Tuesday, July 19, 2011

Provision - ရိက္ခာ


သွေးသား တော်စပ်သူဖြစ်ဖြစ်၊ သွေးသားမတော်စပ်ဘဲ တစ်နည်းနည်းနှင့် ပတ်သက်နေသူပဲဖြစ်ဖြစ် သက်ဆိုင်သူ တစ်ဦးတစ်ရောက် ဘဝတစ်ပါး ပြောင်းသွား ကွယ်လွန်တဲ့အခါမှာ သွားလေသူကို ရည်ရွယ်ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကြတာဟာ မြန်မာဗုဒ္ဓဘာသာတို့ရဲ့ တာဝန်ဝတ္တရား ဖြစ်ပါတယ်။ ယဉ်ကျေးမှုတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

သွားလေသူအတွက် ကုသိုလ်ပြုရာမှာ ကွယ်လွန်သူအတွက်နဲ့ ကျန်ရစ်သူအတွက်ဆိုပြီး အကျိုးစီးပွား နှစ်မျိုး မျှော်လင့်ထားကြပါတယ်။ သူ့အတွက် ရိက္ခာဖြည့်ပေးတဲ့သဘော၊ ကိုယ့်အတွက် ရိက္ခာထုပ်တဲ့သဘော ဖြစ်ပါတယ်။ ဒါပေမယ့် သွားလေသူကို အမျှပေးဝေဖို့ ကုသိုလ်ကောင်းမှု  ပြုလုပ်တဲ့အခါမှာ သေချာမှုနဲ့ မသေချာမှုတို့ ပါဝင်နေပါတယ်။ ကောင်းမှုရဲ့ အကျိုးအာနိသင်ကို ကွယ်လွန်တဲ့သူတို့ ရမရ မသေချာပါဘူး။ လက်တွေ့ဆောင်ရွက်ကြတဲ့ ကျန်ရစ်သူမိသားစု ကုသိုလ်ရတာကတော့ သေချာပါတယ်။ ကုသိုလ်ရေး သက်သက်သာ ကြည့်မယ်ဆိုရင်တော့ သေချာတာကိုသာ ဦးစားပေးသင့်ပါတယ်။ ဒါမှသာ ကောင်းမြတ်တဲ့ အကျိုးကို မုချခံစားရမှာဖြစ်ပါတယ်။ မပိုင်တဲ့အလုပ် မပီတဲ့ကိစ္စကို ဆောင်ရွက်လို့တော့ အကျိုးရလာဒ် မသေချာပါဘူး။ လုပ်သမျှ အရာထင်ဖို့ သေချာတာကို အပီအပြင် ဆောင်ရွက်ဖို့လိုပါတယ်။ (နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတဲ့စတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုရင်တော့ တစ်မျိုးပေါ့။)

ကျန်ရစ်သူတွေ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုကို ဘဝပြောင်း သွားသူက မြင်သိနိုင်ပြီး ဝမ်းမြောက်သာဓုခေါ်နိုင်မှ ကွယ်လွန်သူ အကျိုးခံစားရပါတယ်။ ကျန်ရစ်သူတွေ ပြုလုပ်ကြတဲ့ကောင်းမှုကို ဘဝပြောင်းသွားသူတွေ မြင်နိုင် မမြင်နိုင်ဆိုတာ မသေချာပါဘူး။ ဘယ်ဘဝရောက်နေ ကြသလဲ မသိနိုင်ပါဘူး။ ကောင်းမြတ်တဲ့ အထက်အထက် နတ်ချမ်းသာကို ခံစားနေကြရင် ဒီကသာ သူတို့အတွက် ရည်ရွယ်ပြီး ကောင်းမှုတွေ လုပ်ပေးနေရတယ်၊ သူတို့ကတော့ သူတို့စည်းစိမ်နဲ့သူတို့ ဟန်ကျနေလို့ ဒီကလူတွေကို သတိရမှာ မဟုတ်ပါဘူး။ ဒါမှမဟုတ် ငရဲမှာ ကော့နေတယ်ဆိုရင်လည်း ဒီကလုပ်နေတဲ့ ကောင်းမှုကို ဘယ်သိနိုင်မလဲ။ လူ့ဘဝ လူ့ပဋိသန္ဓေကို ရတယ်ဆိုရင်လည်း ဘဝသစ်မှာ ဆွေသစ်မျိုးသစ် မိတ်သစ်ဆွေသစ်တွေနဲ့ ပျော်နေရောပေါ့။ တိရစ္ဆာန် ဖြစ်ရတယ် ဆိုရင်တော့ စဉ်းစားစရာတောင် မလိုပါဘူး။

