ထို့နေ့၌ သိဒ္ဓတ္ထရဟန်း သက်တော်သုံးဆယ့်ငါးနှစ် ပြည့်လေ၏။ ညောင်ပင်အောက်၌ ထိုင်နေသူ သိဒ္ဓတ္ထ ရဟန်းသည် ထိုနေ့ ထိုနေရာ၌ အကြီးမြတ်ဆုံး ဉာဏ်အလင်းကို ရရှိရမည်၏ အခိုင်အမာ သန္နိဋ္ဌာန် ချထား၏။ သူ့ရှေ့တည့်တည့်မှာ လပြည့်ဝန်း ပေါ်ထွက်လာနေသည်ကို သိဒ္ဓတ္ထရဟန်း မြင်နေရ၏။ ဂယာသီသ မြက်ခင်းပြင် တစ်နံတစ်လျား၌ လရောင်ဖြာဆင်းလျက် ရှိနေ၏။ သိဒ္ဓတ္ထ ရဟန်းသည် မျက်လုံးအစုံကို မှိတ်ထားရင်း ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော အင်္ဂါငါးပါးနှင့် ပြည့်စုံသည့် ပထမဈာန် သမာပတ်ကို ဝင်စားလေ၏။ ထို့နောက် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့ကိုလည်း တစ်ဆင့်ချင်း ဝင်စားလေ၏။
သူ၏ စိတ်ဓာတ် လုံးလုံးလျားလျား စင်ကြယ်သန့်ရှင်းပြီး ပြည့်ပြည့်၀၀ တည်ငြိမ်ကာ ဧကဂ္ဂတာ ကျနေချိန်၌ သိဒ္ဓတ္ထ ရဟန်းသည် ရှေးဘဝတို့ကို သိမြင်နိုင်သည့် ပုဗ္ဗေနိဝါနုဿတိဉာဏ် ရရှိအောင် အားထုတ်လေ၏။ ရှေးဦးစွာ သူ၏ ကလေးဘဝက အဖြစ်အပျက်များကို ပြန်လည်အောက်မေ့ ဆင်ခြင်လိုက်၏။ ထို့နောက် လွန်ခဲ့သော ဒုတိယဘ၀ ပဋိသန္ဓေကို အစပြု၍ မွေးသေသံသရာ၌ ကျင်လည်ခဲ့ရပုံတို့ကို ဆင်ခြင်ပြန်၏။ ဤသို့လျှင် သိဒ္ဓတ္ထ ရဟန်းသည် သူကျင်လည်ခဲ့ရသော အတိတ်သံသရာမှ ရုပ်နာမ်ဓမ္မတို့ကို ရှေးဦးစွာ သိမြင်လေ၏။ ထို့နောက် သတ္တဝါ အားလုံးတို့ ဘဝသံသရာ၌ နိမ့်တုံမြင်တုံ ကျင်လည်ရင်း မွေးဖွားခဲ့ကြရပုံ သေဆုံးခဲ့ကြရပုံတို့ကို သိမြင်လေ၏။ သတ္တဝါတို့၏ ဘဝနိမ့်မြင့်ကို စီမံဖန်တီးသည့် ကံတရားအကြောင်း စိတ်စူးစိုက်၍ ဆင်ခြင်သောအခါ သတ္တဝါတို့သည် မသိမိုက်မဲမှု အဝိဇ္ဇာတွန်းအားဖြင့် ကံသင်္ခါရကို ပြုလုပ်ဆည်းပူး စုဆောင်းကြကြောင်း နားလည်သိမြင်လိုက်၏။
အပြန်အလှန် မှီတည်၍ ဖြစ်ပေါ်ရသော ကံသင်္ခါရတရားတို့၏ ပျက်သုဉ်းကုန်ဆုံးမှုအကြောင်း ဆင်ခြင်သော သိဒ္ဓတ္ထရဟန်းသည် သစ္စာလေးပါး မြတ်တရားကို သိမြင်လေ၏။ ကမ္ဘာလောကသည် သောက ဒုက္ခအတိ ပြီး၏။ ဒုက္ခ၏ အကြောင်းရင်းကား တပ်မက်မှု တဏှာ ဖြစ်၏။ တဏှာချုပ်ငြိမ်းခြင်းသည် ဒုက္ခကုန်ဆုံးခြင်း ဖြစ်၏။ ဒုက္ခငြိမ်းကြောင်း