Friday, May 13, 2011

Four Wives - မယားလေးယောက်

လွန်ခဲ့တဲ့ နှစ်ဆယ့်တစ်ရာစု အဦးပိုင်း ကာလတုန်းကပေါ့ . . .။ သမ္ဗာဓဓာဝနနေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းတော်မူတဲ့ ဒသသတသဟဿကဉ္စနမင်းကြီး လူကြီးရောဂါနဲ့ အိပ်ယာထဲ လဲနေချိန်မှာ မင်းတိုင်ပင် အမတ်ကြီးတွေက အိမ်ရှေ့ဥပစာ  သတသဟဿဝဇီရမင်းသားကြီးကို ထီးနန်းလွှဲအပ်လိုက်ကြသတဲ့။ ဒါကို ဒသသတသဟဿကဉ္စနမင်းကြီးကလည်း ၀မ်းမြောက်ဝမ်းသာ သဘောတူသတဲ့။ ဒီလိုနဲ့ သတသဟဿဝဇီရမင်းကြီး ထီးနန်းစိုးစံတော်မူချိန်မှာ ဘောဂ၀တီ ဦးလျောင်ဂွမ်းဆိုတဲ့ စီးပွားရေးသမားကြီး တစ်ယောက်ဟာ နေပြည်တော်အတွင်းမှာ အကြွယ်ဝဆုံး သူဌေးကြီးအဖြစ် ထင်ရှားသတဲ့။ အဲဒီ သူဌေးကြီးမှာ “ဒေါ်ကမ္မ၀ါဒီ၊ ဒေါ်ဂဟပတာနီ၊ ဒေါ်ဓန၀တီ နဲ့ ဒေါ်ယသ၀တီ”ဆိုတဲ့ မယားလေးယောက် ရှိသတဲ့။

[အဲဒီခေတ်က ပါဠိစာပေ ထွန်းကားတဲ့ခေတ်မို့ တိုင်းပြည်နာမည် မင်းနာမည် လူနာမည်အပါအ၀င် နာမည်အများစုကို ပါဠိလို မှည့်ခေါ်ကြသတဲ့။ နေပြည်တော် အတွင်းက အဂ္ဂါဘိဓဇမဟာဝိဇ္ဇာလယ ပါဠိတက္ကသိုလ်ကြီးဟာ ကမ္ဘာမှာ အထူးထင်ရှား ကြော်ကြားသတဲ့။ နိုင်ငံတကာမှာ တက္ကသိုလ်ကြီးနဲ့ ချိတ်ဆက်ထားတဲ့ လက်အောက်ခံ ပါဠိကောလိပ်ပေါင်း ရှစ်သောင်းလေးထောင်ကျော် ရှိသတဲ့။ နိုင်ငံခြားသာသနာပြု ရဟန်းတော်တွေရဲ့ စွမ်းဆောင်မှုကြောင့် မဇ္ဈိမဒေသ၊ ဂေါယာန၊ အပရဂေါယာန၊ စိနရဋ္ဌ၊ မလယ၊ သီဟပူရ အစရှိတဲ့ တိုင်းတစ်ပါး နိုင်ငံတွေမှာလည်း ပါဠိစာပေ ထွန်းကားပြန့်ပွားနေသတဲ့။ အင်တာနေရှင်နယ် ပါဠိသင်တန်း၊ အပြည်ပြည်ဆိုင်ရာ ပါဠိသင်တန်း၊ ဂလိုဘယ် ပါဠိသင်တန်း၊ ယူနီဗာဆယ် ပါဠိသင်တန်း စတဲ့ ပါဠိသင်တန်းတွေ  လုံလုံလောက်လောက် ရှိနေလို့ ပါဠိစာပေကို စိတ်ဝင်စားသူတွေ အလွယ်တကူ လေ့လာနိုင်ကြသတဲ့။ မဇ္ဈိမဒေသ သာသနာပြု ရဟန်းတစ်ပါးဟာ သောကြာ စေတန် ယူရေးနပ်ဆိုတဲ့ ဂြိုလ်ကြီးသုံးလုံးအထိ သွားရောက်ပြီး ပါဠိစကားပြောသင်တန်းတွေ ဖွင့်လှစ်နိုင်စွမ်း ရှိသတဲ့။ လကမ္ဘာမှာ သူ သွားရောက်ဖွင့်လှစ်မယ့် ပါဠိစကားပြောသင်တန်းကတော့ အကျိုးမရှိလှဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပါဠိတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ကြီး ဒိဗ္ဗသောတအဘိညာဏ ရှင်အာစာရ အရှင်သူမြတ်က ကန့်ကွက်လိုက်လို့ အစီအစဉ် ပျက်ခဲ့ရသတဲ့။ ဒါက စကားညှပ်ပါ။]

