Tuesday, June 21, 2011

တရားမင်းသခင် - ၁၄။ ဆန္နပြန်လာခြင်း


ဆန္န တစ်ယောက်တည်း ခြေလျင်ပြန်လာသည်ဟု ကြားလိုက်ရသော သုဒ္ဓေါဒန မင်းကြီးသည် အလျင်စလို ထွက်ပြေးလာခဲ့ပြီး နန်းတော်မုခ်ဦးမှ ကြိုနေ၏။ မင်းကြီးသည် ဆန္နကို တွေ့လိုဇောဖြင့် စိတ်မထိန်းနိုင်ဘဲ ရှိနေ၏။ အထုပ်ကြီး တစ်ထုပ်ကို ပင်ပမ်းကြီးစွာ သယ်ဆောင်လာသူ ဆန္နသည် ယိုင်ခွေခွေနှင့် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေ၏။ သိဒ္ဓတ္ထမင်းသား ခဏ္ဍကမြင်းတို့နှင့် အတူ ထွက်သွားခဲ့သော်လည်း အပြန်ခရီးကား ဆန္နတစ်ယောက်တည်းသာ ဖြစ်၏။

မင်းကြီးသည် စူးစမ်းမှု စိုးရိမ်မှုတို့နှင့်အတူ ဆန္နကို စူးစိုက်ကြည့်နေ၏။ ဆန္နသည် အဝတ်အစားများ အဆင်တန်ဆာများနှင့် ဆံစုတို့ ထည့်ထားသည့် အထုပ်ကြီးကို မင်းကြီးရှေ့မှာ ချလိုက်၏။ ထို့နောက် ဒူးထောက်ချလိုက်ပြီး မင်းကြီးကို အရိုအသေပြုကာ ဘာမှမပြောနိုင်ဘဲ မြေပြင်မှာ ထိုင်နေ၏။ လက်အစုံကို ပင့်မြှောက်၍ ရှိခိုးဦးခိုက်လျက်သား ရှိနေပြီး ငေါင်စင်းစင်းကြီး ငေးကြည့်နေ၏။

ထိုစဉ် မင်းကြီးက မေးလိုက်သည်။
“ဆန္န . . . ပြောစမ်း။ သားတော် ဘယ်မှာလဲ။”

“အကြောင်းစုံကို လျှောက်တင်မှာပါ အရှင်မင်းကြီး . . .။ မင်းသား . . . ကျန်းကျန်းမာမာ ရှိနေပါတယ် ဘုရား . . .။”

“ဘယ်မှာလဲ။”

“ဒီကနေ ဂါဝုတ်သုံးဆယ် ဝေးကွာတဲ့ မလ္လတိုင်း အနော်မာမြစ်ကမ်း တစ်နေရာ ဝါသိဋ္ဌရသေ့ရဲ့ သင်္ခမ်းကျောင်းနားမှာ နေခဲ့ပါတယ် ဘုရား . . .။”

“ကဏ္ဍကမြင်းရော . . .။”

“အရှင်မင်းကြီး . . . စိတ်မကောင်းစရာပါ ဘုရား။ အဲဒီအကြောင်း နောက်မှ လျှောက်တင်ပါ့မယ် ဘုရား . . .။ အဲဒီ အနော်မာမြစ်ကမ်းမှာ မင်းသားဟာ အဝတ်အစားတွေ အဆင်တန်ဆာတွေကိုချွတ် ဆံတော်ကိုပယ်ရိတ်ပြီး ရသေ့ရဟန်း ပြုလိုက်ပါတယ် ဘုရား . . .။ အရှင်မင်းကြီး ယသောဓရာ မင်းသမီးနဲ့ မိထွေးတော် မိဖုရားကြီးတို့ကို သူ့စကားအတိုင်း အတိအကျ လျှောက်တင်ဖို့ ရဟန်းပြုသွားတဲ့ မင်းသားက အမိန့်ရှိလိုက်ပါတယ် ဘုရား . . .။