အကျင့်ကောင်းကား မဂ္ဂင်ရှစ်ပါး ဖြစ်၏။ ရှုထောင့်တစ်မျိုးမှ သုံးသပ်ပြန်ရာ အဆင်း အသံ အနံ့ အရသာ အတွေ့အထိတို့ကို အခြေတည်၍ ဖြစ်ပေါ်လာသော ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးအောင် စိတ်ကို စောင့်ချုပ်ခြင်းသည် ဒုက္ခငြိမ်းရာသို့ ရောက်စေ၏ဟု သိမြင်လေ၏။
အချို့သော သူများအတွက် ဒုက္ခငြိမ်ကြောင်း မဂ္ဂင်အကျင့်သည် သင့်လျော်လျောက်ပတ်ပေသည်ဟု သိဒ္ဓတ္ထရဟန်း နားလည်လိုက်၏။ အခြားသူများအတွက်ကား ပဋိစ္စသမုပ္ပါဒ် ဒေသနာကို နားလည်ရေးသည် သင်လျော်လျောက်ပတ်ပေသည်ဟု မိုးသောက်ယံ အချိန်၌ သိဒ္ဓတ္ထရဟန်း ကောင်းစွာ သဘောက်ပေါက်မိလေ၏။
ဤသို့လျှင် ဒုက္ခငြိမ်းရာသို့ ရောက်စေနိုင်သော မဂ္ဂင်ရှစ်ပါး အကျင့်တရားနှင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို သိမြင်ပြီးသူ သိဒ္ဓတ္ထ ရဟန်းသည် လောကီဝတ္ထု မှန်သမျှကို မတပ်မက် မတွယ်တော့ကြောင်း သူ့ကိုယ်သူ ရှင်းလင်းစွာ သိလိုက်လေ၏။
ဉာဏ်အလင်း ရရှိရန် ကာလကြာမြင့်စွာ ကြိုးပမ်းအားထုတ်ခဲ့ရသူ သိဒ္ဓတ္ထ ရဟန်းသည် အကြီးမြတ်ဆုံးသော ဘုရားအဖြစ်သို့ ရောက်ရှိပြီဟု သိလိုက်ရသဖြင့် ကြီးစွာသော ပီတိဖြစ်လျက် မျက်လုံးအစုံကို ဖွင့်လိုက်လေ၏။ ထိုစဉ် လမင်း ငုတ်လျှိုးကွယ်ဝင်လေပြီ။ အရုဏ်ဦး အလင်းရောင် ပြန့်နှံ့လျက် ရှိနေ၏။
ဘုရားရှင် ပထမဆုံး တွေ့လိုက်ရသည်ကား သူနှင့် ယဉ်ပါးနေသည့် နွားအုပ်ကြီး ဖြစ်၏။ ဗောဓိညောင်ပင်အောက်၌ ထိုင်နေသည့် ဘုရားရှင်ကို နွားတို့က ပတ်ပတ်လည်မှ ဝိုင်း၍ ငေးကြည့်နေကြ၏။ ထို့နောက် သူ့ရှေ့မှောက်၌ ရုပ်တုတစ်ခုလို ရပ်နေသည့် နွားကျောင်းသား သူငယ်ကို တွေ့လိုက်ရ၏။ နွားကျောင်းသားသည် ဘုရားရှင်ကို ရှိခိုးလျက် ရှိနေ၏။
“ကောင်လေး သုဒိန္န . . .။”
“အရှင်ဘုရား . . . မှန်ပါ . . . တပည့်တော် သုဒိန္နပါ ဘုရား။ တပည့်တော်ရဲ့ နာမည်ကို အရှင်ဘုရား ဘယ်လိုလုပ် သိပါသလဲ ဘုရား . . .။”
“ကောင်လေး သုဒိန္န . . .။ မင်း ဒီနားရောက်နေတာ ကြာပြီဆိုတာလည်း ငါ သိသေးတယ်။”
