Thursday, July 21, 2011

တရားမင်းသခင် - ၁၇။ ပံသုကူသင်္ကန်း ကောက်ယူခြင်း



ရက်ပေါင်းများစွာ ကုန်လွန်ခဲ့လေပြီ။ နွားကျောင်းသားသည် နွားအုပ်ကြီးနှင့်အတူ နေ့စဉ်ပုံမှန် မြစ်ကို ကူးဖြတ်လျက်ရှိ၏။ စားကျက်မြေမှာ တစ်နေကုန် နွားကျောင်းပြီး ညနေခင်း၌ နွားပြန်သွင်း၏။ သိဒ္ဓတ္ထ ရဟန်းသည်ကား တောအုပ်အတွင်း ကမ္မဋ္ဌာန်း ရှုမှတ်ရင်း နေ့ခင်းကာလကို ကုန်လွန်စေ၏။ မှောင်ရီပျိုးချိန်၌ သူ နားခိုရာ အင်ကြင်းပင်ကြီးဆီသို့ ပြန်လာပြီး အင်ကြင်းရိပ်၌ တည်ရှိသည့် ကျောက်ဖျာတစ်ခုပေါ်မှာ အနားယူလေ၏။

တစ်ညသ၌ ကြီးမားကျယ်ပြန့်သည့် ဥရုဝေလ မြက်ခင်းပြင်ပေါ်မှာ လရောင်ဖြာဆင်းလျက် ရှိနေ၏။ တောအုပ်အတွင်း၌လည်းကောင်း၊ စားကျက်မြေအနှံ့ တည်ရှိနေသည့် သစ်ပင်ကြီးများ၏ အရိပ်တို့၌လည်းကောင်း ကြောက်မက်ဖွယ် ညသတ္တဝါများ စူးစူးဝါးဝါး အော်ဟစ်တွန်မြည်လျက် ရှိကြ၏။ သေနာနိရွာ သုဿာန်မှ မြေခွေးတို့၏ အူသံရှည်များကို ကြားနေရသည်။

လရောင်ဆန်းထားသည့် ထူးဆန်းသော ထိုည၌ သိဒ္ဓတ္ထ ရဟန်းသည် နိုးနိုးကြားကြား ရှိနေ၏။ သူသည် ဟောင်းနွမ်းစုတ်ပြတ်နေသည့် သင်္ကန်းကို ဝတ်ဆင်ထား၏။ လရောင်ဖြာဝင်းနေသော မြက်ခင်းပြင်ကို ဖြတ်လျှောက်လျက် ရှိနေ၏။ မြေခွေးအူသံများ ကြားရရာ အရပ်ဆီသို့ သွားနေခြင်း ဖြစ်ပေသည်။

အမှောင်ရိပ် ကျရောက်ရာ နေရာတို့သည် ထိတ်လန့်စရာ ကောင်းနေ၏။ သစ်ကိုင်းများ လှုပ်ခတ်လိုက်တိုင်း စိုးရွံ့စရာ ဖြစ်နေ၏။ တိတ်ဆိတ်၍ မှောင်မဲနေသော ညသည် ကြောက်မက်ဖွယ်ရာများကို ထုပ်ပိုးထား၏။ ခွေးဟောင်သံ သားရဲအူသံများ ဟိုမှသည်မှ ထွက်ပေါ်လာတတ်သည်။ သစ်ကိုင်းများ ကျိုးကျတတ်သည်။ သစ်ရွက်တို့ လှုပ်ခတ်နေသည်။ ဝန်လိုငှက်များ အော်မြည်ငြီးတွား နေကြရင်း ရပ်တန့်သွားရာ ရုတ်တရက် ထိတ်စရာ ကောင်းလောက်သည့် တိတ်ဆိတ်မှုကြီး မင်းမူသွား၏။ နှလုံးကွဲစေနိုင်လောက်သည့် ထိတ်လန့်ဖွယ်ရာကို ခံစားရ၏။

