Monday, May 9, 2011

A Personal Experience (Part 1) - ကိုယ်တွေ့ဖြစ်ရပ်တစ်ခု (အပိုင်း ၁)

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ၌
၀ိပဿနာဆရာကြီး ဦးဂိုအင်ဂါ ပြောကြားသည့် မိန့်ခွန်း

သံဃာတော် အရှင်မြတ်များနဲ့ ဓမ္မမိတ်ဆွေ အပေါင်းတို့ . . . . .။

ကျွန်တော့်ကို အသိအမှတ်ပြု ဖိတ်ကြားတဲ့အတွက် ဒီအစည်းအဝေးကြီး ဖြစ်မြောက်အောင် ဆောင်ရွက်ကြသူ များကို ကျေးဇူးတင်ရှိကြောင်း ရှေးဦးစွာ ပြောကြားပါရစေ။

ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေး တရားတော်များကို ကမ္ဘာအနှံ့ ဖြန့်ဝေနိုင်ရေးအတွက် ဗုဒ္ဓရဲ့ တပည့် သာဝကများ ပေါင်းစည်းညီညွတ်ဖို့ ရည်ရွယ်တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ ကျင်းပဖို့ မြန်မာနိုင်ငံကို အိမ်ရှင်နိုင်ငံအဖြစ် ရွေးခြယ်ခဲ့ကြတဲ့ အတွက်လည်း ဒီအစည်းအဝေးကြီး ဖြစ်မြောက်အောင် ဆောင်ရွက်ကြသူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ ပေါင်းစည်းညီညွတ်ကြတာ၊ စုစည်းအားထုတ်ကြတာဟာ ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်ဖို့ မဟုတ်ပါဘူး။ အမြတ်ထုတ် အသုံးချဖို့လည်း မဟုတ်ပါဘူး။ ဘာသာတစ်ခုနဲ့တစ်ခု လွှမ်းမိုးနိုင်ဖို့ အင်အားစုဆောင်းတာလည်း မဟုတ်ပါဘူး။ လူ့လောက အကြီးအကျယ် ပြောင်းလဲလာရေး အတွက်ပဲ ဖြစ်ပါတယ်။ နှောင်ဖွဲ့မှုကနေ လွတ်မြောက်မှုဆီ၊ ရက်စက်ကြမ်းကြုတ်မှုကနေ ကြင်နာသနားမှုဆီ၊ မညီမညွတ် အငြင်းပွားမှုကနေ အညီအညွတ် သဘောတူမှုဆီ၊ ပူဆွေးမှုကနေ ပျော်ရွှင်မှုဆီ ပြောင်းလဲနိုင်ရေးအတွက် ဖြစ်ပါတယ်။

ဒါဟာ ဗုဒ္ဓရဲ့ လမ်းစဉ်ပါ။ ဗုဒ္ဓဟာ ငြိမ်းချမ်းမှုနဲ့ ဟန်ချက်ညီညီ သဘောတူမှုကို ဖြန့်ဝေခဲ့ပါတယ်။ အင်ပါယာဘုရင် အသောကဟာ အဲဒီ ငြိမ်းချမ်းမှုနဲ့ ဟန်ချက်ညီသဘောတူမှုကို နိုင်ငံပေါင်းများစွာ အရောက် ဖြန်ဖြူးဖို့ ထောက်ပံ့ ကူညီခဲ့ပါတယ်။ ဒီနေ့လည်း အများအကျိုးအတွက် အလားတူ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံကြီးကို မြင်တွေ့ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။

ဗုဒ္ဓရဲ့ တပည့်သာဝကများအတွင်း ဂိုဏ်းဂဏများစွာ ကွဲပြားနေတယ်လို့ မြင်စရာရှိပါတယ်။ ဒါပေမယ့် အဲဒီ ကွဲလွဲမှုဟာ အပေါ်ယံ ကွဲလွဲမှုပါ။ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ အခြေခံမူတွေကို ဂိုဏ်းကွဲအားလုံး လိုက်နာ ကျင့်သုံးကြပါတယ်။

