Thursday, June 23, 2011

Dhammakhandha - ဓမ္မက္ခန္ဓာ

“ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀-လို့ ဆိုပါတယ်။ ဘယ်လို ရေတွက်ရမှာလဲ။ စာလုံးကို ရေတွက်ရမှာလား။ စာကြောင်းကို ရေတွက်ရမှာလား။”

ဒကာတစ်ယောက် မေးဖူးတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။

သီရိဓမ္မာသောက မင်းကြီးဟာ ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် လှူဒါန်းတယ်လို့ ငယ်ငယ်ကတည်းက ကြားဖူးတာပါ။

ဓမ္မက္ခန္ဓာအကြောင်း ဗုဒ္ဓစာပေမှာ အတိအကျ ရှာကြည့်တော့ သုတ်သီလက္ခန်အဋ္ဌကထာ နိဒါန်း(စာ ၂၅-၂၆)မှာ “ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀” ရှိတဲ့အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ “ဓမ္မ+ခန္ဓ = ဓမ္မက္ခန္ဓ။ ဓမ္မ = တရား။ ခန္ဓ = အစု။ ဓမ္မက္ခန္ဓ = တရားအစု”လို့ အဓိပ္ပာယ်ရပါတယ်။ အကြောင်းအရာ တစ်ခုဟာ ဓမ္မက္ခန္ဓာတစ်ခု ဖြစ်ပါတယ်။ ဥပမာ တရားတော်မှာ ပါတဲ့ မေးခွန်းတစ်ခုဟာ ဓမ္မက္ခန္ဓာတစ်ခု ဖြစ်ပါတယ်၊ အဖြေတစ်ခုဟာ ဓမ္မက္ခန္ဓာတစ်ခု ဖြစ်ပါတယ်၊ ရှင်းလင်းချက် တစ်ခုဟာ ဓမ္မက္ခန္ဓာတစ်ခု ဖြစ်ပါတယ်၊ ဇာတ်လမ်းတစ်ခုဟာ ဓမ္မက္ခန္ဓာတစ်ခု ဖြစ်ပါတယ်။ ဒီမူအတိုင်း ရေတွက်ရင် “သုတ္တန်ပိဋကမှာ ၂၁၀၀၀၊ ၀ိနည်းပိဋကမှာ ၂၁၀၀၀၊ အဘိဓမ္မာ ပိဋကမှာ ၄၂၀၀၀၊ စုစုပေါင်း ၈၄၀၀၀” ရမယ်လို့ ဆိုပါတယ်။ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀-ဆိုတာကို အတိအကျတော့ တစ်ခါမှ မရေတွက်ရသေးဘူး ထင်ပါတယ်။ ရေတွက်ဖို့ ခက်တာရယ်၊ ရေတွက်လိုက်လို့ အကျိုးမများတာရယ်ကြောင့် ဖြစ်မယ်ထင်ပါတယ်။

“အကြောင်းအရာ တစ်ခုဟာ ဓမ္မက္ခန္ဓာတစ်ခု” ဆိုတဲ့မူနဲ့ တရားအစုတွေ တရားအစုတွေကို မဖြစ်မနေ ရေတွက်ကြည့်မယ်ဆိုရင် ကိန်းဂဏန်း “၈၄၀၀၀” အတိအကျ ရချင်မှ ရပါလိမ့်မယ်။ ဒါပေမယ့် “၈၄၀၀၀”ရယ်လို့ အဖြေက ရှိပြီးသားဖြစ်နေတော့ တူတာကို ပြန်ပေါင်းလိုက်၊ မတူတာကို ပြန်ခွဲလိုက် အကြိမ်ကြိမ် စိစစ်ပြီး “၈၄၀၀၀”မရရအောင် ရေတွက်ရပါလိမ့်မယ်။

:)
ရှင်အာစာရ

No comments:

Post a Comment