Friday, July 8, 2011

Buddhist Blessing - ပရိတ်မေတ္တာ



“God bless you. ဘုရားသခင် ကောင်းချီးပေးပါစေ”ဟူသော ဆုတောင်းစကားကို တော်တော်များများ ကြားဖူးကြပါလိမ့်မည်။ ခရစ်ယန် ဘာသာဝင်တို့၏ လက်သုံးစကား ဖြစ်၏။ (ခရစ်ယန်စကား ဖြစ်သော်လည်း ခရစ်မပေါ်မီကပင် အသုံးပြုခဲ့သော စကားဖြစ်၏။ ထိုစကားကို ခရစ်ယန်က မွေးစားခဲ့ပြီး စကားအသုံး တွင်ကျယ်လာခြင်း ဖြစ်၏။) ခရစ်ယန် ဘာသာကို မယုံကြည်သည့် အင်္ဂလိပ်စကား ပြောသူတို့လည်း ထိုသို့ ဆုဆိုလေ့ ရှိကြ၏။ ခရစ်ယန် ယဉ်ကျေးမှု၊ အနောက်တိုင်း ယဉ်ကျေးမှု ဖြစ်ပေသည်။ ကျိန်စာတိုက်ခြင်း (curse)၏ ဆန့်ကျင်ဘက် ဖြစ်၏။

Blessingခေါ် ကောင်းချီးပေးခြင်း ဤကိစ္စသည် ဂျူးဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ နှင့် အခြားဘာသာတို့၌လည်း ပုံစံတစ်မျိုးစီဖြင့် ရှိနေ၏။ ဗုဒ္ဓဘာသာမှာလည်း ရှိ၏။ သို့သော် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံကား “blessing”ဟု မခေါ်ကြပေ။ ဗုဒ္ဓဘာသာတို့၏ Blessingသည် မြန်မာတို့ ပြုနေကျ ပရိတ်မေတ္တာပင် ဖြစ်သည်ဟု နားလည်မိ၏။ ပရိတ်ရွတ်၍ ဆုတောင်းပေးခြင်းပင် ဖြစ်၏။ ပရိတ်အာနုဘော်ဖြင့် အန္တရာယ်ကင်းအောင် ဆောက်ရွက်ပေးခြင်းပင် ဖြစ်၏။ မေတ္တာထားပေးခြင်း မေတ္တာပွားပေးခြင်းဟုလည်း ဆိုနိုင်၏။

မြန်မာနိုင်ငံ၌ သံဃာတော်တို့ ပရိတ်ရွတ်သောအခါ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ခြည်တို့ ပြင်ဆင်စီမံထားတတ်ကြ၏။ ပရိတ်ရွတ်ပြီးသောအခါ အန္တရယ်ကင်းရန် ရည်ရွယ်၍ အိမ် ခြံတို့ကို ပရိတ်ရေ ဖျန်းကြ၏။ လူကို ဖျန်းသည်လည်း ရှိ၏။ အချို့က ပရိတ်ရေ သောက်ကြသည်။ ပရိတ်သဲကို ခြံဝင်းထဲမှာ ကြဲပက်ကြ၏။ အိမ်ကို ပရိတ်ခြည်နှင့် ရစ်ပတ်ကြ၏။ ကလေးသူငယ်တို့၏ လည်ပင်းနှင့် လက်ကောက်ဝတ်တို့၌ ပရိတ်ကြိုး ၀တ်ပေးကြ၏။ ထိုင်း နှင့် သီရိလင်္ကာအပါအ၀င် အခြားသော ဗုဒ္ဓဘာသာ နိုင်ငံတို့၌ ဘုန်းတော်ကြီးများက လူဒကာဒကာမတို့ကို ပရိတ်ရွတ်ရင်း ပရိတ်ရေ ဖျန်းပေးကြ၏။ ပရိတ်ကြိုး ခြည်ပေးကြ၏။ ဤသည်ကို blessingဟု ခေါ်ကြ၏။ ယနေ့ခေတ်၌ ပရိတ်ရေဖျန်းခြင်း ပရိတ်ကြိုးခြည်ခြင်း ဓလေ့သည် မြန်မာနိုင်ငံ၌ မရှိသလောက် ရှား၏။ မြန်မာတို့ကား ပရိတ်ရွတ်ရုံ ပရိတ်နာရုံသာ လုပ်ကြ၏။ သို့သော် ရန်ကုန်ရှိ မဟာယာနကျောင်းတစ်ကျောင်း၌ blessingလုပ်ပေးနေကြောင်း (ပရိတ်ရွတ်ရင်း ပရိတ်ရေ ဖျန်းပေးနေကြောင်း) ရန်ကုန်မှလာသည့် မိတ်ဆွေရဟန်းတော် တစ်ပါး ပြောပြ၍ သိရသည်။ မဟာယာနကျောင်း ဖြစ်သော်လည်း blessing လုပ်ပေးနေသည်ကား ထေရ၀ါဒ ရဟန်းတော်ဖြစ်သည် ဆို၏။ ဤကိစ္စကို အသေးစိတ် မသိရသေးပေ။