အခုလို ကြိုးပမ်းမှုဟာ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ထိပ်သီးညီလာခံကြီးအတွင်း တွန်းအားတစ်ခု ဖြစ်တယ်ဆိုတာ ဝမ်းမြောက်ဝမ်းသာ ခံယူပါတယ်။ မြန်မာဟာ ကျွန်တော်ရဲ့ မိခင်နိုင်ငံပါ။ ဒီနိုင်ငံမှာ ကျွန်တော့်ကို မွေးဖွားခဲ့ပါတယ်။

ကျွန်တော့် မိသားစုလိုမျိူးပေါ့။ တစ်ချို့ မိသားစုတွေမှာ ကလေးတစ်ယောက် မွေးဖွားလာရင် ကလေးရဲ့ ချက်ကြိုးကို မွေးဖွားရာ အဆောက်အဦ တည်ရှိတဲ့ မြေမှာ မြှုတ်ကြတဲ့ အစဉ်အလာ ရှိပါတယ်။ ကျွန်တော့် ချက်ကြိုးကို ဒီ မြန်မာ့မြေမှာ မြှုတ်နှံခဲ့ပါတယ်။ ကျွန်တော့်ခန္ဓာ အစိတ်အပိုင်းဟာ မြန်မာ့မြေမှာ ထာဝရ တည်ရှိနေပါလိမ့်မယ်။

ကျွန်တော်ခန္ဓာ တစ်စိတ်တစ်ပိုင်း မြန်မာ့မြေမှာ တည်ရှိနေတာ တစ်ခုတည်းကြောင့် မြန်မာဟာ ကျွန်တော့်ရဲ့ မိခင်နိုင်ငံဖြစ်တာ မဟုတ်ပါဘူး။ မြင့်မြတ်တဲ့ ဘာသာရေးမှာလည်း မြန်မာဟာ ကျွန်တော့်ရဲ့ မိခင်နိုင်ငံပါ။ ကျွန်တော်ဟာ မြန်မာနိုင်ငံမှာ နှစ်ကြိမ်နှစ်ခါ မွေးဖွားခဲ့ပါတယ်။ တရားဓမ္မကို ခံယူရရှိခဲ့တဲ့အတွက် ဒုတိယအကြိမ် မွေးဖွားလာရခြင်းဟာ ကျွန်တော့်အတွက် ပိုပြီး အရေးကြီးပါတယ်။

ငှက်တစ်ကောင်ဟာ အမိဝမ်းက ထွက်မြောက်ရခြင်း၊ ဥခွံက ထွက်မြောက်ရခြင်းဆိုပြီး နှစ်ကြိမ် နှစ်ခါ မွေးဖွားရသလိုပါပဲ။ ပထမဆုံး အမေက ကျွန်တော့်ကို မွေးဖွားပါတယ်။ ဆရာကြီး ဦးဘခင်က ကျွန်တော့်ကို ဒုတိယအကြိမ် မွေးဖွားခဲ့ပါတယ်။ တရားဓမ္မကို ခံယူကျင့်သုံး၊ မသိမိုက်မဲမှု အဝိဇ္ဇာဥခွံကို ခွဲထွက်ပြီးတော့ ဂိုအင်ဂါ အသစ်တစ်ယောက်အဖြစ် မွေးဖွားခဲ့ပါတယ်။

ဗုဒ္ဓတရားတော်နဲ့ လုံးလုံးလျားလျား ဆန့်ကျင်နေတဲ့ အသိုင်းအဝိုင်းမှာ ကျွန်တော် ကြီးပြင်းခဲ့ရပေမယ့် သူတော်ကောင်းတရားက ကျွန်တော့်ကို ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပါတယ်။ တရားရှိတဲ့ နိုင်ငံရဲ့ အစွမ်းသတ္တိပါပဲ။

