Wednesday, July 13, 2011

တရားမင်းသခင် - ၁၆။ နို့ဆွမ်းခံယူခြင်း


နေရဉ္ဇရာမြစ်သည် ဖြူဖြူနုနု သဲသောင်ကမ်းစပ်ကို ပွတ်တိုက်ဆော့ကစားရင်း တငြိမ့်ငြိမ့် စီးဆင်းနေ၏။ မြစ်ကမ်းနှစ်ဘက်လုံး၌ စိမ်းစိုညို့မှိုင်းသော တောအုပ်များ အခန့်သား တည်ရှိနေ၏။ တောအုပ်များ မြောက်ဘက်၌  ဂိဇ္ဈကုဋ် နှင့် ပဏ္ဍဝဟူသော ရာဇဂြိုဟ်တွင် ထင်ရှားသည့် တောင်နှစ်လုံးကို လှမ်းမြင်နေရ၏။ ကျယ်ပြန်သော တောရိပ်တောရေးသည် တောင်နှစ်လုံးအထိ နှံ့စပ်လျက် ရှိနေ၏။ တောအုပ်အစွန်ရှိ ကျယ်ပြန့်သော စားကျက်မြေအနီး၌ သေနာနိရွာ တည်ရှိ၏။ ထိုဒေသ၌ ကျေးငှက်သာရကာတို့ တစ်နေ့လုံး ပျော်ပျော်ရွှင်ရွှင် တေးသီကျူးလျက် ရှိကြ၏။ လေပြေလေညှင်းတို့သည် သစ်ကိုင်းသစ်ရွက်တို့ကို လှုပ်ခပ်ဆော့ကစားလျက် ရှိနေ၏။

ဖြူဖွေးနုရွသော သဲသောင်ကမ်းခြေတစ်လျှောက် လျှောက်လှမ်းလာခဲ့သော သိဒ္ဓတ္ထရဟန်းသည် ပင်လုံးကျွတ် ပွင့်နေသော အင်ကြင်းပင်ကြီးအောက်၌ ရပ်တန့်လိုက်သည်။ အင်ကြင်းပင်ကြီး၏ နောက်၌ကား မြိုင်မြိုင်ဆိုင်ဆိုင် ဖူးပွင့်နေသည့် ပန်းပင်များ နှင့် ရွှန်းလဲ့တောက်ပစွာ ဝေဆာနေသည့် နွယ်ပန်းများ ပန်းရုံဖွဲ့လျက် ရှိနေ၏။ ငြိမ်းချမ်း၍ နှစ်သက်ဖွယ်ကောင်းသော ဤပတ်ဝန်းကျင်သည် သိဒ္ဓတ္ထရဟန်း၏ နှလုံးသားကို ဆွဲဆောင်သိမ်းပိုက်လိုက်၏။ သိဒ္ဓတ္ထ ရဟန်းသည် ဝေးလံသော ခရီးကို ခြေလျင်လျှောက်ခဲ့ရသည်ဖြစ်၍ ပင်ပန်းနွမ်းနယ်နေသဖြင့် မြစ်သို့ဆင်းကာ ရေချိုးလိုစိတ် ဖြစ်ပေါ်မိ၏။ သင်္ကန်းတို့ကို ချွတ်၍ အင်ကြင်းပင်ကြီးအောက်၌ ထားခဲ့ပြီး မြစ်သို့ ဆင်းလေ၏။ ဟိုအဝေး သေနာနိရွာဆီမှ ခွေးဟောင်သံကို ကြားလိုက်ရ၏။ အနီးပတ်ဝန်းကျင်၌ လူသူရှိနေသည့် သင်္ကေတပင် ဖြစ်၏။ ခွေးဟောင်သံ ကြားရသော်လည်း လူသံသူသံကိုကား မကြားရပေ။