ရတနသုတ် အဋ္ဌကထာ (ခုဒ္ဒကပါဌအဋ္ဌကထာ) အဆိုအရ ဘုရာရှင် လက်ထက်တော် အခါကလည်း ပရိတ်ရေ ဖျန်းခဲ့ဖူး၏။ ဝေသာလီပြည် ကပ်ဘေးဆိုက်သောအခါ ဘုရားရှင်နှင့် သံဃာတော်တို့က ရတနသုတ် ဟောကြားရွတ်ဖတ် ပေးတော်မူကြ၏။ အရှင်အာနန္ဒာသည် ဘုရားရှင်၏ သပိတ်တော်မှ ရေကိုယူ၍ မြို့အနှံ့ ဖျန်းပေး၏။ (ဧ၀ံ ဘဂ၀တော ဝေသာလိံ အနုပ္ပတ္တဒိဝသေယေ၀ ဝေသာလိနဂရဒွါရေ တေသံ ဥပဒ္ဒ၀ါနံ ပဋိဃာတတ္ထာယ ၀ုတ္တမိဒံ ရတနသုတ္တံ ဥဂ္ဂဟေတွာ အာယသ္မာ အာနန္ဒော ပရိတ္တတ္ထာယ ဘာသမာနော ဘဂ၀တော ပတ္တေန ဥဒကမာဒါယ သဗ္ဗနဂရံ အဗ္ဘုက္ကိရန္တော အနုဝိစရိ။) ထို့ကြောင့် ဝေသာလီပြည်၌ ဘေးငြိမ်းခဲ့၏။ ယခုခေတ် ပရိတ်ရေဖျန်း၍ blessingလုပ်ကြခြင်းသည် ဤ အချက်ကို အခြေခံခြင်း ဖြစ်ပေမည်။ အင်္ဂလိပ်စကား ပြောသူတို့ နာလည်လွယ်အောင် blessingဟု နာမည်ပေးခြင်း ဖြစ်ပေမည်။

ဤ ပရိတ်အစဉ်အလာသည် မြန်မာနိုင်ငံ၌ သာသနာ ခေတ်ဦးကတည်းက တည်ရှိလာခဲ့၏။ သို့သော် အများစုကား ပရိတ်ရေ မဖျန်းကြပေ။ အထူးသဖြင့် ဘုန်းတော်ကြီးက လူဒကာဒကာမတို့ကို ပရိတ်ရွတ်နေရင်း ရေဖျန်းခြင်းမျိုး ပြုခဲ၏။

အသောကမင်း လက်ထက်က မြန်မာနိုင်ငံ (သုဝဏ္ဏဘူမိ၊ သထုံ)သို့ သောဏ နှင့် ဥတ္တရ မထေရ်နှစ်ပါး သာသနာပြု ကြွတော်မူခဲ့ကြ၏။ ထိုစဉ်က ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့သော သထုံမြို့၌ ပင်လယ်မှတက်လာသော ရေစောင့်ဘီလူး ရက္ခိုသ်တို့ သောင်းကြမ်းလှသည်ဆို၏။ ကလေးငယ် မွေးဖွားတိုင်း ဘီလူစာ ဖြစ်ရသည် ဆို၏။ ၎င်းအန္တရာယ်ကို သာသနာပြု မထေရ်တို့က ပရိတ်တန်ခိုးနှင့် နှိမ်နှင်းခဲ့သည်ဆို၏။ အန္တရယ်ကင်းအောင် ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ခြည်တို့ စီမံပေးသည် ဆို၏။