ကျွန်တော့်ရဲ့ ကလေးငယ်ဘဝနဲ့ စောစောပိုင်း လူငယ်ဘဝတုန်းက “ဗုဒ္ဓကို ဝတ်ပြုရှိခိုးမယ်ဆို ရှိခိုးနိုင်တယ်။ သူ့တရား သူ့လမ်းစဉ်ကိုတော့ ဝေးဝေးရှောင်ရမယ်”လို့ ရိုက်သွင်းခံခဲ့ရပါတယ်။ “ဗုဒ္ဓရဲ့ တရားတွေဟာ လမ်းမှားတွေ ဖြစ်တယ်။ ငရဲပို့လိမ့်မယ်”လို့ ကျွန်တော့်ကို သင်ပေးကြပါတယ်။

ဒီလို ကျဉ်းမြောင်းကန့်သတ်ထားတဲ့ အန္တရာယ်တွေ ကြားထဲကနေ ကျွန်တော် ဘယ်လိုမျိုး တရားနဲ့ တွေ့ခဲ့ပါသလဲ။ ဗုဒ္ဓရဲ့ တရားဓမ္မဘက်ရောက်အောင် ဆွဲဆောင်သိမ်းသွင်းခဲ့တာက ဘာလဲ။ ကျွန်တော် ဆရာကြီး ဦးဘခင်နဲ့ ပထမဆုံး တွေ့ခဲ့တဲ့ အချိန်ကို သတိရနေပါသေးတယ်။

ကျွန်တော် ဘာသာစွဲ သိပ်သန်ခဲ့ပါတယ်။ ကျွန်တော်ဟာ ဗုဒ္ဓတရားတော်အပေါ်မှာ ယုံမှားသံသယ ကြီးခဲ့ပါတယ်။ ကျွန်တော်ဟာ ဒီဒေသမှာ အိန္ဒိယအနွယ် ဟိန္ဒူအသိုင်းအဝိုင်းရဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ဆရာကြီးက သိတာပေါ့။ ဆရာကြီးက မေးတယ်။ “မင်းတို့ ဟိန္ဒူတွေ သီလ-ကိုယ်ကျင့်တရား၊ သမာဓိ-စိတ်ကို ထိန်းချုပ်မှု၊ ပညာ-စိတ်ကို သန့်စင်မှုနဲ့ ပတ်သက်လို့ လက်မခံနိုင်တာ ရှိလား”တဲ့။ ကျွန်တော် ဘယ်လိုငြင်းနိုင်မှာလဲ။ ဘယ်သူများ လက်မခံနိုင်စရာ ရှိလဲ။ သူက ဆက်ပြောသေးတယ်။ “ဘုရားဟောတာ ဒါပဲ။ ဒါကိုပဲ ငါ စိတ်ဝင်စားတာ။ မင့်ကို ငါ သင်ပေးစရာ ရှိတာလဲ ဒါပဲ”တဲ့။ သီလ သမာဓိ ပညာကို ဘယ်သူက ဘယ်လို ငြင်းပယ်မှာတဲ့လဲ။

နောက်ကျတော့ ဘာသာရေးနောက်ခံ အမျိုးမျိုးရှိတဲ့ လူမျိုးစုံကို ကျွန်တော် တရားပြတဲ့ အခါမှာ သူတို့ကို ဆရာကြီး ရှင်းပြတဲ့အတိုင်းပဲ ရှင်းပြရတယ်။ ဓမ္မကို ဆရာကြီး ရှင်းပြတာက ကျယ်ပြန့်တယ်၊ ဂိုဏ်းဂဏအစွဲ မရှိဘူး။ ဆရာကြီးဟာ ကျွန်တော့်ကို ဗုဒ္ဓဘာသာအဖြစ် ပြောင်းပေးဖို့ စိတ်မဝင်စားခဲ့ဘူး။

