ အလုပ်ပေး တရားတော်အရ ငါ့ရဲ့ နောက်ကျိနေတဲ့ ဦးနှောက်ကို ရှင်းလင်းသွားအောင် အားထုတ်ကြည့်ဦးမှပဲ” ဟု ထူးထူးခြားခြား အကြံကောင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျွန်တော်သည် အိပ်ရာပေါ်၌ပင် ပက်လက်လှန်၍ အိပ်ရင်း ဝမ်းပိုက်ကို စူးစိုက်ကာ ဝမ်းပိုက်ဖောင်းလာခိုက်(ဖောင်းတယ်)၊ ဝမ်းပိုက် ပိန်လာခိုက် (ပိန်တယ်) ဟု လက်တွေ့ရှုမှတ်ပါသည်၊ အချိန်မည်မျှ ကြာသွားမည်မသိပါ။ ရှုမှတ်နေသော စိတ်သည် ပျောက်ကွယ်၍ အိပ်ပျော်သွားပါတော့သည်။

နံနက်လင်း၍ အိပ်ရာမှ နိုးသောအခါ လွန်စွာအံ့ဩ၍ ဝမ်းမြောက်မိပါသည်။ “ငါ၏အဖို့ အကောင်းဆုံးသောစိတ်ကို ထိန်းသိမ်းနိုင်မှု နည်းကောင်းကိုရပြီ”ဟု ဝမ်းသာမဆုံး ဖြစ်မိပါသည်။ ဘုရားရှင်၏ ဂုဏ်တော်ကိုလည်းကောင်း၊ တရားတော်၏ ဂုဏ်တော်ကိုလည်းကောင်း အဖန်ဖန်ပွါးမိသည့်အပြင် မဟာစည် ဆရာတော်ဘုရား၏ ကျေးဇူးဂုဏ်တို့ကိုလည်း ဦးညွတ်မိပါသည်။ ကျွန်တော်၏ စိတ်သည်လည်း အထူးသဖြင့် ကြည်လင်နေပါသည်။ ရပ်ကောင်း၊ သွားကောင်း၊ ထိုင်ကောင်း၊ အလုပ်-လုပ်လို့လည်းကောင်း ဖြစ်နေပါတော့သည်။

“ဘုရားရှင်၏ တရားတော်အရသာသည် အရသာတကာတို့ထက် အမြတ်ဆုံး ဖြစ်၏”ဟု ရဟန်းရှင်လူအပေါင်းတို့ ပြောကြဟောကြပါသည်။ ကျွန်တော်ကမူ “တရားကိုရှုမှတ်သော သူ၏ စိတ်သည် (Tranquiliser)ဆေးကို သုံးဆောင်သူ များစွာတို့၏ စိတ်ထက် တည်ငြိမ်သည်”ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်သည် စိတ်တည်ငြိမ်မှုအတွက် အကောင်းဆုံးသော (Tranquiliser) ဆေးကြီးဖြစ်ကြောင်းကို ကျွန်တော်ရဲဝံ့စွာ ဝန်ခံပါသည်။

ဝဏ္ဏကျော်ထင်-ဒေါက်တာဦးမြင့်ဆွေ
ဆဋ္ဌသံဂါယနာသံဃုပဋ္ဌာကမဟာဘိသက္က
သာသနာ့ရိပ်သာ အကျိုးဆောင်ဆရာဝန်
(မဟာစည်ဆရာတော်၏ အရိယာဝါသတရားတော် နိဒါန်း)

No comments:

Post a Comment