ပုဂံခေတ်မှစ၍ ရတနာပုံ (မန္တလေး)ခေတ်တိုင်အောင် ထီးနန်းထူထောင်ကြရာ၌ သံဃာတော်တို့ကို ပင့်ဖိတ်၍ ပရိတ်ရွတ်စေသည် ဆို၏။ ကိုလိုနီခေတ်က လယ်တီဆရာတော်သည် ဘေးသင့်နေသော၊ အထူးသဖြင့် ပလိပ်ရောဂါဘေး သင့်နေသော မြန်မာနိုင်ငံ နေရာအနှံ့အပြားသို့ လှည့်လည်၍ ပရိတ်ရွတ်ပေးတော်မူရသည် ဆို၏။ တောင်းတန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ၏ ပရိတ်သည် အလွန် စွမ်းလှသည် ဆို၏။ ဆရာတော် ပရိတ်ရွတ်လျှင် ပြင်ဆင်၍ ချထားသည့် ပရိတ်ရေများ ပွက်လေသည် ဆို၏။ ထို့ပြင် ပရိတ်ပုံမှန်ရွတ်သော ပရိတ်ဆရာတော် တော်တော်များများနှင့် ဒကာဒကာမ တော်တော်များများလည်း တွေ့ဖူး၏။ ဒကာဒကာမတို့သည် အခါအားလျော်စွာ သံဃာတော်တို့ကို နေအိမ်သို့ ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ် နာယူကြ၏။ နှစ်သစ်ကူးချိန်၌ နှစ်ဆန်းပရိတ် နာယူကြသည်မှာ ရိုးရာအစဉ်အလာ ဖြစ်နေ၏။ သို့သော် မြန်မာဆရာတော်တို့၏ ပရိတ်ရွတ်ပွဲများ၌ ဒကာဒကာမတို့ကို ဆရာတော်တို့က ပရိတ်ရေ ဖျန်းပေးသည်ကား မရှိသလောက် ရှား၏။

၁၉၉၈ခုနှစ်က ပရိတ်ရေ ဖျန်းပေးသော မြန်မာ ဆရာတော် တစ်ပါးကို ပထမဆုံး တွေ့ဖူးခဲ့၏။ မဟာသွံဿာရ ဆရာတော် ဦးကုမာရ (ဘိုကုန်း၊ အင်းစိန်၊ ရန်ကုန်)သည် ပရိတ်ရွတ်ရင်း ဒကာဒကာမ ပရိတ်သတ်ကို ပရိတ်ရေ ဖျန်းပေးလေသည်။ ကြည့်ရသည်မှာ အမြင်ဆန်းနေ၏။ မပြည့်ဝသော ဘာသာရေး အသိဖြင့် “ဘိသိက်ဆရာနှင့်တူသည်၊ အူကြောင်ကြောင် ကိုယ်တော်ကြီးပါလား”ဟု မနောကံနှင့် ပြစ်မှား၍ သရော်ပြုံး ပြုံးခဲ့ဖူးသည်။ အစ္စယံ ခမ မေ, ဘန္တေ။ ပြစ်မှားမိသမျှ ခွင့်လွှတ်တော်မူပါ အရှင်ဘုရား။