“အရှင်ဘုရား . . . အဲဒါလည်း မှန်ပါတယ် ဘုရား။ အရှင်ဘုရားက မျက်စိတွေ မှိတ်ထားပြီး ငြိမ်ငြိမ်လေး ထိုင်နေတာဆိုတော့ တပည့်တော်က မသိလောက်ဘူး ထင်နေတာ။ အရှင်ဘုရား . . .။ တပည့်တော် ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင်ပါပဲ ဘုရား။ အရှင်ဘုရား မျက်စိမှိတ်နေတုန်းက တပည့်တော် အလင်းတန်းတွေ မြင်လိုက်ရတယ် ဘုရား . . .။ သက်တံ့လို အရောင်စုံတွေ အရှင်ဘုရားရဲ့ ခန္ဓာကိုယ်က ထွက်နေတာ . . .။ အဲဒါကိုကြည့်ဖို့ တပည့်တော် ပြေးလာခဲ့တာပဲ။ တပည့်တော်ရဲ့ နွားတွေက တပည့်တော်ထက်တောင် အရင်ကျသေးတယ်။ အရှင်ဘုရားရဲ့ ဘေးပတ်ပတ်လည်မှာ မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေကြတာ။ အရှင်ဘုရား . . .။ အံ့သြစရာပါပဲ ဘုရား။ အရှင်ဘုရားရဲ့ ခန္ဓာကိုယ်က အခုလို အရောင်တွေ ပြိုးပြိုးပြက်ပြက် ထွက်နေတာ အရင်က တစ်ခါမှ မမြင်ဖူးဘူး။ အရှင်ဘုရား . . . တကယ်တော့ အရှင်ဘုရားဟာ နတ်ဒေဝတာပဲ။”
“ကောင်လေး သုဒိန္န . . .။ တစ်ခါ ငါ ထပ်ပြောမယ်။ ငါဟာ လူသားပါ။ ငါပြောမယ် ကောင်လေး သုဒိန္န . . .။ လုံ့လကြိုးကုတ် အားထုတ်ပြီး အချိန်အကြာကြီး ရှာဖွေခဲ့ရတဲ့ အမြင့်မြတ်ဆုံး ဉာဏ်အလင်းကို ငါ ရလိုက်ပြီ။ ဘာကိုမှ ငါ မတပ်မက် မစွဲလမ်းတော့ဘူး။ စိတ်အညစ်အကြေး ကိလေသာ အားလုံးကို ငါ ချေဖျက်လိုက်ပြီ။ ငါဟာ မက်မောတမ်းတမှုကနေ လွတ်မြောက်ပြီ။ ကောင်လေး သုဒိန္န . . .။ ငါဟာ တည်ငြိမ်အေးချမ်းသူပဲ။ တဏှာရမ္မက်က ငါ့ကို မထိုးနှက် မတိုက်ခိုက်နိုင်တော့ဘူး။ ဒီ လောကကြီးထဲမှာ သောက ပရိဒေဝနဲ့ ဆင်းရဲနေကြရသူတွေ ပျော်ရွှင်ချမ်းမြေ့နိုင်အောင်၊ သူတို့တတွေ ကောင်းကျိုးရရှိအောင် ငါ သုတ်သင်ရှင်းလင်းထားတဲ့ လမ်းမှန်ပေါ်မှာ သတ္တဝါအားလုံး လျှောက်လှမ်းကြဖို့ လမ်းညွှန်ပေးချင်တယ်။ ကောင်လေး သုဒိန္န . . .။ မင်းဟာ ငါ့အပေါ်မှာ တကယ့်ကို ကြင်ကြင်နာနာ ရှိခဲ့တာပဲ။ မနက်ရော ညနေပါ မင်း ငါ့အတွက် နို့ညှစ်ပေးခဲ့တယ်။ မတည်မြဲခြင်း အနိစ္စနဲ့ စိုးရိမ်ပူဆွေခြင်း သောကတို့ ပြည့်နှက်နေတဲ့ ဘဝသံသရာကို မင်း ကူးမြောက်ချင်သလား။ လွတ်မြောက်မှု ဝိမုတ္တိကို ရချင်သလား။”