သွားလေသူတို့ရဲ့ လားရာဂတိ ရောက်ရာဘဝကို မသိနိုင်တဲ့အတွက် သူ့အတွက် ရည်ရွယ်တဲ့ ကုသိုလ်ကို တွေ့မြင် ကြားသိနိုင်တဲ့ နတ်ဖြစ်နေမယ်၊ ပြိတ္တာဖြစ်နေမယ်ဆိုရင် သူတို့အကျိုးရှိပါစေလို့ ရည်ရွယ်ပြီး ဝတ္တရားအတိုင်း ဆောင်ရွက်ပေးကြရတာပါ။ သူတို့သိသိ မသိသိ၊ ဘဝပြောင်းသွားသူတွေ အကျိုးရရ မရရ ကိုယ်တိုင်ကုသိုလ်ပြုလုပ်သူတို့ မုချကောင်းကျိုးရ မှာပါပဲ။ ဒီလို ကံရဲ့အကျိုးကို ယုံတယ်ဆိုရင် သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။ ဒီသမ္မာဒိဋ္ဌိ၊ ကောင်းမြတ်တဲ့ ဥာဏ်အမြင်က ကိုယ့်ကို မုချ ကောင်ကျိုး ပေးမှာပါ။

နောက်ထပ် မသေချာတာတစ်ခုက အလှူခံပုဂ္ဂိုလ်နဲ့ ပတ်သက်နေပါတယ်။ အလှူရှင်တို့ရဲ့ ရည်ရွယ်ချက်က သာသနာအတွက် ဖြစ်ပေမယ့် အလှူဝတ္ထုကို သာသနာအတွက် တကယ်အသုံးချ မချ အလှူရှင်တို့ မသိနိုင်ဘူး။ အလှူရှင်ရဲ့ လှူဖွယ်ဝတ္ထုကို အလှူခံပုဂ္ဂိုလ်က ဘယ်လိုအသုံးချမှာလဲ။ သာသနာတော် တစ်ရပ်လုံး အတွက်လား၊ ပုဂ္ဂလိက ဆန္ဒအတွက်လား။ ဖြစ်နိုင်ခြေတွေက အများကြီးပါ။ သာသနာအတွက် အကျိုးရှိရှိ မရှိရှိ အလှူရှင်တို့ ဒါနမြောက်ပါတယ်။

မသေချာတာတွေနဲ့ ဝေ့မနေဘဲ သေချာတာကိုပဲ လုပ်ရမှာပါ။ သွားလေသူ နည်းတူပဲ ကျန်ရစ်သူတွေလည်း တစ်နေ့ သေလမ်းရောက်ကြရမှာပါ။ သွားမည့်သူတွေပေါ့။ အဲဒီလို ဘဝကူးတဲ့အခါ ကျန်ခဲ့တဲ့ သားမြေးတွေက မိမိတို့အတွက် ရည်စူးပြီး ကုသိုလ်ပြုကြပါလိမ့်ဦးမယ်။ အဲဒါကို မိမိတို့ သာဓုခေါ်ခွင့် ရကြပါ့မလား။ မသေချာပါဘူး။ ပုထုဇဉ်တို့ သဘာဝအတိုင်း သံသရာမှာ ပရမ်းပတာ ကျင်လည်ရရင် သားမြေးတွေရဲ့ အမျှဝေသံဆိုတာ ကိုယ်နဲ့မဆိုင်သလောက် ပါပဲ။ ဘဝကူးပြီးမှ သူများဆီက ကုသိုလ်အမျှကို လက်ဝေခံလုပ်ရတာ မသေချာပါဘူး။  ဒီတော့ မသေခင် ကတည်းက ကိုယ်ပိုင်ကုသိုလ်ကို ကိုယ်တိုင်ပြုလုပ်ထားရပါမယ်။ ကိုယ့်ရိက္ခာ ကိုယ်စုထားရပါမယ်။ ဒါမှသာ ဂတိကောင်းမယ်။ သံသရာ အတွက်စိတ်အေးရမယ် မဟုတ်ပါလား။