၂၀၀၆ခုနှစ်က ထင်၏။ မိတ်ဆွေရဟန်းတော် ဒေါက်တာ အရှင်ဣန္ဒက၏ သမ္မာသမ္ဗောဓိကျောင်း (ကပုန်း၊ မလေးရှား)သို့ အလည်ရောက်ရင်း ပထမဆုံး ကိုယ်တိုင် ပရိတ်ရေ ဖျန်းပေးခဲ့ဖူးသည်။ ကျောင်းထိုင်ဆရာတော် မရှိခိုက် ဘုရားဖူးလာသူ တစ်ယောက်က တောင်းဆို၍ လုပ်ပေးခဲ့ရခြင်း ဖြစ်သည်။ ပရိတ်ရွတ်ရင်း အသင့်ပြင်ထားသော ပရိတ်ရေ ဖျန်းပေးရသည်။ အသင့်ပြင်ထားသော ပရိတ်ရေခွက်ထဲ၌ ပန်းတစ်ခိုင် စိုက်ထားသည်။ ဘုရားပန်း လှူထားသည်နှင့် ဆင်တူ၏။ ရေကို ပန်းပွင့်နှင့်ယူ၍ ဖျန်းပေးရသည်။ နှုတ်ကလည်း ပရိတ်ဂါထာ ရွတ်ပေးရသည်။

“ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။
ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။
ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။
မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေ။ နတ်ဒေ၀တာတို့ စောင့်ရှောက်ပါစေ။
အားလုံးသော ဘုရားရှင်တို့၏ တန်းခိုးရှိန်စော် အာနုဘော်ကြောင့်
အခါခပ်သိမ်း ချမ်းသာသုခ ရရှိပါစေ။
မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေ။ နတ်ဒေ၀တာတို့ စောင့်ရှောက်ပါစေ။
အားလုံးသော တရားတော်တို့၏ တန်းခိုးရှိန်စော် အာနုဘော်ကြောင့်
အခါခပ်သိမ်း ချမ်းသာသုခ ရရှိပါစေ။
မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေ။ နတ်ဒေ၀တာတို့ စောင့်ရှောက်ပါစေ။
အားလုံးသော သံဃာတော်တို့၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်
အခါခပ်သိမ်း ချမ်းသာသုခ ရရှိပါစေ။”

Blessingခံယူသည့်သူ အနည်းအများအပေါ် မူတည်၍ ပရိတ်ဂါထာ ရွတ်ဖတ်ရသည်။ လူနည်းလျှင် ဂါထာ တစ်ပုဒ်နှစ်ပုဒ်သာ ရွတ်ဆိုရသည်။ လူများလျှင် ဂါထာများများ ရွတ်ဖတ်ရသည်။ ပရိတ်ရေလည်း များများကုန်သွားသည်။ 
၂၀၀၉ခုနှစ်မှစ၍ စင်ကာပူ မင်္ဂလ၀ိဟာကျောင်းသို့ ရောက်လာသောအခါ blessingနှင့် အသားကျသွား၏။ စင်ကာပူ၌ ဗုဒ္ဓဘာသာ ကျောင်းတိုင်းကျောင်းတိုင်း blessing လုပ်ပေးကြ၏။ ကျောင်းတော်တော် များများ၌ blessing counterဖွင့်လှစ်၍ full time blessing service ပေးကြ၏။ မင်္ဂ၀ိဟာရကျောင်း၌ကား ထိုသို့ အချိန်ပြည့်  မလုပ်ပေ။ တစ်ယောက်ချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ အထူးတောင်းပန် လျှောက်ထားမှသာ blessingလုပ်ပေး၏။ မင်္ဂလ၀ိဟာရနှင့် နီးစပ်သည့် ဒကာဒကာမတို့သည် နေစဉ် ဘုရားဝတ်ပြု ပြီးချိန်တိုင်း blessingခံယူကြ၏။ နေ့လယ်တစ်ကြိမ် (နေ့လယ်ဆွမ်းတော်ကပ်ချိန်)၊ ညနေတစ်ကြိမ် (ညနေဘုရားဝတ်ပြုချိန်) အနည်းဆုံး တစ်နေ့လျှင်နှစ်ကြိမ် ဘုရားဝတ်ပြုလာရင်း အုပ်စုလိုက် blessingခံယူကြ၏။ ခရီးသွားခါနီး၌ အထူးလျှောက်ထား၍ blessingခံယူကြသည်လည်း ရှိ၏။ ကျောင်းသူကျောင်းသားတို့ စာမေးပွဲ ဖြေခါနီး blessingခံယူကြ၏။ ကားသစ်ဝယ်သောအခါ နှင့် မတော်တဆ ကားတိုက်မှု ဖြစ်သောအခါတို့၌ ကားကို blessingလုပ်ပေးရ၏။ တစ်ယောက်ယောက် နာမကျန်းဖြစ်၍ ဆေးရုံတက်ရလျှင် ဆေးရုံသို့လိုက်၍ blessingလုပ်ပေးရသည်။ ဆေးရုံမတက်ခင် blessingခံယူကြသည်လည်း ရှိ၏။ အိမ်သစ်တက်သည့်အခါ၊ အိမ်မှာ သရဲခြောက်သည့်အခါတို့၌ တစ်အိမ်လုံး ပရိတ်ရေဖျန်း၍ blessingလုပ်ပေးရသည်။ အိမ်သူအိမ်သား တစ်ယောက်ယောက် သေဆုံးလျှင် အသုဘကိစ္စ ပြီးဆုံးသောအခါ ကျန်ရစ်သူ မိသားစုနှင့် တစ်အုံးလုံးကို blessingလုပ်ပေးရ၏။ တရုတ်ဒကာဒကာမများ ဖြစ်ကြ၍ တရုတ်နှစ်သစ်ကူးချိန်၌ ကျောင်းသို့ အများအပြား လာရောက်၍ blessingခံယူကြ၏။ နှစ်သစ်ကူး ရာသီ၌ အိမ်သို့ပင့်၍လည်း blessingလုပ်ခိုင်းကြ၏။ Vesak Day (ဗုဒ္ဓနေ့)၌ကား ကျောင်းသို့ လာရောက်၍ blessingခံယူသူဦးရေ အများဆုံး ဖြစ်၏။ သဒ္ဓါတရားကို တစ်မျိုးပုံဖော်ကြခြင်းဟု နားလည်၏။

