Sunday, July 24, 2011

တရားမင်းသခင် - ၁၈။ ဃနာနို့ဆွမ်းခံယူခြင်း


နန္ဒိက သူကြွယ်၏ သမီးကြီး သုဇာတာသည် အနော်မာ မြစ်ကမ်းရှိ ညောင်ပင်ကြီးတစ်ပင်ကို ပိုင်စိုးသည့် နတ်မင်းထံ၌ ဆန္ဒပြည့်ဝရန် ဆုတောင်းထား၏။ ဘဝတစ်ပါး ပြောင်းသွားလေသူ ဆွေဟောင်းမျိုးဟောင်းတို့ ထိုညောင်ပင်ကြီးမှာ နေထိုင်သည်ဟုလည်း ယုံကြည်ထားကြ၏။ သုဇာတာ၏ ဆန္ဒကား အမျိုးနွယ်တူ ဂုဏ်ရည်တူ သတိုးသား တစ်ယောက်နှင့် လက်ထပ်ပြီး သားဦးယောက်ျားလေး ဖွားမြင်ရန် ဖြစ်၏။ ညောင်ပင်ကြီး၌ အဓိဋ္ဌာန်ပြု ဆုတောင်းပြီး နှစ်နှစ်သုံးနှစ် ကြာသောအခါ မျှော်လင့်သည့်အတိုင်း ဆန္ဒပြည့်ဝသည်ဖြစ်၍ သုဇာတာသည် အဓိဋ္ဌာန်အတိုင်း ဆောင်ရွက်ရန် စိတ်ကူးလေ၏။ သို့ဖြစ်၍ ထိုနေ့ အရုဏ်မတက်မီ စောစောထ၍ နွားမရှစ်ကောင်ကို ကိုယ်တိုင် နို့ညှစ်၍ ကိုယ်တိုင်ပင် နို့ဆွမ်းချက်၏။ နို့ဆွမ်း ကျက်ခါနီးသော် ကူညီချက်ပြုတ်နေသည့် ကျွန်မ ပုဏ္ဏကို ပြော၏။

“ပုဏ္ဏ . . . သွားပါ။ ညောင်ပင်အခြေကို သွားပြီးသန့်ရှင်းပါ။ အဲ့ဒီမှာ သဲဖြူ ခင်းပါ။”

နံနက် ဝေလီဝေလင်း အချိန်၌ ကျွန်မပုဏ္ဏသည် လယ်ကွင်းကို ဖြတ်၍ ညောင်ပင်ဆီသို့ သွားနေ၏။ ညောင်ပင်အခြေ၌ တစ်စုံတစ်ရာ ထူးထူးဆန်းဆန်း ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ အံ့သြလွန်းလှသည်ဖြစ်၍ ခြေလှမ်းများကို အရှိန်မြှင့်လိုက်၏။ သစ်ပင်အခြေ၌ ကမ္မဋ္ဌာန်းတရား အားထုတ်နေသော ရဟန်းတစ်ပါးကို ပုဏ္ဏ တွေ့လိုက်ရ၏။ အပင်ကို ကျောမှီပြု၍ မျက်လုံးများ မှိတ်ထားလျက် မလှုပ်မယှက် ရှိနေသော ရဟန်းကို မြင်လိုက်ရသည့်နှင့် တစ်ပြိုင်နက် ပုဏ္ဏသည် ရဟန်းကို လက်အုပ်ချီမိုး ရှိခိုးမိလျက်သား ဖြစ်သွား၏။ ညောင်ပင်မှာနေသော ရုက္ခစိုးသည် ပူဇော်ပသမှုကို ခံယူရန်အတွက် ရသေ့ရဟန်း အသွင်ဖြင့် ညောင်ပင်အောက်သို့ ရောက်လာခြင်း ဖြစ်သည်ဟု ပုဏ္ဏ ယူဆလိုက်၏။ ပုဏ္ဏသည် ရှေ့သို့ဆက်၍ တိုးသွားရန် မဝံ့မရဲ ဖြစ်နေ၏။ ညောင်ပင်နားမှာလည်း ကြာကြာမနေလိုပေ။ သို့ဖြစ်၍ အိမ်သို့ ပြန်ပြေး၏။ ကြောက်လွန်းသဖြင့် နောက်သို့ ပြန်လှည့်မကြည့်နိုင်တော့ပေ။