သူဌေးကြီးဟာ သီးသန့်အိမ်တစ်ဆောင်စီ ပေးထားတဲ့ မယားလေးယောက်နဲ့ တစ်နှစ်မှာ သုံးလစီ အလှည့်ကျ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေထိုင်ပါသတဲ့။ တစ်နေ့တော့ သူဌေးကြီးဟာ Advanced Immigration Disorderly Systemized  (AIDS)ဆိုတဲ့ ခေတ်ပေါ်ရောဂါဆိုးတစ်မျိုး ကူးစက်ခံရပြီး သေလုမျောပါးနဲ့ အိပ်ယာထဲ လဲပါလေရောတဲ့။ အဲဒီတော့ မကြာခင်က လက်ထပ်ယူခဲ့တဲ့ အငယ်ဆုံး မယားလေး ဒေါ်ယသ၀တီကို သူ့အနားမှာ နေပေးပြီး သူ့ကို ပြုစုဖို့ လူမမာ သူဌေးကြီးက ခေါ်ထားလိုက်သတဲ့။ အစွမ်းကုန် ပြုစုပေးနေတဲ့ မယားလေးကို လူမမာ သူဌေးကြီးက ပြောသတဲ့။ ကဗျာဆန်ဆန် သွယ်သွယ်လျလျ ချောမောလှပ ပြေပြစ်တဲ့ မယားလေးကို လက်နဲ့ အားယူပုတ်လိုက်ပြီး လေသံသဲ့သဲ့ နုံ့နုံ့ယဲ့ယဲ့လေးနဲ့ နွဲ့နွဲ့ကြီး ပြောသတဲ့။

“ညီမ . . . ကိုကြီးတော့ တစ်ရက်နှစ်ရက်အတွင်း သေရတော့မယ်။ သွားရတော့မယ် . . .။ ညီမကို ထားခဲ့ရတော့မယ် . . .။ မင်းမရှိလို့ မဖြစ်ဘူး . . .။ ကိုကြီးနဲ့ အတူလိုက်ခဲ့ပါလား . . .။”

ဖြူစင်ဝင်းမွတ်တဲ့ အလှပဂေးမလေး ဒေါ်ယသ၀တီက ပြန်ပြောသတဲ့။

“မဟုတ်တာ . . .။ နေခဲ့မှ ဖြစ်မယ်။ ကိုကြီးရဲ့ အသုဘ အခမ်းအနားမှာ ကိုကြီးရဲ့ ဂုဏ်ကျေးဇူးတွေကို လူသိရှင်ကြား ပြောပေးမယ်လေ။ ဒါပဲ လုပ်ပေးနိုင်မယ်။”

ဒေါ်ယသ၀တီဟာ ပြောပြောဆိုဆိုနဲ့ အခန်းထဲက ခပ်သုတ်သုတ် ထွက်သွားသတဲ့။

ဒေါ်ယသ၀တီရဲ့ အေးစက် မာကြော ပြတ်သားတဲ့ တုံ့ပြန်ချက်က သူဌေးကြီးရဲ့ နှလုံးသားကို ဓားနဲ့ထိုးလိုက်သလို ဖြစ်သွားသတဲ့။ သူကတော့ အငယ်ဆုံး အလှဆုံး အချစ်ဆုံးမို့ အရေးပေးခဲ့လိုက်ရတာ . . .။ သွားလေရာရာ တစ်ဖ၀ါး မကွာ . . .။ ဧည့်ခံပွဲတွေ ဖျော်ဖြေပွဲတွေအစ စီးပွားရေး ကုန်စည်ပြပွဲတွေအဆုံး ပွဲသဘင် အားလုံးမှာ . . .။ နောက်ဆုံး အပြင်လူ ၀င်ခွင့်မရတဲ့ ထိပ်သီးစည်းဝေးပွဲတွေမှာတောင် အထူးကိုယ်ရေး အရာရှိ တစ်ယောက်လို . . .။ အဲဒီ အချစ်တုံးလေးက ခုတော့ . . .။