‘ခု သဲသောင်ပေါ်မှာ ချထားတဲ့ ငါ့သန်လျက် ငါ့ဆံပင် မင်းမြောက်တန်ဆာတွေနဲ့ အဝတ်အစားတွေကို ယူသွားပါ။ အားလုံးကို ဖခမည်းတော့်လက်ထဲ ထည့်လိုက်ပါ။ ငါ ရဟန်းပြုလိုက်ပြီ ဆိုတဲ့အကြောင်း သူ့ကို ပြောလိုက်ပါ။ ခုချိန်ကစပြီး ငါ့အချိန်နဲ့ ငါ့ခွန်အားကို ဗောဓိဉာဏ်အလင်း ရရှိဖို့ အတွက်ပဲ အသုံးပြုတော့မယ်။ မြင့်မြတ်တဲ့ ငါ့ရည်ရွယ်ချက် မပြီးမြောက်မချင်း နောက်လှည့်မကြည့်တော့ဘူး ဆိုတာကို ပြောလိုက်ပါ။ ငါ ကျန်းကျန်းမာမာ ရှိနေကြောင်း ငိုနေမယ့် ယသောဓရာနဲ့ မယ်တော့်ကိုယ်စား ငါ့ကို ပြုစုစောင့်ရှောက်ခဲ့တဲ့ မိထွေးတော် မိဖုရားကြီးကို ပြောလိုက်ပါ။ ငါ့ကို လိုက်ရှာစရာ မလိုဘူး။ သင့်တော်တဲ့ အချိန်ကျရင် ကပိလဝတ်ကို ငါ ပြန်လာမယ်။ ကဏ္ဍက . . . ဆန္န . . . ။ ငါ့ကို ခွင့်ပြုကြ . . .။’

အရှင်မင်းကြီး . . . ဒါဟာ မင်းသားမှာလိုက်တဲ့ စကား အတိအကျ ဖြစ်ကြောင်းပါ ဘုရား . . .။”

မင်းသား မှာလိုက်သည့် သတင်းစကားကို နားထောင်နေသော သုဒ္ဓေါဒန မင်းကြီး မျက်ရည်စို့လာ၏။ သောကသည် မင်းကြီးသည် သက်ပျင်းရှည်ကြီး တစ်ချက် ချလိုက်၏။ လက်နှစ်ဘက်ကို ပူးယှက် ဆုပ်ကိုင်လိုက်ပြီး လက်ချင်း ပွတ်နေပြန်၏။ မင်းသား၏ အဝတ်အစား အဆင်တန်းဆာနှင့် သန်လျက်တို့ကို ငေးစိုက်ကြည့်ရင်း လက်နှင့်လည်း ကိုင်တွယ်သုံးသပ်ရင်း စကားဆို၏။
“သားတော် . . . ဗောဓိဉာဏ်အလင်းကို လိုချင်တယ်ဆိုရင်လည်း ရှိပါစေတော့။ ခမည်းတော် အာယူပြီး ဖြေသိမ့်ပါ့မယ်။”

မင်းကြီးသည် မင်းသား၏ ဆံစုနှင့် အသုံးအဆောင်များကို လက်နှစ်ဘက်နှင့် ပွေ့ကိုင်ရင်း နန်းတွင်းကွင်းပြင်ကို ခပ်သုတ်သုတ် ဖြတ်လျှောက်ကာ မင်းသား စံမြန်းခဲ့သည့် နန်းဆောင်သို့ သွားလေ၏။ ဆန္နသည် မင်းကြီးနောက်မှ လိုက်ပါပြီး ကာဠုဒါယီသည် မင်းကြီးဘေးမှ လိုက်ပါနေ၏။

မင်းကြီးသည် ကဏ္ဍကမြင်းအကြောင်း တွေးပူမိ၏။ ဆန္နကို မေးလိုက်သည်။
“ဆန္န. . . အရပ်လေးမျက်နှာကို တမန်တော်တွေ လွှတ်လိုက်တာပဲ။ ခုနစ်ရက်တောင် ရှိသွားပြီ ဘာသတင်းမှ မရခဲ့ဘူး။ ဆန္န လာမှပဲ သားတော်ရဲ့သတင်း ကြားရတော့တယ်။ ဆန္န . . .။ ပြောစမ်းပါအုံး။ ဆန္န ခြေလျင်ပြန်လာတယ်။ ကဏ္ဍကရော ဘာဖြစ်သွားလဲ။”