ထိုအချိန်၌ သုဇာတာသည် အလွန်ပင် စင်ကြယ်သန့်ရှင်း မွန်မြတ်လှသော နို့ဆွမ်းကို ချက်ပြီးနေပြီ ဖြစ်၏။ အထွတ်အမြတ်ဖြစ်သော နို့ဆွမ်း၏ အရသာကို မြည်းစမ်း၍ပင် မကြည့်ခဲ့ပေ။ နို့ဆွမ်းကို ခမ်းနားလှသော ခွက်ကြီးထဲ ထည့်လိုက်ပြီး အဖုံးဖုံးရန် ပြင်ဆင်နေ၏။ ထိုစဉ် သူမဆီသို့ လျှောက်လာနေသော ပုဏ္ဏကို မြင်လိုက်ရ၍ မကျေမချမ်း ဖြစ်မိသည်။

“ပုဏ္ဏ . . . ဘာဖြစ်တာလဲ။ အစောကြီး ပြန်လာတယ် . . .။ ငါ ခိုင်းလိုက်တာများ မေ့လာခဲ့သလား။”

“မဟုတ်ပါဘူး . . . သခင်မ။ ညောင်ပင်ခြေရင်းမှာ . . . အံ့သြစရာ ကောင်းလိုက်တာ သခင်မရယ် . . .။ ညောင်ပင်မှာနေတဲ့ ရုက္ခစိုးနတ်မင်းက လှူဒါန်းပူဇော်တာ ခံယူဖို့ ညောင်ပင်ခြေရင်းမှာ ရသေ့ရဟန်းယောင်ဆောင်ပြီး ရောက်နေတယ်။ ဒီလောက် ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေတာ လူတော့ မဖြစ်နိုင်ဘူး။ နတ်ပဲ ဖြစ်ရမှာ . . .။ အရှင်မြတ်က မျက်လုံးတွေမှိတ်ပြီး တည်တည်ငြိမ်ငြိမ် ထိုင်နေတာ။ နောက်ကျရင် အမျက်ထွက်လိမ့်မယ်။ သခင်မ . . . မြန်မြန်လုပ်ပါ။ ညောင်ပင်ဆီသွားပြီး ပူဇော်ပသပါ။”

“ပုဏ္ဏ . . . နင့် ကြည့်ရတာ တစ်ခုခုကို ကြောက်လန့်နေသလို ပါပဲလား။”

“မဟုတ်ဘူး . . . သခင်မ။ မြန်မြန်သွားပါ။ အံ့သြစရာ ကောင်းလိုက်တာ . . .။”

သုဇာတာသည် မယုံသင်္ကာ ဖြစ်မိသော်လည်း အလွန်ပင် သဘောကျမိ၏။ သူမသည် လက်နှင့်ကိုင်ထားသော ရွှေခွက်ကို ခေါင်းပေါ်တင် ရွက်လိုက်ပြီး ညီမဖြစ်သူ နန္ဒာ ကျွန်မဖြစ်သူ ပုဏ္ဏတို့နှင့်အတူ ညောင်ပင်ကြီးဆီသို့ သွားလေ၏။

“သခင်မ . . . ကြည့်လိုက်စမ်းပါ။ ညောင်ပင်ရင်းမှာ . . . ကြည့်လိုက်စမ်းပါ”ဟု ပုဏ္ဏသည် အဝေးမှပင် အော်နေ၏။

“ပုဏ္ဏ . . . မအော်စမ်းနဲ့။ ဒီလောက် ထူးဆန်းနေတာကို ငါလည်း မြင်တယ်။”