ဒါနဲ့ အရွယ်လတ်ပိုင်း တတိယမယား ဒေါ်ဓန၀တီကို ခေါ်ပေးဖို့ အစေခံတစ်ယောက်ကို အမိန့်ပေးလိုက်သတဲ့။ ဒီမယားကို လက်ထပ်ခွင့်ရဖို့ သူဌေးကြီး အသည်းအသန် ကြိုးစားခဲ့ရတာတဲ့။ ဒါပေမယ့် ထိုက်တန်တယ် ပြောရမယ်။ ဒေါ်ဓန၀တီက သူဌေးကြီးကို ပျော်ရွှင်ချမ်းမြေ့ခြင်းတွေ ပေးဆက်နိုင်ပါသတဲ့။ ဘာမဆို မငြိငြင်ရအောင် သဌေးကြီး လိုသမျှ စိတ်တိုင်းကျအောင် စီမံပေးသတဲ့။ ‘တည်တည်ငြိမ်ငြိမ်နဲ့ ဆွဲဆောင်မှုရှိတဲ့ အလှပိုင်ရှင်မလေးကို ရထားတာ ကံကောင်းလိုက်တာ’လို့လည်း အပေါင်းအသင်း ဆွေမျိုးသားချင်းတွေက မကြာခဏ ချီးကျူးထောမနာ ပြုကြသတဲ့။ နောက်ပြီး ဣနြေ္ဒရှင် မဖုရားဟာ လင်သားအပေါ် အထူး သစ္စာစောင့်သိပါသတဲ့။ ဒေါ်ဓန၀တီနဲ့ ပေါင်းသင်းနေထိုင်ချိန်တွေဟာ သူဌေးကြီးအတွက် လေးနက်တည်ငြိမ်တဲ့ ဘ၀အဓိပ္ပာယ်ကို နားအလည်နိုင်ဆုံး အချိန်တွေ ဖြစ်ခဲ့ပါသတဲ့။

အမိန့်တော်မြတ်အတိုင်း အမြန်ရောက်ရှိလာတဲ့ ဒေါ်ဓန၀တီရဲ့ ဖယောင်းသား လက်ချောင်းလေးတွေကို တင်းတင်းဆုပ်ကိုင်ထားရင်း သူဌေးကြီးက ပြောသတဲ့။

“ခင်ရယ် . . . ကိုယ်တော့ တစ်ရက်နှစ်ရက်အတွင်း သေရတော့မယ် . . .။ မင်းနဲ့ခွဲရရင် ကိုယ်တော့ အထီးကျန်ပြီပေါ့ . . .။ ကိုယ်နဲ့အတူ လိုက်ခဲ့ပါလား . . .။”

ခံစားချက် ကင်းမဲ့တဲ့ အမူအယာနဲ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ဒေါ်ဓန၀တီ ဖြေလိုက်တာက . . .

“လုံးဝကို မဖြစ်နိုင်ပါဘူး ရှင် . . .။ ဒါမျိုး တစ်ခါမှ မကြုံးဖူးဘူး။ ဆွေမျိုးတွေ မိတ်ဆွေတွေ အားလုံးကို ဖိတ်ကြားပြီး ရှင့်ရဲ့ အသုဘကို အခမ်းနားဆုံးဖြစ်အောင် လုပ်ပေးမယ်လေ။ ဧည့်သည်တွေကို ဖွယ်ဖွယ်ရာရာ ဧည့်ခံ ကျွေးမွေးမယ်။ ဘွဲ့တံဆိပ်တော်ရ ထေရ်ကြီးဝါကြီး သံဃာတော် အပါးတစ်ထောင်ကို သရဏဂုံတင်ပေးဖို့ ပင့်ဖိတ်ပြီး တစ်ပါးတစ်ပါးကို သိန်းတစ်ထောင်တန် န၀ကမ္မ လှူဒါန်းမယ်။ ရှင့်အတွက် အမျှဝေမယ်။ အသုဘ ပြီးရင်တော့ တာ့တာပဲ။ သားသမီးတွေကလည်း ရှိသေးတယ် . . .”တဲ့။

သူဌေးကြီးဟာ ဟိုတွေးဒီတွေး တွေးနေရင်း စိတ်မချမ်းမသာဖြစ်ပြီး ရောဂါပိုတိုးလာသတဲ့။

“အော် . . . ငါမရှိတဲ့နောက်မှာ ဓန၀တီဟာ ပိုင်ရှင်သစ်ရဲ့ ရင်ခွင်သစ်မှာ . . . . . .”