 မင်္ဂလ၀ိဟာရမှာ နေထိုင်ရင်း Blessingနှင့် စပ်လျဉ်းသည့် ပြုံးစရာ အဖြစ်အပျက် တစ်ချို့ကို မှတ်သားထားမိသည်။

တွေ့ဖူးသော မြန်မာအမျိုးသမီး တစ်ယောက်သည် ဘုန်းတော်ကြီးများကို အဝေးမှ နေ၍သာ ရှိခိုးဦးချသည် ဆို၏။ အကြောင်းကား ရေဖျန်းခံရမှာ စိုးသောကြောင့် ဖြစ်သည်ဆို၏။ သူ့ယုံကြည်ချက် ပေကိုး။

တစ်ခါသော် ဘယ်လို စိတ်ကူးပေါက်မိသည်မသိ။ အားသွန်ခွန်စိုက် ပရိတ်ရေ ဖျန်းပေးလိုက်မိသည်။ တန်းစီထိုင်ရင်း ပရိတ်ရေ အဖျန်းခံနေသည့် ဒကာဒကာမတို့ကို ပရိတ်ရေ များများဖျန်းပေးလိုက်မိသည်။ ခါတိုင်းထက် နှစ်ဆသုံးဆပို၍ ဖျန်းပေးလိုက်သည်။ တစ်ချို့က တည်တည်မိန့်မိန့်ကြီးနှင့် ပုံမှန်အတိုင်း ရိုကျိုးစွာ ခံယူကြ၏။ ပရိတ်ရေ ရွှဲရွှဲအဖျန်းခံရ၍ သိသိသာသာကြီး ပြုံးပျော်နေကြသူ တစ်ချို့ကိုလည်း သတိထားမိလိုက်၏။ အမျိုးသမီး တစ်ယောက်က လက်မထောင်ပြသည်။ သဘောကျသည့် အဓိပ္ပာယ် ဖြစ်၏။ ငါးနှစ်အရွယ်ခန့်ရှိသည့် ကလေးငယ်တစ်ယောက်ကား ပရိတ်ရေ များလွန်းသွား၍ တချီးချီး တဖြီးဖြီး နှာချေလေ၏။ တန်ဆေး လွန်ဘေးတည်း။