မြစ်ရေသည် ကြည်လင်သန့်ရှင်းနေ၏။ မြစ်အောက်ခြေ၌ တောက်ပြောင်နေသည့် ကျောက်စရစ်ခဲများကို မြင်နေရ၏။ တောက်ပြောင်နေသည့် ကျောက်စရစ်ခဲများပေါ်သို့ သိဒ္ဓတ္ထရဟန်း နင်းချလိုက်ရာ မြစ်ရေသည် အခြေပျက်သွား၏။ အောက်ခြေ၌ ငြိမ်ဝပ်နေသည့် ရွှံ့ညွန်တို့ အနယ်ထလာသည်။ အထင်းသား မြင်ခဲ့ရသော ကျောက်စရစ်ခဲများကို မမြင်ရတော့ပေ။ သိဒ္ဓတ္ထရဟန်းသည် အနယ်ထလာသော ရွှံ့ညွန်များ ပြန်လည်ငြိမ်ဝပ်သွားသည်အထိ မြစ်ရေထဲ၌ မလှုပ်မယှက် ရပ်နေလိုက်၏။ ကျောက်စရစ်ခဲများ၏ တောက်ပမှုသည် ဖြည်းဖြည်းချင်း ပြန်လည်ထင်ရှား လာပြန်၏။ ကျေနပ်အားရ ပျော်ရွှင်မိသော သိဒ္ဓတ္ထ ရဟန်းသည် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

“အတ္တကိလမထ အကျင့်ကို ကျင့်သုံးနေတုန်းက ငါဟာ မြစ်ရေကို အနယ်ထအောင်လုပ်ပြီး မြစ်ကြမ်းပြင်က တောက်ပတဲ့ ကျောက်စရစ်ခဲတွေကို လိုက်ရှာနေသလို ရူးမိုက်ခဲ့တာပါလား။ ကြည်လင်တဲ့ ဖြစ်ရေထဲမှာ တောက်ပနေတဲ့ ကျောက်စရစ်ခဲလေးတွေနဲ့ တူတဲ့ သမ္ဗောဓိဉာဏ် အမြင့်မြတ်ဆုံး ဉာဏ်အလင်းကို အဲဒီတုန်းက မရရှိနိုင်ခဲ့ဘူး။ ငါကျင့်သုံးခဲ့တဲ့ စိတ်ကိုပင်ပန်းညစ်နွမ်းစေတဲ့ အကျင့်ဟာ မြစ်ရေကို အနယ်ထအောင်လုပ်တာနဲ့ တူနေပါလား။ အဲဒါကြောင့် ငါဟာ သစ္စာတရားနဲ့ ဝေးကွားခဲ့ရတာပဲ။ ခုတော့ စွဲလမ်းယုံကြည်တာတွေ အားလုံးကို သတိထားပြီး စွန့်လွှတ်ရမယ်။ ကြည်လင်သန့်ရှင်းတဲ့ ရေအလျဉ်လို တည်ကြည်ခိုင်မြဲတဲ့ စိတ်ဓာတ်နဲ့ သဗ္ဗညုတဉာဏ် ရရှိအောင် ဘုရားဖြစ်အောင် အားထုတ်မယ်။ ငါ့စိတ်ကို စနစ်တကျ စုစည်းနိုင်မယ်ဆိုရင် ငါ့ခန္ဓာကိုယ်ဟာလည်း အချိုးကျကျ တည်ရှိနေမှာပဲ။”

သိဒ္ဓတ္ထ ရဟန်းသည် ဦးခေါင်းကို စင်အောင်ဆေးကြောရင်း အချိန်အတော်ကြာအောင် ရေချိုးနေလိုက်၏။ အေးငြိမ်းလွတ်လပ်စွာ အနားယူရန်နှင့် ကာယလေ့ကျင့်ခန်း ပြုလုပ်ပြီးသားဖြစ်အောင် ရည်ရွယ်၍ မြစ်ဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်း အပြန်အပြန်အလှန် ကူးခတ်နေလိုက်၏။

