Tuesday, July 26, 2011

Wise and Wealthy - ပညာတတ်တဲ့ သူဋ္ဌေး


ဖြေ။  ။ ရှင်းရင်းနဲ့ ရှုပ်ကုန်မလားတော့ မသိဘူး။ :)
(တကယ်တော့ အဖြေက အမေးထဲမှာ ပါပြီးသားပါ။)

- နည်းပညာ ဗဟုသုတလှူဒါန်းခြင်း၊
- ဆုတောင်းခြင်း၊
- အကျိုးပေးခြင်း။

အသိပညာ အတတ်ပညာ ဗဟုသုတကို ဖြန့်ဝေပေးတာဟာ မြင့်မြတ်တဲ့ ကုသိုလ်ပါ။ စိတ်ထားချင်း တူတယ်ဆိုရင် ပစ္စည်းကို လှူတာထက် ကိုယ်သိထားတာကို မျှဝေတာ သင်ပြပေးတာ ပြောပြပေးတာက ပိုပြီး မြင့်မြတ်တာပေါ့။ "တရားအလှူသည် အမြတ်ဆုံး အလှူ"လို့ ဘုရား ဟောတာပဲ။ နည်းပညာဟာ ဘုရားဟောတဲ့ တရားတော် မဟုတ်ပေမယ့် ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ကောင်းရာကောင်းကြောင်း အသုံးချနိုင်တာမို့၊ ဘုရားဟော တရားတော်ကို နည်းပညာနဲ့ ဖြန့်ဝေနိုင်တာမို့ "နည်းပညာ ဗဟုသုတလှူဒါန်းခြင်းသည် အမြတ်ဆုံး အလှူတစ်မျိုး"လို့ ဆိုနိုင်တာပေါ့။

ကုသိုလ်ကောင်းမှု တစ်မျိုးမျိုး ပြုလုပ်ရင် ဆုမတောင်းလည်း ကောင်းကျိုးရပါတယ်။ ဆုတောင်းရင်တော့ ပိုကောင်းတာပေါ့။ ကုသိုလ်လုပ်ပြီး ဆုတောင်းတယ်၊ ရည်ရွယ်ချက်နဲ့ ကုသိုလ်လုပ်တယ်ဆိုရင် ကုသိုလ်အလုပ်ကို လေးလေးနက်နက် လုပ်ဖြစ်တဲ့အတွက် အကျိုးပေး ပိုပြီး ထက်သန်ပါလိမ့်မယ်။

အလှူရေစက် လက်နဲ့မကွာ လှူလာကြတာ ကောင်းတဲ့ အစဉ်အလာပေါ့။ အဲဒါက ပစ္စည်းအလှူ။ ခုလို လုပ်အားဒါန ပညာဒါနလေးတွေလည်း အလှူတစ်မျိုး ကုသိုလ်တစ်မျိုး ဖြစ်ပါတယ်။ ကုသိုလ်ဆိုတာကတော့ များလေကောင်းလေ မဟုတ်လား။ တတ်နိုင်သလောက် ပစ္စည်းလည်းလှူပေါ့။ တတ်နိုင်သလောက် အသိပညာ ဗဟုသုတလည်း ဖြန့်ဝေပေါ့။

ဝတ္ထုပစ္စည်းကို ပေးလှူတာက လောဘကို လျှော့ချတာ။ အကျိုးအနေနဲ့ ကြွယ်ဝချမ်းသာမယ်။ အသိပညာကို ဖြန့်ဝေတာ သင်ပေးတာ (အသိပညာကိုလှူတာ)က မောဟကို လျှော့ချတာ။ အကျိုးအနေနဲ့ ပညာတတ်မယ်။ နှစ်ခုစလုံး အကောင်းချည်းပဲ။ ဘယ်ဟာက ပိုကောင်းသလဲ။ ဘယ်ဟာကို ပိုကြိုက်သလဲ။ နှစ်ခုလုံး မကြိုက်ဘူးလား။

ကုသိုလ်နှစ်မျိုးကြောင့် ရရှိမယ့် အကျိုးနှစ်မျိုးကို ပတ်ချာလှည့် တွဲစပ်ကြည့်ရင် အကျိုးလေးမျိုး ဖြစ်လာမယ်။
- ပညာတတ်တဲ့ သူဌေး၊
- ပညာမတတ်တဲ့ သူဌေး၊
- ပညာတတ်တဲ့ လူမွဲ၊
- ပညာမတတ်တဲ့ လူမွဲ။

ဒီလေးမျိုးထဲမှာ "ပညာတတ်တဲ့ သူဌေး"ဖြစ်ရတာ အကောင်းဆုံးပေါ့။ အကောင်းဆုံးအကျိုး ရဖို့ ကုသိုလ်နှစ်မျိုးလုံး လုပ်ပေတော့။ ပညာ ဘယ်လောက်တတ်မလဲ၊ ပစ္စည်း ဘယ်လောက်ချမ်းသာမလဲ ဆိုတာကတော့ ကုသိုလ်နှစ်မျိုးကို ဘယ်လို ထက်ထက်သန်သန် စင်စင်ကြယ်ကြယ် မွန်မွန်မြတ်မြတ် ပြုလုပ်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်။

:)
ရှင်အာစာရ

No comments:

Post a Comment