ဒါနဲ့ စိတ်နာနာနဲ့ ဒေါ်ဓန၀တီကို မောင်းထုတ်လိုက်ပြီး ဒုတိယမယား ဒေါ်ဂဟပတာနီကို ဆင့်ခေါ်လိုက်သတဲ့။ ဒေါ်ဂဟပတာနီဟာ အလှအပ အနေနဲ့ ဆွဲဆောင်မှု သိပ်မရှိလှပေမယ့် သူဌေးကြီး အယုံကြည်ရဆုံး စိတ်အချရဆုံး အရင်းနှီးဆုံး ဖြစ်သတဲ့။ ဒေါ်ဂဟပတာနီနဲ့ သူဌေးကြီးတို့ ပေါင်းသင်းလာခဲ့တဲ့ အချိန်ကလည်း ကြာပြီကိုး။ သူဌေးကြီး အခက်အခဲ ပြဿနာတွေ ကြုံရတိုင်း ဒေါ်ဂဟပတာနီက မညီးမငြူ ကူညီပေးသတဲ့။ သူဌေးကြီး လိုအပ်တဲ့ အခါတိုင်း ဒေါ်ဂဟပတာနီက အဆင်သင့် ဖြစ်နေသတဲ့။ ဒေါ်ဂဟပတာနီရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အကြံဉာဏ်ကောင်းတွေကြောင့် ပြေလည်သွားတဲ့ ပြဿနာတွေ အများကြီး ရှိသတဲ့။ ရေးကြီးသုတ်ပျာ ရောက်လာတဲ့ ဒေါ်ဂဟပတာနီရဲ့ ဖော်ရွေတဲ့ မျက်လုံးတွေကို ငေးကြည့်ရင်း သူဌေးကြီးက ပြောသတဲ့။

“အချစ်ရယ် . . .။ တစ်ရက် နှစ်ရက်အတွင်း ကိုယ်သေရတော့မယ် . . .။ သေပြီဆိုရင် ကိုယ်တော့ အထီးကျန် ဖြစ်တော့မှာပဲ . . .။ ကိုယ် အဖော်ရအောင် မင်း ကိုယ်နဲ့လိုက်ခဲ့ပါ နော် . . .။”

ဒေါ်ဂဟပတာနီက တောင်းတောင်းပန်ပန် ပြန်ပြောသတဲ့။

“၀မ်းနည်းပါတယ် ရှင် . . .။ ကျွန်မလည်း တကယ့်ကို ကြေကွဲရပါတယ် . . .။ ဒါပေမယ့် ရှင့်နောက်တော့ မလိုက်နိုင်လို့ပါ . . .။ ကျွန်မ သင်္ချိုင်းထိပဲ လိုက်ပို့နိုင်မှာ . . .။ ဒါထက်တော့ မပိုနိုင်တော့ပါဘူး ရှင် . . .။”

ဒီလိုနဲ့ သူဌေးကြီးဟာ မသေခင်ကဘဲ အထီးကျန် ဖြစ်နေတော့သတဲ့။ ၀မ်းနည်းပက်လက်နဲ့ နောက်ဆုံး ပထမမယားဖြစ်တဲ့ ငယ်ပေါင်းကြီး ဒေါ်ကမ္မ၀ါဒီကို ခေါ်လိုက်ပြီး သူ့နောက်လိုက်ခဲ့ဖို့ တောင်းပန်သတဲ့။

“ရှင်မရယ် . . .။ တစ်ရက် နှစ်ရက်အတွင်း ကိုယ် သေရတော့မယ်။ ဒီခရီးကို ကိုယ်တစ်ယောက်တည်း သွားရမှာ။ ကိုယ့်ကို သနားပါအုံး။ ကိုယ်အဖော်ရအောင် ကိုယ်နဲ့အတူ လိုက်ခဲ့ပါနော် . . .။”

မတုန်မလှုပ် ခံစားချက်ကင်းကင်း တည်တည်ငြိမ်ငြိမ်နဲ့ ဒေါ်ကမ္မ၀ါဒီက ပြောသတဲ့။

“လိုက်မှာပေါ့ မောင်ရယ် . . . မောင်နဲ့ကျွန်မက သံသရာလက်တွဲဖော်တွေပဲ . . .။ မိကမ္မဟာ . . . မောင့်ရဲ့ စစ်မှန်တဲ့ ဘ၀ဖော်ပါ။ ဘာမှ အားမငယ်ပါနဲ့ မောင်ရယ် . . .။”