သေနာနိရွာသူကြီး နန္ဒိက၏ နွားကျောင်းသားသည် နွားများကို စားကျက်မြေမှာ တစ်နေ့တာ ထိန်းကျောင်းပြီးနောက် ညနေစောင်းချိန်၌ နွားများကို အိမ်သို့ ပြန်လည်မောင်းနှင်နေ၏။ စုစုပေါင်း နွားမတစ်ထောင်နှင့် နွားထီးတစ်ထောင်ဖြစ်၏။ နွားကျောင်းသားသည် နွားအုပ်ကြီးကို နောက်မှပဲ့ကိုင်၍ မောင်းနှင်နေ၏။ အင်ကြင်းပင်ကြီးအနီး ရေတိမ်သော နေရာမှနေ၍ နွားများ မြစ်ကို ကူးဖြတ်အောင် ထိန်းမောင်းနေခြင်း ဖြစ်၏။ ယခင်နေ့များကဆိုလျှင် နွားများသည် တုံ့ဆိုင်းခြင်း မရှိဘဲ မြစ်ထဲသို့ ဆင်းလိုက်ပြီး တစ်ဘက်ကမ်းသို့ ကူးခဲ့ကြ၏။ ယနေ့၌ကား နွားများသည် မြစ်ကို မကူးဘဲ မြစ်ကမ်းမှာ စုရုံးမိနေကြပြီး တစ်စုံတစ်ရာကို တအံ့တသြ ငေးကြည့်နေကြ၏။ နွားကျောင်းသားသည် နွားများ မြစ်ကို ကူးဖြတ်ရန် အချက်ပေးသည့် အနေဖြင့် နောက်မှ တံဖျာနှင့် တို့မောင်းသော်လည်း တစ်ကောင်မှ ရွေ့လျားခြင်း မရှိပေ။ အင်ကြင်းပင်ကြီးအောက်၌ စုပုံထားသော သင်္ကန်းများကို တွေ့လိုက်ရသော နွားကျောင်းသားသည် မြစ်ထဲမှာ ရှိနေမည့် သင်္ကန်းပိုင်ရှင်ကို လိုက်ရှာကြည့်၏။ တုနှိုင်းမမီအောင် လှပခန့်ငြားသူတစ်ယောက် မြစ်ထဲမှာ ရေချိုးနေသည်ကို တွေ့လိုက်ရသည်။ လူသူကင်းဝေးသော ဤနေရာ၌ ဤကဲ့သို့သောသူကို နွားကျောင်းသား တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ ထူးဆန်းသော ဤလူစိမ်းကား ရွှေရောင်အသားအရေပိုင်ရှင် ဖြစ်၏။ သူ့ဆံပင်တို့ တွန့်လိပ်နေ၏။ သူ့နှာခေါင်းနှင့် သူ့နားရွက်တို့ ထူးထူးခြားခြား ရှည်နေ၏။ ဟန်ပန်မူရာမှာ မင်းပျိုမင်းလွင် တစ်ယောက်နှင့် တူ၏။ အသွင်အပြင် အားလုံးမှာ မြင်ရသူကို အလွန်အမင်း ငြိမ်းချမ်းစေ၏။ မြစ်ကမ်းမှာ ရှိနေသည့် နွားကျောင်းသားနှင့် နွားအုပ်ကြီးကို ကြည့်နေသည့် သူ့မျက်ဝန်းအစုံ၌ ကြီးမြတ်သော ကရုဏာရိပ်တို့ လွှမ်းမိုးနေ၏။

ဤနေရာ၌ တစ္ဆေသရဲများ ရှိသည်ဟု ကြားဖူးထားသော နွားကျောင်းသားသည် ရပ်နေရင်း ရုတ်တရက် ကြောက်လှန့်မိသည်။ သို့သော် လူစိမ်း၏ မျက်နှာကို မြင်လိုက်ရသည်နှင့် အကြောက်ပြေသွားပြီး မြစ်ကမ်းသို့ ချဉ်းကပ်လိုက်၏။ ထို့နောက် မေးမြန်းစုံစမ်း၏။

“ခင်များက နတ်ကောင်းနတ်မြတ်လား နတ်ဆိုလား။”