“ငါအတွက်တော့ တစ်ဦးတစ်ယောက်ဟာ သီလ သမာဓိ ပညာကို လက်တွေ့ အကျိုးရဖို့ ကျင့်သုံးတယ်ဆိုရင် ယောက်ျားးပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အဲဒီလူဟာ ဗုဒ္ဓဘာသာပဲ။ သီလ သမာဓိ ပညာကို မကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဝင် ဆိုရင်တော့ သူတို့အတွက် စိတ်မကောင်းပါဘူး။”လို့ ဆရာကြီးက ပြောလေ့ရှိတယ်။

ကျွန်တော့်ရဲ့ ပထမဆုံး ဝိပဿနာသင်တန်းဟာ ကျွန်တော့်ကို ဗုဒ္ဓတရားတော်နဲ့ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး ကျွန်တော့်ဘဝကိုပါ ထာဝရ ပြောင်းလဲစေခဲ့ပါတယ်။ ကျိုးကြောင်းယုတ္တိလည်းရှိ လက်တွေ့လည်းကျ လက်တွေ့လည်း အကျိုးရပြီး အားလုံးနဲ့ သက်ဆိုင်တဲ့၊ ဂိုဏ်းဂဏ အစွဲလည်းကင်းတဲ့ ဗုဒ္ဓတရားတော်ဟာ ကျွန်တော့်ကို သံလိုက်ဓာတ် တစ်ခုလို ဆွဲဆောင်သိမ်းသွင်း ခဲ့ပါတယ်။

တရားတော်မှာ ငြင်းဆန်ကန့်ကွက်စရာ ဘာမှ မပါပါဘူး။ ကျွန်တော်ဟာ ကိလေသာကို သုတ်သင်ရှင်းလင်းရေး၊ စိတ်အစဉ် စင်ကြယ်ရေးနဲ့ ပတ်သက်လို့ ကြားနာမှတ်သားမှုတွေ၊ ဆွေးနွေး ဟောပြောမှုတွေ လုပ်ခဲ့ပါတယ်။ ခံစားမှု ဝေဒနာကို စတင်လေ့လာရှုမှတ်တော့ စောစောပိုင်းမှာ “ဒီအလုပ်က ငါ့ကို ဘယ်လိုအကူအညီ ပေးသလဲ၊ ဘာအကျိုးရှိသလဲ”လို့ သံသယ ဖြစ်တဲ့အခါ ဖြစ်မိပါတယ်။ ဒါပေမယ့် မကြာခင်မှာဘဲ ငါဟာ ပြဿနာရဲ့ ရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းနေတာ ဖြစ်တယ်လို့ နားလည်လာခဲ့ပါတယ်။ ကျွန်တော်ဟာ လုံးဝလွတ်မြောက်ရာဆီကို အမှန်တကယ် လျှောက်လှမ်းနေခဲ့တာ ဖြစ်ပါတယ်။

ဘာသာရေးကိုင်းရှိုင်းမှုနဲ့ ဆင်ခြင်တုံပညာဟာ နှစ်ခုစလုံး အရေးကြီးပေမယ့် ဆရာကြီး ကျွန်တော့်ကို သင်ပြ ပေးတာတွေက ဘာသာသာရေး ကိုင်းရှိုင်းမှုကို မြှင့်တင်ပေးရုံ ဆင်ခြင်ဉာဏ်ကို နှစ်သိမ့်စေရုံတင် မကပါဘူး။ သစ္စာတရားကို လက်တွေ့အဆင့်အထိ နားလည်စေမယ့် နည်းလမ်းကို ဆရာကြီးက သင်ပြပေးခဲ့ပါတယ်။ ကျွန်တော့်ကို လက်ခံယုံကြည်စေခဲ့တာ လက်တွေ့အကျိူး ရစေခဲ့တာကတော့ ခန္ခာကိုယ် ခံစားမှု ဝေဒနာက တစ်ဆင့် ရရှိတဲ့ အမှန်တရား အတွေ့ကြုံပဲ ဖြစ်ပါတယ်။ ဗုဒ္ဓတရားတော်ဟာ လက်တွေ့အကျိုးပေးတဲ့ အကာလိကတရားပါ။