နံနက်ခင်း နေရောင်ခြည်သည် တခဲနက်သော ညောင်ရွက်များကြားမှ တိုးထွက်၍ ညောင်ပင်ခြေရင်းသို့ ကျရောက်လျက် ရှိနေ၏။ ရဟန်းမြတ်သည် သမထကမ္မဋ္ဌာန်းကို ခွာလိုက်ပြီး တစ်ဝက်ဖွင့်သော မျက်လုံးများဖြင့် စားကျက်မြေ အဝေးဆီသို့ ကြည့်နေ၏။ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းလာနေသူ သုဇာတာသည် ရဟန်းမြတ်၏ ရှေ့မှောက်သို့ တိုက်ရိုက် သွားရောက်ရန် ကြောက်ရွံ့မိ၏။ မဝံ့မရဲ မရေမရာ ဖြစ်နေရင်း ဦးခေါင်းကို စွင့်စွင့်ထောင်မတ်လျက် ရဟန်းမြတ်၏ မျက်နှာကို ကြည့်လိုက်၏။ ရဟန်းမြတ်သည် သူ့ထံမှောက်သို့ အရင်ဆုံး ရောက်ရှိလာသူ သုဇာတာကို စိုက်ကြည့်နေ၏။ ထိုစဉ် သုဇာတာ အကြောက်ပြေသွား၏။ သူမ၏ စိတ်၌ အကြင်နာမေတ္တာ နှင့် ကြည်ညိုခြင်း သဒ္ဓါတို့ ပြည့်လျှမ်းသွား၏။ သုဇာတာသည် ရှေ့သို့ ညင်သာစွာ တိုးရွှေ့လိုက်ပြီး။ အရှင်မြတ်ထံ ချဉ်းကပ်၏။ ခေါင်းပေါ်မှ ရွှေခွက်ကို လက်နှင့် မယူလိုက်ပြီး အရှင်မြတ်၏ လက်သို့ ဆက်ကပ်လိုက်ကာ မြေပြင်ပေါ် အလျားမှောက်လျက် အရှင်မြတ်ကို ရှိခိုးဝတ်ပြု၏။ ထို့နောက် ရိုသေစွာ လျှောက်ထားလေ၏။

“အရှင်ဘုရား . . .။ တပည့်တော်မ အဓိဋ္ဌာန်ပြုခဲ့တဲ့အတိုင်း ဆက်ကပ်တဲ့ ဒီဆွမ်းကို လက်ခံတော်မူပါ ဘုရား။ သန့်သန့်ရှင်းရှင်း ချက်ခဲ့တာပါ။ တပည့်တော်မ လက်နဲ့တောင် မတို့မထိခဲ့ရသေးပါ ဘုရား။ တပည့်တော်မရဲ့ လိုအင်ဆန္ဒတွေ ပြည့်ပါပြီ အရှင်ဘုရား . . .။ ကျေးဇူး ကြီးမြတ်လှပါပေတယ် . . .။ တပည့်တော်မကို အထူးအခွင့်အရေး ပေးသနားတဲ့ အနေနဲ့ တပည့်တော်မရဲ့ ဆွမ်းအလှူကို ခံယူဖို့ လူယောင်ဖန်ဆင်းပြီး ရောက်ရှိလာခဲ့တာလို့ တပည့်တော်မ ယူဆမိပါတယ် ဘုရား။ တပည့်တော်မရဲ့ ဘဝမှာ ဒီနေ့ဟာ အောက်မေ့ဖွယ် နေ့တစ်နေ့ ဖြစ်တယ်လို့ ထင်မိပါတယ် ဘုရား။”

“နှမ . . . ထပါ။ မင်း ဘာတွေ အဓိဋ္ဌာန်ခဲ့တယ်ဆိုတာ ငါ မသိပါဘူး။”

သုဇာတာသည် မတ်တပ်ရပ်လိုက်၏။ ထို့နောက် ဦးညွတ်လျက် လက်အုပ်ချီလျက် အလွန်အမင်း အရိုအသေပြုလျက် တိုးလျသော အသံဖြင့် လျှောက်တင်၏။

“အရှင်မြတ် ဘုရား . . .။ ဒီအပင်မှာ နေထိုင်တဲ့ အရှင်မြတ်ဆီမှာ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အဓိဋ္ဌာန်တစ်ခု ပြုခဲ့ပါတယ် ဘုရား။ အဆင့်အတန်းတူသူ တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သားဦးယောက်ျားလေး မွေးဖွားခဲ့မယ်ဆိုရင် ဃနာနို့ဆွမ်းချက်ပြီး ဆက်ကပ်ပါ့မယ်လို့ တပည့်တော်မ အဓိဋ္ဌာန် ပြုခဲ့တာပါ ဘုရား။ တပည့်တော်မရဲ့ လိုအင်ဆန္ဒ ပြည့်ဝပါပြီ . . .။ အဓိဋ္ဌာန် တည်ဆောက်ခဲ့တာကို ဖြည့်ဆည်းတဲ့ အနေနဲ့ အရှင်ဘုရားကို ဃနာနို့ဆွမ်း ဆက်ကပ်ရတာပါ ဘုရား . . .။”