“ကောင်လေး . . . မကြောက်ပါနဲ့။ ငါဟာ ရသေ့ရဟန်းပါ။ မင်းလို လူပါပဲ။ သင်္ကန်းတွေ ချွတ်ထားခဲ့ပြီး မြစ်ထဲမှာ ရေဆင်းချိုးနေတာပါ။”

“မဟုတ်ဘူး။ နတ်ဆိုး ဖြစ်ရမယ်။ နတ်ဆိုးမို့ ကျုပ်နွားတွေက မြစ်ထဲမဆင်းဘဲ ငေးကြည့်နေကြတာပေါ့။”

“မဟုတ်ဘူး ကောင်လေး . . . မဟုတ်ဘူး။ မြစ်ထဲမှာ ငါ ရှိနေတာကို မင့်နွားတွေက မြင်တယ်။ သူတို့က ငါ့ကို ချစ်မြတ်နိုးလို့၊ ငါ့ကို သနားလို့ မြစ်ထဲဆင်းပြီး မကူးကြတာ ထင်ပါတယ်။ ငါက သတ္တဝါအားလုံး အပေါ်မှာ ကရုဏာထားတဲ့သူပါ။ ငါဟာ သူတို့အတွက် အန္တရာယ် မဟုတ်ဘူးဆိုတာ သူတို့ သိတာပေါ့။ မင်း သံသယကင်းသွားအောင် ငါ ရေထဲကနေ တက်လာခဲ့မယ်။ မင့်နွားတွေ ဘယ်လိုနေသလဲ ကြည့်ပြီး ငါ ဘာလဲဆိုတာ ဆုံးဖြတ်ပါ။”

သိဒ္ဓတ္ထရဟန်းသည် တစ်လှမ်းချင်း မြစ်ရေမှ တက်လာ၏။ သူ့ရေသနုပ်မှ ရေများ စီးကျလျက် ရှိနေသည်။ နွားကျောင်းသားသည် အံ့ဘနန်း ထူးဆန်းသည့် ရဟန်းကို ကြောက်ရွံ့အံသြမှု အပြည့်နှင့် ကြည့်နေသော်လည်း မြစ်ကမ်း၌ စုရပ်နေသည့် နွားအုပ်ကား အနည်းငယ်မျှပင် ကြောက်ရွံ့ထိတ်လန့်ပုံ မပေါ်ပေ။ နွားတို့သည် စွင့်ထောင်နေသော ဦးခေါင်းများကို ပြန်ချလိုက်ပြီး တည်တည်တံ့တံ့ ရပ်နေကြ၏။ ရဟန်းသည် ရှေ့ဆုံးက ဦးဆောင်နွား၏ ချွန်မြသော ဦးချိုနှစ်ချောင်းကြားမှာ ကိုင်၍ အသိအမှတ်ပြုလိုက်ပြီး ရှေ့ဆက်သွား၏။ ထိုအခါ ဦးဆောင်နွားသည် ကိုယ်ကို နှိမ့်ဝပ်လိုက်ပြီး ဒူးထောက်လျက်သားနှင့် ရသေ့နောက်လိုက်နေရင်း ရသေ့၏ ခြေအစုံကို လျှာနှင့်လျက်ပေး၏။

ဤအဖြစ်အပျက်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေသော နွားကျောင်းသားသည် ရသေ့၏ ရှေ့မှောက်၌ အလျားမှောက်၍ ဝပ်စင်းလိုက်လေ၏။

“အရှင် . . . အရှင်ဟာ နတ်ဒေဝါပါပဲ။ ဒီလို အံ့သြစရာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ တစ်ခါမှ မကြားဖူးပါဘူး။”