“အရှင်ဘုရား . . .။ တပည့်တော် အသက်ရှင်နေသမျှ ကာလပတ်လုံး တပည့်တော်ရဲ့ နွားအုပ်နောက်ကလိုက်ပြီး ဥရုဝေလတောအုပ်ထဲက စားကျက်တစ်ခုပြီးတစ်ခု လှည့်လည်ပြီးတော့ပဲ နေချင်ပါတယ် ဘုရား . . .။”
“သုဒိန္န . . . အဲဒီလို ဘဝမျိုးကို ကျေနပ်နိုင်သလား။”
“ကျေနပ်နိုင်ပါတယ် အရှင်ဘုရား . . .။ မြက်ခင်း လွင်ပြင်ကျယ်ကြီးထဲမှာ တပည့်တော် တစ်ယောက်ထဲ ဖြစ်နေလို့ ပျင်းမိမယ်ဆိုရင် ခါးက ပလွေကိုထုတ်ပြီး မှုတ်ပါမယ်။ နွားသိုးတွေ နွားမတွေနဲ့ စကားပြောမယ်။ သူတို့အပေါ် တက်စီးမယ်။ နွားကလေးတွေနဲ့ ကစားမယ်။ စမ်းချောင်းထဲ ဒါမှမဟုတ် မြစ်ထဲ ခုန်ဆင်းပြီး ရေချိုးမယ်။ ရေငတ်တယ်ဆိုရင် ဗိုက်ဆာတယ်ဆိုရင် နို့ထွက်တဲ့ နွားမတစ်ကောင်ကောင်ရဲ့ ဗိုက်အောက်ကိုဝင်၊ နို့တံကိုငုံပြီး နို့စို့မယ်။”
ဘုရားရှင်သည် နွားကျောင်းသား သူငယ်ကို ကရုဏာ အပြည့်နှင့် ကြည့်လိုက်ပြီး နှုတ်ဆိတ်နေလေ၏။ သူ အပြင်းအထန် ကြိုးစား၍ သိမြင်ခဲ့ရသော သိမ်မွေ့သည့် တရားတော်ကို သုဒိန္နကဲ့သို့ အသိဉာဏ် နိမ့်ကျသူတို့ လိုက်မမီနိုင်ကြောင်း ဘုရားရှင် သိမြင်တော်မူ၏။ သို့ဖြစ်၍ မည်သို့မည်ပုံ ရှေ့ဆက်ရမည်ကို စူးစမ်းတော်မူ၏။ ကိုယ်ကျင့်တရားနှင့် ပြည့်စုံ၍ အသားတကျ သေသပ်သည့် ဘဝပုံစံအတွက် အကျိုးရှိမည့် ဒေသနာတော်ကို စိတ်ကူးဖြင့် ပုံဖော်တော်မူ၏။ သူ၏ ဒေသနာတော်သည် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကို အခြေခံလေ၏။
လုပ်နေကျအတိုင်း နွားမနှစ်ကောင်ကို နို့ညှစ်မည်ပြုသောအခါ ယခင်က ခွက်တစ်လုံးသာ ရှိခဲ့ရာမှ ယခု ခွက်နှစ်လုံး ဖြစ်နေသည်ကို သုဒိန္န သတိထားမိလိုက်၏။ ထို့နောက် ဘုရားရှင်ကို လျှောက်၏။
“အရှင်ဘုရား . . .။ မနေ့က တစ်နေ့လုံး အရှင်ဘုရားကို မမြင်မိဘူး။ အရှင်ဘုရား ထွက်သွားပြီထင်လို့ တပည့်တော် စိတ်မကောင်း ဖြစ်နေတာ။ အရှင်ဘုရား . . . ဟောဟိုမှာ တော်တော်အဖိုးတန်မယ့် ခွက်တစ်လုံးပါလား။ အဲဒီခွက်နဲ့ တပည့်တော် နို့ညှစ်မယ် ဘုရား . . .။”
“သုဒိန္န . . .။ အဲဒါ မင့်အတွက်။ အဲဒီခွက်ကို မင်းယူလိုက်ပါ။ မင်းကြိုက်သလို လုပ်ပါ။ ငြင်းစရာ အကြောင်းမရှိဘူးဆိုရင် မြေသပိတ်ထဲမှာပဲ နို့ညှစ်လိုက်ပါ။”