သာရေးပဲဖြစ်ဖြစ် နာရေးပဲဖြစ်ဖြစ် ဒါနပြုရာမှာ အလှူခံ အယုတ်အမြတ်အလိုက် ကောင်းကျိုးနိမ့်မြင့် ကွဲပြားပါတယ်။ လယ်ယာမြေ ကောင်းမှ စိုက်ပျိုးတဲ့သီးနှံ ထွန်းကားသလို အလှူခံမြင့်မြတ်မှ ဒါနအကျိုးပေး ကြီးမြတ်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ သာမန်ပုဂ္ဂိုလ်တွေ အတွက်ပဲ ဖြစ်ပါတယ်။
ကုသိုလ်ပြုရာမှာ ဘုရားလောင်းတို့ ထုံးကို နှလုံးမူသင့်ပါတယ်။ ရှေးဘုရားလောင်း တို့ဟာ ဒါနပြုရာမှာ အလှူခံပုဂ္ဂိုလ် မခွဲခြားပါဘူး။ ဂေါတမဘုရား အလောင်းတော် ပါရမီဖြည့်ခဲ့တဲ့ ဘဝတွေထဲက သုမေဓာ ရှင်ရသေ့ဘဝနဲ့ ဝေဿန္တရာမင်းဘဝကို ယှဉ်ကြည့်ရင် အလောင်းတော်ဟာ သုမေဓာဘဝမှာ နုသေးတယ်။ ဝေဿန္တရာ ဘဝကျတော့ တော်တော်ကြီး ရင့်ကျက်နေပြီ။ ရင့်ကျက်တဲ့ဘဝနဲ့ မရင့်ကျက် သေးတဲ့ဘဝ၊ ဘဝနှစ်ခုမှာ အလောင်းတော် ပါရမီကုသိုလ် ပြုဆည်းပူးခဲ့တာကို ယှဉ်ကြည့်သင့်ပါတယ်။ သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာမြတ်စွာဘုရား ကြွလာမယ့်လမ်းကို ခင်းကျင်းပြင်ဆင်တယ်။ လမ်းခင်းလို့ မပြီးခင်မှာ ဘုရားရှင် ကြွတော်မူလာလို့ ရှင်ရသေ့က သူ့ခန္ဓာကိုယ်ကို တံတားထိုးပေးတယ်။ ဒီလို ခန္ဓာကိုယ်နဲ့ရင်းပြီး ကုသိုလ်ပြုနိုင်တာ တစ်ဖက်ကဘုရားဖြစ်နေလို့ပဲ။ ဒီလို စဉ်စားနိုင်ပါတယ်။

အခုမှဗျာဒိတ် စရမယ့်၊ သူဌေးဘဝက ဆင်းသက်လာတဲ့ ပုထဇဉ်သုမေဓာ ရှင်ရသေ့က တော်ရုံတန်ရုံ သာမန်လူအတွက် ဒီလောက်ထိ ရက်ရောနိုင်ပါ့မလား။ စဉ်းစားစရာပဲ။ ခန္ဓာကိုယ်ကို တံတားအဖြစ်ပေးလှူတဲ့ ဘုရားလောင်းမှာ တစ်ဘက်ကအလှူခံကို ငဲ့ကွက်တဲ့စိတ် ရှိမယ်ဆို ရှိနိုင်ပါသေးတယ်။

ဒါပေမယ့် ဝေဿန္တရာမင်းဘဝကိုကြည့်ပါ။ အလှူရဲ မင်းဝေဿန်တဲ့။ အလောင်းတော်ဟာ အလှူ အလွန်ရက်ရောတယ်။ အလှူရက်ရောလွန်းလို့ တိုင်းပြည်က နှင်ထုတ်ခံရတဲ့အထိပဲ။ တိုင်းပြည်က ကန့်ကွက်ပေမယ့်လည်း အလောင်းတော်က အလှူမရပ်ပါဘူး။ ရက်ရောတုန်းပါပဲ။ တိုင်းပြည်က နှင်ထုတ်လိုက်လို့ ဟိမဝန္တာတောထဲ ထွက်လာတော့ စူဇကာပုဏ္ဏားက တောထဲအထိလိုက်ပြီး သားတော်နဲ့ သမီးတော်ကို ကျွန်အဖြစ် ခိုင်းစေဖို့ အလှူခံတယ်။ အလောင်းတော်က လှူရဖို့အဓိကပဲ။ သားသမီးနှစ်ယောက်စလုံး လှူလိုက်တယ်။ စူဇကာပုဏ္ဏားဘာလဲဆိုတာ အလောင်းတော် ထည့်မစဉ်းစား ပါဘူး။ သိကြားမင်းက ပုဏ္ဏာယောင်ဆောင်ပြီး မဒ္ဒီမိဖုရားကို အလှူခံတော့လည်း လှူလိုက်တာပဲ။ အလှူခံမရွေး ပါဘူး။