ခြေလှမ်း လှမ်းလိုက်တိုင်း ထိတ်လန့်စရာ တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်ပေါ်နေသော ထူးဆန်းသည့် ဤလိုညမျိုး၌ အကြောက်အရွံ့ ကင်းမဲ့သူ သိဒ္ဓတ္ထ ရဟန်းသည် အစုလိုက် အစုလိုက် တည်ရှိသည့် သစ်ပင်ရိပ်မဲမဲတို့ ဝိုင်းရံထားသော သုဿာန်သင်္ချိုင်း အတွင်းသို့ လှမ်းဝင်သွားလေ၏။

သုဿာန်အတွင်း တစ်နေရာ၌ မြေခွေးများ ဝိုင်းအုံနေကြသည်။ စူးရှသော အပုပ်နံ့တစ်ခု ပြန့်နှံ့လျက် ရှိနေ၏။ မန်ဖီငြီးတွားလျက် ရှိနေကြသော မြေခွေးတို့သည် တစ်စုံတစ်ရာကို ဝိုင်းအုံဆွဲရမ်း စားသောက်နေကြခြင်း ဖြစ်၏။ ထိုမြေခွေးတို့၏ အစာကား နန္ဒိက သူကြွယ်၏ အစေခံကျွန်ဖြစ်သော ရာဓ၏ ရုပ်အလောင်း ဖြစ်၏။ မနှစ်မျို့ဖွယ် လူသေကောင် အပုပ်နံ့သည် နေရာတိုင်းမှာ ထွက်ပေါ်ပြန့်နှံ့နေ၏။ အာသာငန်းငန်း မြေခွေးတို့၏ ထက်မြသော သွားစွယ်ဖွေးဖွေးများနှင့် တောက်ပသော မျက်လုံးများတို့သည် လျှစ်စီးရောင်ကဲ့သို့ တလက်လက် တောက်ပနေ၏။ သိဒ္ဓတ္ထ ရဟန်းသည် မနှေးမမြန် ပုံမှန်ခြေလှမ်းဖြင့် လှမ်းနေ၏။ ယခုကဲ့သို့ လရောင်အလင်းအောက်၌ ရှိနေသော သူ၏ သိမ်မွေ့သော မျက်နှာထားသည် နေ့အခါမှာကဲ့သို့ပင် ကြည်လင်နေ၏။

သိဒ္ဓတ္ထရဟန်း အနီးသို့ ရောက်လာချိန်၌ မြေခွေးတို့သည် အလောင်းကောင်၏ အရိုးတို့ကို ကိုက်မိနေကြလေပြီ။ အချို့က ကလီစာတို့ကို ဆွဲနေကြ၏။ အချို့က အသားကို စားလျက် ရှိကြ၏။ အချို့က သွားကြိတ်လျက် မာန်ဖီလျက် အမြီးကုတ်ကာ မြေပေါ်မှာ ငြိမ်သက်စွာ ဝပ်လျက်နှင့် ရန်စောင်နေကြ၏။

သိဒ္ဓတ္ထ ရဟန်းသည် သွေးပြည်တို့ ပေကျံနေပြီး ပုပ်အဲ့အဲ့ အနံ့ထွက်နေသော သူသေကောင်မှ ကျွတ်ထွက်လာသည့် အဝတ်စကို ညာလက်ဖြင့် ကောက်ယူလိုက်၏။ ထိုစဉ် သူသည် နှာခေါင်းလည်းမပိတ် မျက်လုံးလည်း မမှိတ်ပေ။ လက်ဖျားနှင့်ပင် ထိချင်စရာ မကောင်းသော အလောင်းပတ်သည့် အဝတ်စကို ညာလက်ဖြင့် ကောက်ယူပြီးသော သိဒ္ဓတ္ထ ရဟန်းသည် သူလာရာ လမ်းအတိုင်း အနော်မာ မြစ်ကမ်းဆီသို့ ပြန်လျှောက်သွား၏။ ထို့နောက် အဝတ်စကို မြစ်ရေမှာ စင်အောင် ဆေးလျှော်၏။ နောက်ဆုံး၌ ရေများကို ညှစ်လိမ်ထုတ်လိုက်လေသည်။



Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

No comments:

Post a Comment