သုဒိန္နသည် ပြန်လှန်ငြင်းဆန်ခြင်း မပြုပေ။ ချက်ချင်းပင် မြေသပိတ်ထဲသို့ နို့ညှစ်ထည့်၍ ဘုရားရှင်အား ဆက်ကပ်ပြီး မြေပြင်ပေါ် အလျားမှောက်လျက် ဘုရားရှင်ကို ရှိခိုးဦးခိုက်လေ၏။ ထို့နောက် မတ်တပ်ရပ်ကာ ဘုရားရှင်ကို လျှောက်ထား၏။
“အရှင်ဘုရား . . .။ အရှင်ဘုရား ယူစေချင်တယ်ဆိုရင် သတ္တုခွက်ကို တပည့်တော် ယူလိုက်ပါ့မယ်။ အဲဒီခွက်ကို ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။ လွင်ပြင်ကျယ်ကြီးရဲ့ အလယ်မှာ ရေမရှိဘူး။ အဲဒီခွက်နဲ့ မြစ်ကနေ ရေခပ်ယူလို့ ရတာပေါ့။”
ဘုရားရှင်သည် သုဒိန္နကို သနားကရုဏာ ကြီးမားစွာဖြင့် ကြည့်လိုက်ပြီး မိန့်တော်မူ၏။
“သုဒိန္န . . .။ ပတ်ဝန်းကျင် ရှုမြင်ကွင်းကို အသုံးပြုဖို့ သာယာလှပတဲ့ ဒီတောတောင်ဒေသကို ငါ လာခဲ့တာဆိုရင် ရည်ရွယ်ချက် ပြည့်မြောက်ပြီ။ သုဒိန္န . . .။ မင်းဟာ ငါ့အပေါ်မှာ တကယ့်ကို ကြင်ကြင်နာနာ ရှိခဲ့တာပဲ။ မင်း ချမ်းသာပါစေ။ ငါ ဘုရားမဖြစ်ခင်က ကောင်းမြတ်တဲ့ ဃနာနို့ဆွမ်း ဆက်ကပ်ခဲ့တဲ့ အမျိုးသမီး၊ နန္ဒိက သူကြွယ်ရဲ့ သမီး သုဇာတာကို ပြောလိုက်ပါ။ ဥရုဝေလ တောအုပ်က ငါ ထွက်ခွာသွားပြီလို့ ပြောလိုက်ပါ။”
“အရှင်ဘုရား . . . ဘယ်သွားမှာလဲ ဘုရား . . .”
“ငါ မသိသေးဘူး ကောင်လေး . . .။”
“တပည့်တော် စိတ်မကောင်ပါဘူး အရှင်ဘုရား . . .။ အရှင်ဘုရားလို စကားသိမ်မွေ့တဲ့သူ ဒါမှမဟုတ် အသွင်အပြင် နှစ်သက်စရာကောင်းတဲ့သူကို တပည့်တော် တစ်ခါမှ မတွေ့ဖူးပါ ဘုရား။ အရှင်ဘုရားဟာ တပည့်တော်ရဲ့ နှလုံးသားကို အနိုင်ယူလိုက်ပါပြီ . . .။”
“ကောင်လေး . . . တွယ်တာတပ်မှုတွေကို အောင်နိုင်ထားတဲ့သူတွေဟာ တကယ့်ကိုပဲ ကြည့်ရမြင်ရတာ နှစ်သက်စရာပါ။ သူတို့ဟာ ဘာကိုမှ နှစ်သက်စရာ၊ နာကြည်းစရာရယ်လို့ မသတ်မှတ်ကြဘူး။ အရာအားလုံးကို ညီတူညီမျှထားတဲ့ ဥပေက္ခာတရားနဲ့ ရှုမြင်ကြတယ်။ မင်းနဲ့ငါကြားမှာ တစ်ခုခု ကွဲပြားခြားနားတာ ရှိခဲ့ရင် အဲဒါပါပဲ။ ကောင်လေး သုဒိန္န . . . မင့်အပေါ် ချစ်ခင်မြတ်နိုးတဲ့ ငါနဲ့ ခွဲခွာရတော့ မင်း စိတ်မကောင်း ဖြစ်ရတယ်။ ဒီလို နည်းတူပါပဲ သုဒိန္န . . .။ မင်းချစ်တဲ့ကမ္ဘာ၊ မင်းချစ်တဲ့ မင့်နွားတွေနဲ့ မင်းချစ်တဲ့ ဒီမြက်ခင်းပြင်ကြီးကို မင်းခွဲခွာရမယ့် နေ့တစ်နေ့ ရောက်လာလိမ့်မယ်ဆိုတာ မင်း သိလား။”