အလောင်းတော် ပါရမီဖြည့်ခဲ့တဲ့ ဘဝနှစ်ခုကိုယှဉ်ကြည့်ပါ။  ဒီပင်္ကရာမြတ်စွာဘုရားထံမှာ ခန္ဓာကိုယ် တံတားခင်းလှူခဲ့တဲ့ အလှူနဲ့ စူဇကာပုဏ္ဏားကို သားသမီးလှူလိုက်တဲ့အလှူ ဘယ်အလှူကပိုမြတ်မလဲ။ ဝေဿန္တရာမင်းဘဝမှာ အလောင်းတော်ဟာ ပါရမီတွေ ရင့်ကျက်နေလှပြီ။ သုမေဓာရှင်ရသေ့ ဘဝမှာတော့ နုသေးတယ်။ ရင့်ကျက်သူတို့ရဲ့ အမှုကိစ္စဟာ မရင့်ကျက်သေးသူတို့ရဲ့ အမှုကိစ္စထက် မြင့်မြတ်ပါတယ်။ ဘုရားလောင်းရဲ့ ဘဝနှစ်ခု ပါရမီအနုအရင့်ကိုကြည့်ပြီး အလှူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါ။

ပြောချင်တာက ဝေဿန္တရာမင်းဘဝမှာ အလှူခံကိုမကြည့်ဘဲ ရက်ရက်ရောရောလှူနိုင်တာဟာ ပါရမီတော်တွေ အလွန်ရင့်ကျက်နေပြီဖြစ်တဲ့ အတွက်ကြောင့်ပဲ။ ဒါပြောချင်တာပါ။ ဒီအတိုင်းပဲ အလှူခံပုဂ္ဂိုလ် ဘာဖြစ်နေနေ ကိုယ့်ရဲ့အလှူ ပါရမီမြောက်ဖို့ အရေးကြီးပါတယ်။

အလောင်းတော် အရင့်အမာကြီးတွေဟာ အလှူခံပုဂ္ဂိုလ် မရွေးခြယ်ပါဘူး။ အလှူခံပုဂ္ဂိုလ် မြင့်မြတ်ရင် အကျိုးပေး ကြီးမြတ်မှာပဲလို့ ကိုယ့်အကျိုးကို မျှော်လင့်ထားရင် အလှူခံပုဂ္ဂိုလ် မခွဲခြားဘဲ ဒါနမြောက်ဖို့၊ ပါရမီပြည့်ဖို့ရည်ရွယ် လှူဒါန်းတာလောက် မမြင့်မြတ်ပါဘူး။ ရိက္ခာထုပ် မခိုင်ပါဘူး။

 ဒီတော့ သေသူကို ရည်ရွယ်တာပဲဖြစ်ဖြစ် အလွတ်သဘော ကုသိုလ်ပြုတာ သက်သက်ပဲဖြစ်ဖြစ် ပေးလှူစွန့်ကြဲတဲ့ အခါတိုင်း  အလှူဝတ္ထု အပေါ်မှာ တပ်မက်စွဲလန်းထားတဲ့ တဏှာလောဘကို ပယ်ခွာ သုတ်သင်လိုက်နိုင်ဖို့သာ အဓိက ကျပါတယ်။ ကိုယ့်အလှူကိုယ် ဝမ်းမြောက်ကျေနပ် နိုင်ရပါမယ်။ နောင်အခါ အပရစေတနာဖြစ်လို့ ပြုပြုသမျှကုသိုလ်ကို ပြန်သတိရ ဝမ်းမြောက်ရင်လည်း ဒါနပြုလုပ်ပြီး လောဘကွာကျ သွားတာကိုပဲ အလေးပေးအောက်မေ့ နိုင်ရပါမယ်။ 