“ကောင်လေး . . . မတ်တပ်ရပ်ပါ။ ဒါ အံ့သြစရာ မဟုတ်ပါဘူး။ မင်းထင်သလို ငါဟာ နတ်ဒေဝတာလည်း မဟုတ်ပါဘူး။ သက်ရှိသတ္တဝါ အားလုံးအပေါ်မှာ ကြီးမြတ်တဲ့ ကရုဏာကို ကျင့်သုံးနိုင်မယ်ဆိုရင် မင်းလည်း ငါ့လို ဖြစ်နိုင်ပါတယ်။ တစ်ဦးတစ်ယောက် အပေါ်မှာ မင်းထားတဲ့ သဘောထားအတိုင်း ရောင်ပြန်ဟတ်တဲ့ သဘောထားကို ခံယူရရှိရပါတယ်။ ကောင်လေး . . . တစ်ယောက်ယောက်ကို မင်းက အမုန်းပွားတယ်ဆိုရင် သူကလည်း မင့်ကို ပြန်ပြီး အမုန်းပွားမှာပါ။ မင်းက သူ့ကို ချစ်ခင်တယ်ဆိုရင် သူကလည်း မင့်ကို ပြန်ချစ်မှာပါ။ ငါက အားလုံးအပေါ်မှာ မခွဲခြားဘဲ ကရုဏာထားတဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သတ္တဝါမှ ငါ့အတွက် အန္တရာယ် မရှိပါဘူး။”

သိဒ္ဓတ္ထ ရဟန်းသည် မြေပြင်ပေါ်၌ အလျားမှောက်နေရင်း လက်ဆယ်ဖြာ ထိပ်မှာမိုးလျက် ရှိနေသော နွားကျောင်းသားငယ်ကို ပခုံးကကိုင်၍ ဆွဲထူမလိုက်သည်။ ထို့နောက် ရေစိုသင်္ကန်းများ လဲ၍ ဝတ်လိုက်သည်။

ထိုစဉ် နွားကျောင်းသားငယ်က မေး၏။
“အရှင် . . . ဘယ်ကလာလို့ ဘယ်ကိုသွားမှာပါလဲ။”

“ကောင်လေး . . . ငါ ဒီကို လာခဲ့ပါတယ်”ဟု ရဟန်းက ဖြေ၏။

“နားမလည်နိုင်ပါဘူး အရှင် . . .။ ဒီနေရာမှာ အိမ် မရှိပါဘူး။ ဒီနေရာမှာ လူတွေလည်း မနေကြပါဘူး။ ယုတ်စွအဆုံး ဂူတစ်လုံးတောင် မရှိပါဘူး။”

“ကောင်လေး . . . ပတ်ဝန်းကျင်ကို ကြည့်စမ်းပါ။ နေရာကောင်းကောင်း ရှိနိုင်သလား။”

“အရှင်မြတ် ဘုရား . . . ဒီည ဘယ်မှာအိပ်မှာလဲ။”

“ဒီ အင်ကြင်းပင်ကြီးအောက်မှာ နေရာရှိတယ်လေ။ အဲဒီမှာ အိပ်မယ်။”

“အန္တရာယ် ရှိပါတယ် အရှင်မြတ် ဘုရား . . .။ မှောင်လာရင် ဒီနေရာမှာ တစ္ဆေသရဲတွေ မကောင်းဆိုးဝါးတွေ ပြည့်နှက်နေတာပါ။ တပည့်တော်က မှောင်ရိပ်မကျချင် မြစ်ကိုကူးပြီး ဒီနေရာက ထွက်ခွာဖို့ ရှိပါတယ်။ ဒီနယ် ဒီနေရာဟာ တစ်ချိန်က ပြင်းထန်တဲ့ စစ်ပွဲနေရာ ဖြစ်ခဲ့တယ်လို့ ကြားဖူးပါတယ်။”

“ကောင်လေး . . . ငါက ဝေသာလီရဲ့ မှောင်မှောင်မဲမဲ ထိတ်စရာကောင်းတဲ့ ညတွေမှာ သုသာန်သင်္ချိုင်းတွေထဲ ဝင်ပြီးတော့ အရိုးခေါင်းတွေကို ခေါင်းအုံး အိပ်ခဲ့တာ။ သူသေကောင်ပတ်တဲ့ အဝတ်တွေကို ခွာယူပြီး ခြုံခဲ့တာ။ ငါ့ကို ဘယ်သူမှလာပြီး မခြောက်မလှန့်ဘူး။ အချိန်ရှိခိုက် ငါ တရားအားထုတ်မယ်။ ဒီပတ်ဝန်းကျင်မှာ တော်တော်ကြာအောင် နေအုံးမယ်။ ငါ့ကို ခြောက်လှန့် မနေပါနဲ့။ ဒီနေရာမှာ ငါ ရှိနေတယ်ဆိုတာကို ဘယ်သူမှ မသိပါစေနဲ့။”