“နှမ . . . ငါပြောတာ ယုံပါ။ ငါဟာ လူယောင်ဆောင်ထားတဲ့ နတ်ဒေဝတာ မဟုတ်ပါဘူး။ ငါဟာ ကြီးကျယ်မြင့်မြတ်တဲ့ ဉာဏ်အလင်း ရရှိဖို့ မျှော်လင့်ချက်နဲ့ ရသေ့ရဟန်း ပြုနေတဲ့ လူသားတစ်ယောက်ပါ။ ဒီအပင်မှာ နေထိုင်တယ်လို့ မင်းထင်ထားတဲ့ နတ်မင်းအတွက် ယူဆောင်လာတဲ့ ဒီ အစားအစာကို ငါ မခံယူသင့်ပါဘူး။ နှစ်မ. . . ငါ့လက်ထဲ ထည့်ထားတဲ့ ဆွမ်းခွက်ကို ပြန်ယူပါ။”

“မဟုတ်သေးပါဘူး အရှင်ဘုရား . . .။ နတ်မင်းက အရှင်ဘုရားကို နှစ်သက်သဘောကျလို့ ခုလို ဖြစ်ခဲ့တာလို့ တပည့်တော် ထင်ပါတယ် ဘုရား။ လူယောင်ဆောင်ထားတဲ့ နတ်တစ်ပါး အနေနဲ့ အရှင်ဘုရားကို တပည့်တော်မ ရိုသေလေးမြတ်ပါတယ် ဘုရား။ အရှင်ဘုရား . . . ဒီ ဃနာနို့ဆွမ်းကို ခံယူဖို့ အနူးအညွတ် တောင်းပန်ပါတယ် ဘုရား”ဟု သုဇာတာက လျှောက်ထား၏။

“ဒီလို ဆိုရင်လည်း ဆွမ်းကို ငါလက်ခံမယ်။ အေးမြတဲ့ မြစ်ရေမှာ ရေချိုးသန့်စင်ပြီးတဲ့အခါ ဆွမ်းကို ငါသုံးဆောင်လိုက်မယ်။ နှမ . . . ငါဟာ ကြီးကျယ်မြင့်မြတ်တဲ့ ဉာဏ်အလင်းကို ရခါနီးနေပြီ။ မင့်ရဲ့ အလှူဟာ ငါ့ရဲ့ ကြိုးပမ်းအားထုတ်မှု ပြီးမြောက်ဖို့ ဖြည့်ဆည်းပေးတဲ့ နိမိတ်ကောင်း တစ်ခုပါပဲ။ ဒါပေမယ့် ဒီခွက်ကတော့ ငါ့အတွက် အသုံးမကျဘူး။”ဟု ဘုရားလောင်းက မိန့်ကြား၏။

“မဟုတ်သေးပါဘူး အရှင်ဘုရား . . .။ ခွက်ကိုပါ လှူတာပါ။ ခွက်လည်း ယူပါ ဘုရား . . .”

“နှမ . . .။ ငါ့မှာ မြေသပိတ် ရှိပါတယ်။”

“အရှင်ဘုရား . . . မြေသပိတ်က ကွဲတတ်ပါတယ်။ တန်ဖိုးလည်း မရှိပါဘူး။ သတ္တုခွက်ဟာ အရှင်ဘုရား အသုံးပြုဖို့ အကောင်းဆုံးပါ ဘုရား . . .။”

“နှမ . . . အရာရာတိုင်းဟာ မတည်မြဲတဲ့ အနိစ္စပါ။ ငါ့လို ရသေ့ရဟန်း တစ်ပါးအတွက် ကွဲပျက်လွယ်တဲ့ မြေသပိတ်ဟာ အကောင်းဆုံး ဖြစ်ပါတယ်။”

“အရှင်ဘုရား သဘောအတိုင်း ရှိပါစေတော့ ဘုရား . . .။ တပည့်တော်ကတော့ ပေးလှူထားပြီးသားကို ပြန်ပြီး မလိုချင်တော့ပါ ဘုရား . . .”ဟု သုဇာတာက လျှောက်ထား၏။

“နှမ . . . မပေးမလှူရသေးတာကိုတော့ တပ်မက်တောင့်တသလား။”