ဒေါ်ကမ္မ၀ါဒီဟာ သူဌေးကြီးအတွက် အပေးဆပ်နိုင်ဆုံး ငယ်ပေါင်း မယားကြီးပေါ့။ သူတို့ဟာ သက်တူရွယ်တူ ငယ်ဖော်ကစားဘက် ကျောင်းနေဘက် သူငယ်ချင်းတွေလည်း ဖြစ်ကြသတဲ့။ အရွယ်ရောက်လာတော့ သူတို့ချင်း ချစ်ကြကြိုက်ကြပြီး မိဘဆွေမျိုး အသိုင်းအ၀ိုင်းကလည်း သဘောတူလို့ လက်ထပ်ပေါင်းသင်းခဲ့ကြသူတွေပါတဲ့။ ဒါတင် မကဘဲ သူဌေးကြီးရဲ့ အရာရာဟာ ဒီမယားကြီးကြောင့် ဖြစ်ပေါ်လာရတာပါတဲ့။ သူဌေးကြီးရဲ့ ချမ်းသာကြွယ်ဝမှုတွေ အောင်မြင်မှုတွေ ကြော်ကြားမှုတွေ ခမ်းနားထည်ဝါမှုတွေ ဖြစ်ပေါ်လာအောင် နဲ့ ခိုင်ခိုင်မာမာ တည်တံ့နေအောင် ဒေါ်ကမ္မ၀ါဒီက နောက်ကွယ်ကနေ ပံ့ပိုးကြိုးကိုင် ပေးနေရတာပါတဲ့။ သူဌေးကြီးရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ဒေါ်ကမ္မ၀ါဒီရဲ့ မိဘအမွေ ပစ္စည်းတွေ ရင်းနှီးမြှုပ်နှံထားတာဟာ ပိုင်ဆိုင်မှု အားလုံးရဲ့ တစ်ဝက်ကျော်ကျော် ပါဝင်ပါသတဲ့။ ဒါပေမယ့် လုပ်ငန်းတွေ အရှိန်မြင့်မြင့်နဲ့ အောင်မြင်လာပြီး သူဌေးကြီးလည်း နေပြည်တော်အတွင်း ကြော်ကြားလာချိန်မှာတော့  မယားကြီး ဒေါ်ကမ္မ၀ါဒီဟာ တဖြည်းဖြည်း မျက်ကွယ်ပြု ချောင်ထိုးခံခဲ့ရပါသတဲ့။ အထူးသဖြင့် တတိယမယား ဒေါ်ဓန၀တီ၊ စတုတ္ထမယား  ဒေါ်ယသ၀တီတို့နဲ့ လက်ထပ်ပြီးချိန်မှာ သူဌေးကြီးရဲ့ စိမ်းကားမှုတွေက လူသိရှင်ကြား ပေါ်ပေါ်ထင်ထင်ကြီး ဖြစ်လာခဲ့ပါသတဲ့။ ဒါပေမယ့် ဒေါ်ကမ္မ၀ါဒီကတော့ သူဌေးကြီးကို မေတ္တာမပျက်နိုင်ပါဘူးတဲ့။ နောက်ဆုံး သူဌေးကြီးနဲ့ တွဲလက်မဖြုတ်ဘဲ သူဌေးကြီးနဲ့အတူ ရဲရဲကြီး သေပွဲဝင်သွားပါသတဲ့ . . .။

ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်မှာ ပါတဲ့ မယားလေးယောက်ဆိုတာ တကယ့်သက်ရှိလူသားတွေ မဟုတ်ကြပါဘူး။ “ဒေါ်ကမ္မ၀ါဒီ၊ ဒေါ်ဂဟပတာနီ၊ ဒေါ်ဓန၀တီ နဲ့ ဒေါ်ယသ၀တီ”ဆိုတဲ့ မယားလေးယောက်ဟာ အစဉ်အတိုင်း “ကံတရား၊ မိသားစု၊ စည်းစိမ်ဥစ္စာ နဲ့ အောင်မြင်ကြော်ကြားမှု”တို့ ဖြစ်ကြပြီး လူတိုင်းလူတိုင်း မယားလေးယောက် ရှိကြတယ်လို့ ပုံပြောဆရာက ဆိုပါတယ်။ ဘယ်မယားကို ဦးစားပေးကြမလဲ။ အချိန်ရရင် ပုံပြင်ကို နောက်တစ်ခေါက် ပြန်ဖတ်ပါ။ 

:) 
ရှင်အာစာရ 

Ref: pp 218-9, The man with four wives, "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies
Picture from (12 May 2011): http://www.osnatfineart.com/

No comments:

Post a Comment