“အရှင်ဘုရား . . . တပည့်တော်ရဲ့ သခင်ဟာ မျိုးရိုးကြီးမြတ်သူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ တကယ့်ကို ရက်ရောပါတယ်။ အရှင်ဘုရား ဒီမှာရှိနေတယ်ဆိုတာ သူ့ကို အသိပေးလိုက်ရင် သူ အချိန်မဆိုင်းဘဲ အရှင်ဘုရားဆီ လာပါလိမ့်မယ်။ အရှင်ဘုရား သဘောကျတဲ့ နေရာမှာ သင်္ခမ်းကျောင်း ဆောက်ပေးပါလိမ့်မယ်။ အရှင်ဘုရား အလိုရှိတဲ့ စားဖွယ်သောက်ဖွယ်တွေလည်း စီမံပေးပါလိမ့်မယ်။ အရှင်ဘုရား . . . အရှင်ဘုရား ဒီမှာရှိတယ်ဆိုတာ သူ့ကို အသိပေးလိုက်ပါ့မယ်။”

“မလုပ်နဲ့ ကောင်လေး . . .။ ငါ့အကြောင်း ဘာမှ မပြောနဲ့။ လိုအပ်ရင် ငါ ဆွမ်းခံလာမယ်။ မင်းအပါအဝင် လူသားအားလုံးရဲ့ ကောင်းကျိုးအတွက် ဝိမုတ္တိလမ်းကို ငါ ရှာနေတယ်။ အဲဒီအတွက် စိတ်တည်ငြိမ်မှု လိုအပ်တယ်။”

“အရှင်ဘုရား . . .။ အရှင်ဘုရားရဲ့ ဆန္ဒအတိုင်း တပည့်တော် နှုတ်ဆိတ်နေလိုက်ပါ့မယ်။ ဒါပေမယ့် ခု ဒီညအတွက် ညစာ ဘယ်လိုလဲ။ အရိပ်တွေ အမှောင်တွေကို တပည့်တော် ကြောက်တတ်ပေမယ့် အရှင်ဘုရားအတွက် ဆိုရင်တော့ မကြောက်တော့ပါဘူး။ တပည့်တော်ရဲ့ သခင့်အိမ်က စားစရာ တစ်ခုခု သွားယူပေးပါ့မယ်။”

“ကောင်လေး . . . ငါ မစားချင်ဘူး။”

“ဒါဆိုရင်လည်း အရှင်ဘုရား . . . အရှင်ဘုရားရဲ့ သပိတ်ထဲ နွားနို့ညှစ်ထည့်ပေးပါ့မယ်။ မနက်ခင်း ညနေခင်း ဘယ်အချိန်မဆို အရှင်ဘုရား လိုသလောက် လုပ်ပေးပါ့မယ်။”

သိဒ္ဓတ္ထရဟန်းသည် နှုတ်ဆိတ်နေ၏။ ထိုစဉ် နွားကျောင်းသားသည် သပိတ်ကိုယူ၍ မြစ်သို့ဆင်းကာ သပိတ်နှင့်အပြည့် ရေခတ်ယူ၏။ အနီး၌ ရှိနေသော နွားမတစ်ကောင်၏ နို့တံများကို ထိုရေဖြင့် ဆေးကြောသုတ်သင်၍ သပိတ်ထဲ နို့ညှစ်ယူရန် ပြင်ဆင်၏။ နွားမသည် တည်ငြိမ်စွာဖြင့် လိုလိုလားလား နို့ညှစ်ခံနေသည်ကို နွားကျောင်းသား တွေ့လိုက်ရ၏။ အထူးတလည် မညှစ်လိုက်ရဘဲ နို့တံများမှ နို့များ သပိတ်ထဲသို့ ထွက်ကျလာ၏။