တရားဓမ္မထွန်းကားတဲ့ ဒီနိုင်ငံမှာ မွေးဖွားခဲ့ရတာ ကံကောင်းတယ်လို့ ခံစားမိပါတယ်။ ဆရာကြီး ဦးဘခင်နဲ့ အဆက်အသွယ် ရခဲ့တာလည်း အလွန်ကံကောင်းတယ်လို့ ခံစားမိပါတယ်။ ဆရာကြီးဟာ အပြစ်ကင်း သန့်စင်တဲ့ တရားဓမ္မ နည်းစနစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဆရာကြီးဟာ ဘာကိုမှ အတုံ့အလှည့် မျှော်ကိုးမထားဘဲ ကရုဏာတရား ကြီးမားစွာနဲ့ သွန်သင်ညွှန်ပြပေးတဲ့ သူတော်စင်ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ယခုအခါမှာ အဲဒီ တရားဓမ္မဟာ တစ်ကမ္ဘာလုံးက လူသားတွေကို ဆွဲဆောင်သိမ်းသွင်း နေပါတယ်။ နိုင်ငံပေါင်း ခုနစ်ဆယ်လောက်မှာ ဝိပဿနာ သင်တန်းတွေ ဖွင့်လှစ်ပြီးပါပြီ။ နိုင်ငံပေါင်း တစ်ရာ့ သုံးဆယ်ကျော်က ပုဂ္ဂိုလ်တွေဟာ ဝိပဿနာသင်တန်းတွေမှာ ပါဝင်ဆင်နွှဲ ကျင့်ကြံခဲ့ကြပါပြီ။

တစ်ကမ္ဘာလုံးက လူသားတွေဟာ ဘာကြောင့် ဗုဒ္ဓဓမ္မကို စိတ်ဝင်စား နေကြတာလဲ။ ဘုရားရှင်ရဲ့ တရားတော်တွေဟာ ရိုးရှင်းပေမယ့် အလွန် နက်နဲပါတယ်။ တကယ် နက်နဲပါတယ်။ ဘုရားရှင်ဟာ သူရဲ့ တရားတော်ကို စကားလုံး နဲနဲနဲ့ပဲ ဟောပြခဲ့ပါတယ်။
သဗ္ဗပါပဿ အကရဏံ၊
ကုသလဿုပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါနသာသနံ-တဲ့။

ဒါဟာ အားလုံးသော ဘုရားရှင်တို့ရဲ့ တရားတော်ပါပဲ။ ဂေါတမဘုရားရှင် တစ်ဆူတည်း မဟုတ်ပါဘူး။ ဘုရား ဖြစ်တယ်ဆိုရင် ဘယ်သူမဆို တစ်ခြားဘာမှ သင်ပြဟောကြားမှာ မဟုတ်ပါဘူး။ ဒီတရား သုံးပါပဲ ဟောကြားမှာပါ။

သဗ္ဗပါပဿ အကရဏံ - အပြစ်ရှိတဲ့ အပြုအမူ မကောင်းတဲ့ အမူအကျင့်၊ အကုသိုလ်မှုတွေကို မကျင့်သုံး ရဘူး။

ကုသလဿ ဥပသမ္ပဒါ - အပြစ်ကင်းတဲ့ အပြုအမူ ကောင်းမြတ်တဲ့ အမူအကျင့်၊ ကုသိုလ်မှုတွေကို ကျင့်သုံး ရမယ်။

နောက်ပြီး သစိတ္တပရိယောဒပနံ - စိတ်ကို စင်ကြယ်အောင် စောင့်ထိန်းရမယ်။ မနောကံ အားလုံးကို ဖြူစင်အောင် စောင့်စည်းရမယ်။