တစ်နေ့သ၌ စင်္ကာပူနိုင်ငံသား တရုတ်အမျိုးသား တစ်ယောက်သည် ဘုရားခန်းထဲ၌ ပရိတ်ရေဖျန်းပေးမည့် ဘုန်းတော်ကြီး တစ်ပါးမှ မတွေ့ရသဖြင့် မစောင့်နိုင်တော့ဘဲ ဘုရားစင်မှာ ချထားသည့် ပရိတ်ရေခွက်ကို ကိုယ်တိုင်ယူကာ သူ့ကိုယ်သူပြန်၍ ပရိတ်ရေ ဖျန်းသွား၏။ ဘူးဖေး-ဟု ခေါ်ရမည် ထင်သည်။

တစ်ခါသော်ကား လင်မယားနှစ်ယောက် နှင့် သားတစ်ယောက် သမီးတစ်ယေက် စုစုပေါင်း မိသားစုလေးယောက် ဘုရားဖူးလာ၏။ လေးယောက်အနက် မယားဖြစ်သူမှာ တော်တော်စွာပုံရ၏။ သူတို့ မိသားစုကလည်း ဘုန်းတော်ကြီးများကို ပရိတ်ရေ အဖျန်းမခိုင်း။ Blessing အလုပ်မခိုင်း။ မယားဖြစ်သူသည် သား၊ သမီးနှင့် လင်ယောက်ျားတို့ကို လက်အုပ်ချီလျက် ဘုရားရှေ့မှာ တန်းစီထိုင်စေပြီး ဘုရားစင်မှာ ချထားသည့် ပရိတ်ရေခွက်ကို ယူကာ ပရိတ်ရေ ဖျန်းပေးလေ၏။ ပရိတ်ဂါထာတို့ကိုကား ရွတ်တတ်ဟန်မတူ။ ရေဖျန်းရင်း ရိုးရိုးစကားများကိုသာ ပြောနေဟန်တူ၏။ “ငါ ပရိတ်ရေ ဖျန်းပေးနေတယ်။ Blessingလုပ်ပေးနေတယ်။ ငြိမ်ငြိမ်နေကြ”ဟု ပြောနေခြင်း ဖြစ်ပေမည်။ စွမ်းဆောင်ရှင် အမျိုးသမီးပေတကား။

Blessingနှင့် စပ်လျဉ်း၍ ပရိတ်အစွမ်း နှင့် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးတို့ကို သင်ဝင်ယုံကြည်ရင်း အစွန်းမရောက်အောင်လည်း သတိထားသင့်ပေသည်။

:)
ရှင်အာစာရ


စကားကြွင်း -
အနောက်တိုင်းသူများ ထိုင်းနိုင်ငံ၌ လည်ပတ်ရင်း Blessing ခံယူသည်ကို youtubeမှာ တွေ့လိုက်မိ၏။
၎င်းတို့ ကျေနပ်ပျော်ရွှင်လှဟန်တူ၏။



2 comments:

  1. အရှင်ဘုရား Blessing ပေးတာ ပန်းလေးနဲ့ ဆိုတော့ မဆိုးဘူး။ပရီတ်ရေက Volumetric Cup နဲ့ဆိုတော့ နည်းနည်းသိပ္ပံဆန်နေသလားလို့..တပည့်တော်ထင်တာပါ။ဖလားလေး နဲ့ဆို ပိုကောင်းမလားပဲ။ ထိုင်းမှာတော့ အဲဒီ ဗီဒီယို ထဲက လိုပဲ ဘုန်းကြီး တိုင်းလိုလို မှာအုန်းတံပြက်စည်း အသေးစားလိုလေးဆောင်ထားကြတာ...ပြီးရင် ရေတွေ နှစ်နှစ်ဖြန်းတော့တာ..။ အဲလိုလုပ်တိုင်း အုန်းတံပြက်စည်း ကိုသတိရနေမိတဲ့ စိတ်ကိုဖျောက်ထားရတယ်ဘုရား။

    ReplyDelete