နွားကျောင်းသားငယ်သည် နွားမနှစ်ကောင်ကို နို့ညှစ်ရာ သပိတ်ပြည့်လေ၏။ နို့သပိတ်ကို သိဒ္ဓတ္ထရဟန်း၏ ရှေ့မှာ ချထားလိုက်ပြီး လျှောက်ထား၏။

“အရှင်ဘုရား . . .။ အရှင်ဘုရားဟာ ကုသိုလ်ဘုန်းကံ ကြီးမားသူပါ . . .။ ဒီနေ့ အရှင်ဘုရားရဲ့ ရှေ့မှောက်မှာ အံ့သြစရာနှစ်ခု ဖြစ်ပေါ်ခဲ့ပါတယ် ဘုရား။ ဖြစ်ခဲ့တာတွေကို လျှောက်ထားပါ့မယ်။ ဒီနေ့မနက် ဒီနွားမ နှစ်ကောင်ကို နို့ညှစ်တုန်းက နှစ်ကောင်လုံး ခြေဆောင့်ခွာပေါက်ပြီး အတင်း ရုန်းပါတယ်။ နို့ညှစ်မခံကြဘူး။ နို့ချမပေးကြဘူး။ ခုတော့ ယဉ်ပါးနေလိုက်ကြတာ။ နို့လည်း သပိတ်ပြည့်တဲ့အထိ ချပေးတယ်။ အံ့သြစရာ မကောင်းဘူးလား။”

သိဒ္ဓတ္ထရဟန်းက ပြန်လည်မိန့်ကြား၏။
“ကောင်လေး . . . မင်းရော မင့်နွားမတွေရော နွားသားငယ်လေးတွေရော နွားပိုင်ရှင် နန္ဒိက သူကြွယ်ပါ ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံပါစေ။ ခု ဖြစ်ခဲ့တဲ့ အထဲမှာ အံ့သြစရာ မပါပါဘူး။ တန်ခိုးပြာဋိဟာလည်း မဟုတ်ဘူး။ တကယ်တော့ နွားမတွေ သူတို့ဆန္ဒကို ထုတ်ဖော်ပြသလိုက်တာသာ ဖြစ်တယ်။ မင့်ရဲ့ အလှူကို နိမိတ်ကောင်းတစ်ခုအဖြစ် ငါ ယူဆတယ်။ မင့်အကျိုးစီးပွားအတွက် ငါ အစကတည်းက စိတ်ကူးထားတဲ့ ရည်ရွယ်ချက် ပြီးမြောက်အောင် အားထုတ်မယ်။ ကောင်လေး . . . ပြန်တော့။ ဒီည အေးအေးဆေးဆေး နေလိုက်အုံး။”

နွားကျောင်းသားနှင့် သူ့နွားအုပ်ကြီး မြစ်တစ်ဘက်ကမ်းသို့ ကူးသွားကြ၏။ မြစ်တစ်ဘက်ကမ်း ရောက်သောအခါ ပြန်လှည့်ကြည့်ပြီး သိဒ္ဓတ္ထ ရဟန်းကို ငေးကြည့်နေကြ၏။ ထို့နောက် အေးအေးဆေးဆေး ထွက်ခွာသွားကြ၏။ သိဒ္ဓတ္ထ ရဟန်းသည် အရှေ့အရပ်သို့ မျက်နှာမူရင်း အင်ကြင်းပင် ခြေရင်းမှာ ထိုင်လိုက်၏။ သိဒ္ဓတ္ထရဟန်း နို့ဆွမ်းကုန်အောင် ဘုဉ်းပေးသုံးဆောင်ပြီးချိန်၌ နေမင်းသည် အနောက်ဘက် ကောင်းကင်ပြင်ကို အနီရောင် ခြယ်ပေးရင်း ကျဝင်နစ်မြုတ်လျက် ရှိနေ၏။


Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

No comments:

Post a Comment