ဒါပါပဲ။ အလွန် ရိုးရှင်းပေမယ့် တကယ် နက်နဲပါတယ်။ တကယ် လေးနက်ပါတယ်။ အပေါ်ယံ အဆင့်မှာတော့ ဒီတရားဟာ ရိုးတယ်လို့ ထင်ရပါတယ်။

ဘာသာတရားဆိုတဲ့ နာမည်နဲ့ လိုက်ဖက်တဲ့ ဘယ်ဘာသာမဆို “အကုသိုလ်ကို ရှောင်ကြဉ်ပါ”လို့ ဟောကြားပါလိမ့်မယ်။ “ကောင်းမြတ်တာကို လုပ်ပါ”လို့ ဘာသာတိုင်းက ဟောကြားပါလိမ့်မယ်။ ဘယ်ဘာသာဖြစ်ဖြစ် “စိတ်ကို စင်ကြယ်အောင် သုတ်သင်ပါ”လို့ ဟောကြားပါလိမ့်မယ်။ ဘာသာတရားတိုင်းက အဲဒီသုံးမျိုးကို ဟောကြားပါလိမ့်မယ်။

ကဲ ဘုရားရှင်ဟာ ဘယ်လောက် ထူးခြားတော် မူပါသလဲ။ နားလည်လိုက်ကြရအောင်။ တရားဟောကြားရုံဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဗုဒ္ဓဘုရားရှင်ဟာ တစ်ခြား ဘာသာရေး ခေါင်းဆောင် တွေနဲ့ အဆင့် အတူတူပါပဲ။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်ဟာ တရားဟောရုံတင် မကပါဘူး။ တရားနည်းလမ်းကျတဲ့ ဘဝတစ်ခု တည်ဆောက်နိုင်ရေးအတွက် ဒေသနာတော်တွေကို တကယ်လက်တွေ့ အသုံးချနိုင်အောင် ဘုရားရှင်က ကျွန်တော်တို့ကို နည်းလမ်းညွှန်ခဲ့ပါတယ်။ စနစ် ပေးခဲ့ပါတယ်။ အကျင့်စရဏ ညွှန်ပြခဲ့ပါတယ်။

ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ဘဝကို တည်ဆောက်ဖို့ဆိုရင် “ဟုတ်တယ်။ ငါ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ဘဝကို တည်ဆောက်ရမယ်။ ဒါကို ငါလက်ခံတယ်”လို့ အသိဉာဏ်ရှိတဲ့သူ အားလုံးက သဘောတူ နိုင်ပါတယ်။ ဒါမှမဟုတ် ဘာသာတရား လေးစားကိုင်းရိုင်းမှု အဆင့်မှာလည်း ဗုဒ္ဓဘုရားရှင်က ဒါမှမဟုတ် ဘာသာတရားကို တည်ထောင်သူက ကိုယ်ကျင့်သီလရှိဖို့ ဟောကြားခဲ့တဲ့ အတွက်ကြောင့် “ငါဟာ ဘယ်ဂိုဏ်းဝင် ဖြစ်တယ်၊ ငါဟာ ဘယ်ဘာသာဝင်ဖြစ်တယ်၊ ငါ့ ဓလေ့ထုံးတမ်းက ဘယ်လိုရှိတယ်၊ ဒါကြောင့် ငါဟာ ကိုယ်ကျင့် သီလနဲ့ ပြည့်စုံတဲ့ဘဝကို တည်ဆောက်ရမယ်”ဆိုပြီး ကိုယ်ကျင့် သီလကို လက်ခံနိုင်ပါတယ်။ “ငါ ကုသိုလ်ပြုရမယ်။ ကောင်းတာ လုပ်ရမယ်။ ငါ့ စိတ်ကို သန့်စင်ရမယ်”ဆိုတဲ့ ဒီတရားကို ဘာသာတရားကိုင်းရှိုင်းတဲ့ အဆင့်မှာရော ဆင်ခြင်သုံးသပ်တဲ့ အဆင့်မှာပါ လက်ခံနိုင် ပါတယ်။

