Monday, June 20, 2011

For Women Only - အမျိုးသမီးများအတွက်သာ



“ဓမ္မစကြာမှာ ဇာတိ = ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲ၏ ဟောကြားထားပါတယ်။ ကိုယ်ဝန်ဆောင်ရခြင်းကို ဘာဖြစ်လို့ ဆင်းရဲခြင်း ဒုက္ခသစ္စာထဲ မထည့်တာလဲ။”

ဗုဒ္ဓစာပေ လေ့လာလိုက်စားနေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်က မေးပါတယ်။ သူကိုယ်တိုင် ခံစားရတဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဆင်းရဲဒုက္ခကို ဘုရားရှင်က ဒုက္ခသစ္စာထဲ ထည့်မဟောတဲ့အတွက် မှားမှားယွင်းယွင်း ယူဆမိမှာစိုးလို့ မေးရတာပါလို့ ဆိုပါတယ်။

----------

ဟုတ်ပါတယ် မိခင်တစ်ယောက်ရဲ့ ကိုယ်ဝန်ဆောင်ရခြင်း နဲ့ သားဖွားရခြင်းကို ကြီးမားတဲ့ ဆင်းရဲဒုက္ခအဖြစ် အသိအမှတ်ပြုကြပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ တစ်နေ့တစ်နေ့ သင်္ချိုင်းကုန်းကို သုံးခါ မျက်စောင်းထိုးတယ်လို့ ဆိုပါတယ်။ နောက်ပြီး ယောက်ျားဖောင်စီး မိန်းမမီးနေတဲ့။ အသက်အန္တရာယ်နဲ့ နီးစပ်တဲ့ အခြေအနေလို့ ဆိုလိုတာပါ။ ဓမ္မစကြာမှာတော့ တိုက်ရိုက်ဟောထားတဲ့ ဒုက္ခတွေထဲမှာ အကျုံးဝင်တဲ့အတွက် ဒီဒုက္ခတွေကို သီးခြားထည့်မဟောတာလို့ ယူဆရမယ် ထင်ပါတယ်။

“ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်း ဆင်းရဲ၏၊ နာရခြင်းသည်လည်း ဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ မချစ်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊ ချစ်သော သူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏။”

အရေးကြီးတဲ့ ဒုက္ခတွေကို ရေတွက်ပြပြီး ကျန်တဲ့ ဒုက္ခတွေကိုတော့ ခန္ဓဒုက္ခထဲ ထည့်သွင်းဟောကြားခဲ့ပါတယ်။ “အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏”လို့ ဟောတော်မူပါတယ်။ ဘယ်လိုပဲ ဆင်းရဲဆင်းရဲ ခန္ဓာရလို့ ဆင်းရဲရတာ ဖြစ်ပါတယ်။

နောက်ပြီး ကိုယ်ဝန်ဆောင်ခြင်း နဲ့ သားဖွားရခြင်းဟာ ရှောင်လို့ရတဲ့ ဒုက္ခတွေ၊ လျှော့လို့ရတဲ့ ဒုက္ခတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒုက္ခသစ္စာရယ်လို့ သီးခြား ထည့်မဟောတာလို့ ယူဆနိုင်ပါတယ်။

----------

ဒီဒုက္ခနှစ်မျိုးကို ဓမ္မစကြာမှာ သီးခြား ထည့်မဟောပေမယ့် သံယုတ်ပါဠိတော်မှာတော့ အမျိုးသမီးတွေရဲ့ သီးခြားဆင်းရဲ (အာဝေဏိကဒုက္ခ)လို့ နာမည်တပ်ပြီး ဟောကြားထားတာ တွေ့ရပါတယ်။ “အာဝေဏိကဒုက္ခသုတ်” (မာတုဂါမသံယုတ်၊ သဠာယတန၀ဂ္ဂသံယုတ်၊ သံယုတ္တနိကာယ်)မှာ ဟောထားတာ ဖြစ်ပါတယ်။

“ရဟန်းတို့ မာတုဂါမ၏ သီးခြားဖြစ်သော ဆင်းရဲတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုး တို့နည်း။
-         မာတုဂါမသည် ယောက်ျားတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲတို့ကို သီးသန့်ခံစားရ၏။ ရဟန်းတို့ ဤလောက၌ မာတုဂါမသည် ငယ်ရွယ်စဉ်ကပင်လျှင် လင်အိမ်သို့ လိုက်သွားရ၏။ ဆွေမျိုးတို့နှင့် ခွဲခွာ နေရ၏။ ရဟန်းတို့ ဤကား မာတုဂါမ၏ ပဌမ သီးခြားဆင်းရဲတည်း၊ မာတုဂါမသည် ယောက်ျားတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲကို သီးသန့်ခံစားရ၏။
-         ရဟန်းတို့ နောက်တစ်မျိုးကား မာတုဂါမသည် ဥတုလာရ၏။ ရဟန်းတို့ ဤကား မာတုဂါမ၏ ဒုတိယ သီးခြား ဆင်းရဲတည်း၊ မာတုဂါမသည် ယောက်ျားတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲကို သီးသန့် ခံစားရ၏။
-         ရဟန်းတို့ နောက်တစ်မျိုးကား မာတုဂါမသည် ကိုယ်ဝန်ဆောင်ရ၏။ ရဟန်းတို့ ဤကား မာတုဂါမ၏ တတိယ သီးခြား ဆင်းရဲတည်း၊ မာတုဂါမသည် ယောက်ျားတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲကို သီးသန့် ခံစားရ၏။
-         ရဟန်းတို့ နောက်တစ်မျိုးကား မာတုဂါမသည် သားဖွားရ၏။ ရဟန်းတို့ ဤကား မာတုဂါမ၏ စတုတ္ထ သီးခြား ဆင်းရဲတည်း၊ မာတုဂါမသည် ယောက်ျားတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲကို သီးသန့် ခံစားရ၏။
-         ရဟန်းတို့ နောက်တစ်မျိုးကား မာတုဂါမသည် ယောက်ျား၏ အလုပ်အကျွေး အဖြစ်သို့ ရောက်ရ၏။ ရဟန်းတို့ ဤကား မာတုဂါမ၏ ပဉ္စမ သီးခြားဆင်းရဲတည်း၊ မာတုဂါမသည် ယောက်ျားတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲကို သီးသန့်ခံစားရ၏။
ရဟန်းတို့ မာတုဂါမ၏ သီးခြားဖြစ်သော ဆင်းရဲတို့ကား ဤငါးပါးတို့တည်း။ မာတုဂါမသည် ယောက်ျားတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲကို သီးခြားခံစားရ၏ဟု (မိန့်တော်မူ၏)။”

အမျိုးသမီးတွေအတွက် သီးခြားဆိုတဲ့ ဒီဒုက္ခတွေဟာ သုတ်တော်ကို ဟောကြားခဲ့တဲ့ ခေတ်ကာလတုန်းက အိန္ဒိယမှာ ရှိခဲ့တဲ့ ယေဘုယျ အမှန်တရားတွေ ဖြစ်တယ်လို့ ထင်မိပါတယ်။

:)
ရှင်အာစာရ

Picture from (20 Jun 11):
http://fineartamerica.com/featured/abstract-woman-norman-engel.html

No comments:

Post a Comment