“မှန်လှပါ ဘုရား . . .။ တပည့်တော် ပိုင်ဆိုင်တာတွေကိုတော့ ဂရုစိုက်ရပါတယ် ဘုရား . . .။”

“နှမ . . . ဟုတ်တာပေါ့။ မင်း မှန်ပါတယ်။ အဲဒါဟာ မင်းလို လောကီသား တစ်ယောက်နဲ့ ငါလို ရသေ့ရဟန်းတို့ရဲ့ ထူးခြားချက်ပေါ့။ ငါဟာ လိုချင်တောင့်တမှု တပ်မက်စွဲလမ်းမှု နဲ့ တွေဝေထိုင်းမှိုင်းမှုတွေကို အနိုင်ယူထားလိုက်ပြီ။ ဒါကြောင့် ငါဟာ ဝါဂွမ်းတစ်စလို ပေါ့ပေါ့ပါးပါး နေထိုင်ရှင်သန်တယ်”ဟု ဘုရားလောင်းက မိန့်ကြား၏။

သုဇာတာသည် သိဒ္ဓတ္ထရဟန်း ပြောကြားလိုက်သော စကားများကို မကြားလိုက်မိပေ။ အဘယ့်ကြောင့်ဆိုသော် သူမ မှတ်မိနေသော သိဒ္ဓတ္ထရဟန်း၏ သင်္ကန်းနှင့် စပ်လျဉ်း၍ စဉ်းစားခန်း ဖွင့်နေသောကြောင့် ဖြစ်၏။

“နှမ . . . မင်း ငါ့သင်္ကန်းအကြောင်း စဉ်းစားနေတာလား”ဟု သိဒ္ဓတ္ထရဟန်းက မေး၏။

“မှန်ပါတယ် အရှင်ဘုရား . . .။ အရှင်ဘုရား သင်္ကန်းအကြောင်း တပည့်တော် စဉ်းစားနေတာကို ဘယ်လိုလုပ် သိလိုက်ပါသလဲ ဘုရား။ သူတစ်ပါး စိတ်ကူးကို သိနိုင်တဲ့ အသိဉာဏ် အရှင်ဘုရားမှာ ရှိပါသလား . . .။ သုဿာန်မှာ စွန့်ပစ်ခဲ့တဲ့ အဝတ်စကို အရှင်ဘုရား ဝတ်နေတာလို့ တပည့်တော် ထင်ပါတယ် ဘုရား။ အဲဒါဟာ အစေခံကျွန် ရာဓရဲ့ ရုပ်အလောင်းကို ပတ်ခဲ့တဲ့ အဝတ်စပါ ဘုရား။”

“နှမ . . . ဒီအဝတ်စကို မနေ့ညကမှ သုဿာန်ကနေ ငါ ကောက်ယူခဲ့တာပါ။”

“အို . . . အရှင်ဘုရား . . .။ မသင့်တော်ပါဘူး ဘုရား . . .။ ဒီလို ရွံစရာကောင်းတဲ့ အဝတ်စဟာ အရှင်ဘုရားရဲ့ နူးညံ့သိမ်မွေ့တဲ့ ခန္ဓာကိုယ်ကို ဖုံးလွှမ်းဖို့ မသင့်တော်ပါဘူး ဘုရား။ နံစော်နေတဲ့ ဒီအသုဘ အဝတ်စကို စွန့်ပစ်လိုက်ပါ ဘုရား။ အရှင်ဘုရားကိုယ်မှာ ဆင်မြန်းဖို့ သင့်တော်တဲ့ ဝတ်ရုံကို တပည့်တော် ခုချက်ချင်း သွားယူလိုက်ပါ့မယ် ဘုရား။”

“နှမ . . . အိုတတ်တဲ့သဘော နာတတ်တဲ့သဘောတွေ ရှိနေတဲ့ ဒီခန္ဓာကိုယ်အတွက် ဟို . . . ကာသိတိုင်းဖြစ် ပိုးထည်တွေထက် ဒီလို ရွံစရာကောင်းတဲ့ အသုဘအဝတ်စက ပိုပြီး သင့်တော်ပါတယ်”ဟု သိဒ္ဓတ္ထရဟန်းက မှတ်ချက်ချလိုက်လေ၏။

:)
ရှင်အစာရ


Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

No comments:

Post a Comment