“အရှင်မင်းကြီး . . .။ ကဏ္ဍကဟာ သင်္ကန်းဝတ်ထားတဲ့ မင်းသားကို ငေးစိုက်ကြည့်နေပါတယ် ဘုရား။ မင်းသား ထွက်သွားတော့ မင်းသားရဲ့ ပုံရိပ် တရွေ့ရွေ့ ဝေးသွားတာကို လိုက်ပြီး ငေးကြည့်နေပါတယ် ဘုရား။ နောက်ဆုံး မင်းသားကို မမြင်ရတော့တဲ့ အခါမှာ တစ်ချက် ဟီလိုက်ပြီး သဲသောင်ပြင်မှာ ဝရုန်းသုန်းကား လုပ်ပါတယ် ဘုရား။ ကျွန်တော်မျိုးက ဇက်ကြိုးကနေ ဖမ်းဆွဲပြီး လိုက်ထိန်းရပါတယ် ဘုရား။ မြစ်ကို ပြန်ဖြတ်ကူးဖို့ ကျွန်တော်မျိုး သူ့အပေါ် တက်စီးပါတယ် ဘုရား။ ဒါပေမယ့် အရှင်မင်းကြီး . . .။ သူက ကျွန်တော်မျိုးကို ခါးထုတ်လိုက်ပါတယ် ဘုရား။ ဒေါနဲ့မာန်နဲ့ ကမ်းစပ်သဲပြင်မှာ ကဆုန်ပေါက်ပြေးပြီး မြစ်လယ် ရေနက်ကြောထဲ ခုန်ချလိုက်ပါတယ် ဘုရား။ ကဏ္ဍက ဒီလို မြစ်ရေထဲ ကျသွားတာဟာ စိတ်ခံစားရလို့ တမင်သက်သက် ခုန်ချလိုက်တာ ဖြစ်မယ်ထင်ပါတယ် ဘုရား။ ကျွန်တော်မျိုးတို့ နှစ်ယောက် သူ့အပေါ် စီးနေရင်းနဲ့ကိုပဲ ဒီမြစ်ကို သူ ခုန်ကျော်နိုင်ခဲ့သေးတာပဲ။”

“ဆန္နရော . . . ဘယ်လိုလဲ။”

“အရှင်မင်းကြီး . . .။ ကျွန်တော်မျိုးဖြင့် ဘာလုပ်ရမှန်းကို မသိအောင် ဖြစ်သွားပါတယ် ဘုရား။ တစ်ယောက်တည်း အထီးကျန်ဖြစ်ခဲ့တာပါ ဘုရား။ ကပိလဝတ်ဆီကို ခဏကြာအောင် ငေးကြည့်နေခဲ့ပါတယ် ဘုရား။ အဝတ်အစားတွေ အဆင်တန်ဆာတွေ နဲ့ သန်လျက်ကို ထုပ်ပိုးထားတဲ့ အထုပ်ကြီးကို ကျောပိုးသယ်ရင်း မြစ်ထဲခုန်ချလိုက်ပြီး ရေကူးပါတယ် ဘုရား။ မြစ်ရေလယ်ကြော အရောက်မှာ ရေနစ်သေလိုက်တာကမှ ကောင်းအုံးမယ်လို့ စိတ်ကူးပေါက်ခဲ့ပါသေးတယ် ဘုရား။ ဒါပေမယ့် မင်းသားရဲ့ သတင်းစကားကို အရှင်မင်းကြီးဆီ အရောက် သယ်ဆောင်ပေးဖို့ ရှိပါသေးတာမို့ သေလို့ မဖြစ်သေးဘူးလို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ် ဘုရား . . .။”


Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

No comments:

Post a Comment