“အရှင်ဘုရား . . .။ တကယ် ဖြစ်ရကြုံရတဲ့အခါ တပည့်တော် ဝမ်းနည်းပါတယ်။ အဲဒီလို အခါမျိုးမှာ ဝမ်းနည်းကြေကွဲလိုက်တာပဲ။ ရှေ့မှာ သောကရှိနေတယ်လို့ တွေးပြီး ပူပင်တာမျိုးတော့ မရှိပါဘူး။”ဟု သုဒိန္နက လျှောက်ထား၏။
“ကောင်လေး သုဒိန္န . . .။ မင့်ကို ငါ အပြစ်မတင်ပါဘူး။ လူသားမျိုးဆက် တည်ရှိနေဖို့ မင်းလိုလူမျိုးတွေ လိုအပ်ပါတယ်။ မင့်ကို ငါ အတင်းအဓမ္မ မတိုက်တွန်းပါဘူး။ မွေးသေသံသရာမှာ မင်း ဆန္ဒရှိသလောက်သာ ကျင်လည်ပါတော့။”
သူ ဉာဏ်အလင်း ပေါက်ခဲ့လျှင် တရားဓမ္မ သွန်သင်ဟောကြားဖို့ ကြွရောက်ပါရန် အာဠာရ ကာလာမ နှင့် ဥဒက ရာမပုတ္တတို့ တောင်းပန်ခဲ့သည်ကို ဘုရားရှင် သတိရတော်မူ၏။ သို့သော် သူတို့နှစ်ယောက်လုံး ရက်သတ္တပတ် အနည်းငယ်ခန့်က ကွယ်လွန်ခဲ့ကြသည်ကို ဉာဏ်တော်ဖြင့် သိမြင်လိုက်၏။ ထို့နောက် ဝေသာလီ၌ သူ ဒုက္ကရစရိယာ ကျင့်နေစဉ်က သူ့ကို ကြီးကြီးမားမား ထောက်ပံ့ပေးခဲ့ကြသော ပဉ္စဝဂ္ဂီ ငါးဦးတို့ကို သတိရတော်မူ၏။ ၎င်း ပဉ္စဝဂ္ဂီတို့ ကာသိတိုင်း ဗာရာဏသီအနီးရှိ မိဂဒါဝုန်၌ ရှိနေကြသည်ကိုလည်း သိမြင်တော်မူ၏။ ဘုရားရှင်သည် သပိတ်ကိုပိုက်လျက် မတ်တတ် ရပ်တော်မူလိုက်၏။
လေပြေလေညှင်း တိုက်ခတ်လိုက်သည်တွင် ဗောဓိညောင်ရွက်တို့ တရှီးရှီး တရှဲတရှဲ မြည်သံပြုကြလေ၏။ သူ့ကို အရိပ်မိုး ပေးခဲ့သော၊ သူ့ကိုယ်ကာယ သက်တောင့်သက်သာ ဖြစ်ရေးအတွက် ခိုလှုံရာ ပေးခဲ့သော ဗောဓိပင်၏ ကျေးဇူးတရားကို အောက်မေ့သည့် အနေဖြင့် ဘုရားရှင်သည် ဗောဓိပင်ကို စူးစိုက်၍ ကြည့်တော်မူ၏။ အလားတူပင် တည်ငြိမ်အေးချမ်းမှုနှင့် ပတ်ဝန်းကျင်အလှ ပေးအပ်ခဲ့သော ဥရုဝေလ တောမြိုင်ယံကိုလည်း ကြည့်ရှုတော်မူ၏။ ထို့နောက် မြစ်သို့ ကြွ၍ ကူးဖြတ်ကာ တည်ငြိမ်အေးချမ်းသော အသွင်ကိုဆောင်လျက် မြစ်ကမ်းတစ်လျှောက် သူလာခဲ့ရာ လမ်းအတိုင်း လှမ်းကြွတော်မူလေသတည်း။
Ref:
Portrait of the Buddha (from a Novelist's Pen)
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
No comments:
Post a Comment