ဒါပေမယ့် အဲဒီတရားကို လက်တွေ့အဆင့် ကိုယ်တွေ့အဆင့်မှာ လက်ခံဖို့ ခက်ပါတယ်။ လက်တွေ့အဆင့်မှာ လစ်ဟာနေပါတယ်။ လက်တွေ့အဆင့်မှာ လစ်ဟာရင် အားလုံး လစ်ဟာ သွားတာပါပဲ။

တစ်ဦးတစ်ယောက် ဘုရား ဖြစ်လာတဲ့အခါ အဲဒီဘုရားက တရားဓမ္မ လက်တွေ့ သဘောတရားကို ဟောကြားပါတယ်။ အကုသိုလ်မှုတွေကို ရှောင်ပါ။ ဘယ်လို ရှောင်ရမလဲ။ ကောင်းတာတွေ ဆောင်ရွက်ပါ။ ကောင်းတာတွေ ဘယ်လို ဆောင်ရွက်ရမလဲ။ စိတ်ကို စင်ကြယ်အောင် သန့်ရှင်းပါ။ စိတ်ကို လုံးဝစင်ကြယ်အောင် ဘယ်လိုလုပ်ရမလဲ။

ဒါဟာ ဗုဒ္ဓရှင်တော်မြတ် လူသားလောကဆီ ဖြန့်ဖြူးခဲ့တဲ့ ထူးခြားတဲ့ အချက်ပါပဲ။ စိတ်ဓာတ် လုံးဝ စင်ကြယ်အောင်လုပ်တဲ့ နည်းလမ်းကို ဘုရားရှင် ဖော်ထုတ်ခဲ့ပါတယ်။ ညွှန်ပြခဲ့ပါတယ်။


အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့တယ်ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။
:)
ရှင်အာစာရ

Ref (10 May 2011):
http://www.vridhamma.org/en2004-13
http://www.mail-archive.com/mabindo@yahoogroups.com/msg00038.html

3 comments:

  1. စကားပြောကောင်းတဲ့ ဆရာကြီး ရဲ့ မိန့်ခွန်းကို မြန်မာ လို ဖတ်ရတာ ပီတိဖြစ်ရသလို ထိန်းသိမ်းသင့်တဲ့ မှတ်တမ်းကောင်းလေးတစ်ခု လို သိမ်းထားဖြစ်ပါတယ်။ အင်္ဂလိပ်လို ပါ ယှဉ်တွဲလိုချင်ပါတယ်ဘုရား။ အရှင်ဘုရား ရဲ့ ဆောင်းပါးကောင်းလေးတွေ ကို Face Book စာမျက် နှာများ မှာ ထပ်ဆင့်မျှဝေသင့်ပါကြောင်းအကြံပြုလိုပါတယ်...ကျေးဇူးတင်စွာဦးတင်လိုက်ပါတယ်..။ ကျန်းမာချမ်းသာစွာ သာသနာရေးဆောင်ရွက်နိုင်ပါစေ။

    ReplyDelete
  2. ဘုန်းကြီးအမှိုက်ပုံးကြီးကို သန့်ရှင်းရေး လုပ်အပြီး မှတ်တမ်းကောင်းတစ်စောင်ကို ဖတ်လိုက်ရတာ တရားမင်းသခင်ကိုပင်
    ဦးချဘို့ မေ့သွားခဲ့လေ၏။

    ReplyDelete
  3. ဟုတ်ကဲ့ပါ။ နှစ်ဘာသာတွဲဖို့ဆိုရင် အင်္ဂလိပ်လို ပြန်ထည့်ရအုံးမှာပေါ့။ အင်္ဂလိပ်သီးသန့်ဆိုရင်တော့ အောက်မှာ two links ပေးထားပါတယ်။

    အမှိုက်ပုံးကြီးကို ဖင်ကနေသာ ဖောက်ထားလိုက်ပါဘုရား။ :)

    ReplyDelete