ကုသိုလ်တစ်ခုပြုမိရင် နောက်ဆက်တွဲ အခြံအရံ ကုသိုလ်တွေ တဆက်ကြီး တစဉ်ကြီး ပွားလာတတ်ပါတယ်။ အဓိကဖြစ်တဲ့ ဒါနကုသိုလ်ကို အကြောင်းပြုပြီး သီလဆောက်တည်ကြတယ်။ သီလကုသိုလ်။ ဘာသာရေးအသိ တိုးပွားရာတိုးပွားကြောင်း တရားနာကြတယ်။ ဓမ္မဿဝနကုသိုလ်။ ဒါန၊ ပိုင်ဆိုင်ထား တာတွေထဲက ခွဲဝေလှူဒါန်းလိုက်တော့ လောဘပါးသွားတယ်။ အလှူခံပုဂ္ဂိုလ်နဲ့ အလှူပွဲလာကြသူတွေကို မေတ္တာ ထားတဲ့အတွက် ဒေါသကို သိမ်းဆည်းထားရာ ရောက်တယ်။ တရားနာပြီး အသိအမြင်၊ ဥာဏ်အလင်း တိုပွားလာလို့ မောဟအမိုက်အမှောင် လျော့သွားတယ်။ ဘယ်ကုသိုလ်ကို အကြောင်းပြုပြီး ဘယ်လို ကုသိုလ်တွေပဲပွားပွား လောဘ ဒေါသ မောဟတရားဆိုးတွေ ချုပ်ပျောက်ဖို့ ဖြစ်တယ်ဆိုတာ နားလည်ထားရမယ်။ လောဘပါးမသွားဘူး၊ ဒေါသကိုလျှော့မချနိုင်ဘူး၊ မောဟလျော့ကျ မသွားဘူးဆိုရင် အမည် ပညတ်အားဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်တယ်လို့ ပြောကြပေမယ့် ကြီးမြတ်တဲ့ ကုသိုလ်မရပါဘူး။ ဆင်မသင့်ရင် ကုသိုလ်လုပ်ရင်း အကုသိုလ်တောင် ပါလာတတ်သေးတယ်။ ကိုယ်က သံသရာရိက္ခာဆိုပြီး စုဆောင်းထုပ်ပိုးနေရင်း အမှိုက်ထုပ် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကုသိုလ်လုပ်တယ်လို့ နာမည်ခံထားရင် တကယ်ကုသိုလ်ရအောင် ကြိုးစားဖို့လိုပါတယ်။ ကုသိုလ်လုပ်ရင်း အကုသိုလ် အပြစ်မသင့်အောင် သတိထား ဆောင်ရွက်သင့်ပါတယ်။

နောက်နောင်ဘဝ သံသရာအတွက် မသေခင်၊ ကျန်းမာနေစဉ်မှာ ကုသိုလ်တွေများများ စုဆောင်းကြပါ။ ကိုယ့်ရိက္ခာ ကိုယ်ထုပ်ကြပါ။ နောက်ဘဝကျမှ သူများမျှဝေပေးမယ့် ကုသိုလ် သူများဖြည့်ပေးမယ့် ရိက္ခာကို စောင့်စားဖို့စိတ် မကူးကြပါနဲ့။ ဘယ်လို ကုသိုလ်ပဲလုပ်လုပ် ပတ်ဝန်းကျင်ကို၊ ကိုယ့်ကုသိုလ်နဲ့ ဆက်စပ် နေသမျှကို သိပ်အလေး မထားကြပါနဲ့။ ကိုယ့်ကုသိုလ် ပါရမီမြောက်ဖို့ပဲ အဓိကထား ဆောင်ရွက်ကြပါ။ ကုသိုလ်ကောင်းမှု ပြုတိုင်း ပြုတိုင်း လောဘ ဒေါသ မောဟ တရားဆိုးတွေကို ပယ်သတ်နိုင်ဖို့ စိတ်သန်ထားကြပါလို့ တိုက်တွန်းလိုပါတယ်။ ကုသိုလ်ပြုတဲ့ အခါမှာတောင် ကြားဝင်ပါလာတတ်တဲ့ အကုသိုလ်အဖျက်တရား အမှိုက်စုပ်တွေကို ပညာ သတိနဲ့ တားမြစ် ဖယ်ထုပ်ကြပြီး ပါရမီကုသိုလ်ထုပ်ကို သန့်သန့်လေး ပြင်ဆင်ထုပ်ပိုး နိုင်ကြပါစေ။ ဘဝ သံသရာမှာ အားကိုးလောက်တဲ့ ကိုယ်ပိုင်ကုသိုလ်တွေ ပိုင်ပိုင်နိုင်နိုင် ပြုလုပ်ဆည်းပူးနိုင်ကြပါစေ။

:)
ရှင်အာစာရ

No comments:

Post a Comment