Wednesday, March 9, 2011

Present Moment Awareness - ပစ္စုပ္ပန်မှာ တည်နေတဲ့ သတိ



ရှေးအစွန်းကို မမှီရ

ပုဗ္ဗံ အန္တံ၊ ရှေးအစွန်းကို။ အနိဿိတော၊ မမှီသည်။ ဟောတိ၊ ဖြစ်၏။ ရှေးအစွန်းကို မမှီရဘူးတဲ့ ရှေးအစွန်းဆိုတာ ရှေးအဖို့ပဲ။ ရှေးအဖို့ဆိုတာ ဘဝနဲ့ပြောရမယ်ဆိုင် လွန်ခဲ့ပြီးတဲ့ ရှေးဘဝတွေပါပဲ။ ဒါပေမယ့် လူထဲကတော့ အဲဒီ ရှေးဘဝတွေကို သိနိုင်တဲ့သူက ရှားပါတယ်။ လူဝင်စားခေါ်တဲ့ ဇာတိဿရဉာဏ်ရတဲ့သူ အနည်းငယ်နဲ့ ပုဗ္ဗေနိဝါသ အဘိညာဉ်ကို ရတဲ့ပုဂ္ဂိုလ် အနည်းငယ်လောက်ပဲ ရှိပါတယ်။ အခြား လူများစုတွေမှာ ရှေးဘဝကို မသိတာနဲ့ ဒီအပိုဒ်အရ ကျင့်ဖို့ရာ မရှိဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ရှေးအစွန်း ရှေးအဖို့အရ ယခု လောလောဆယ်အချိန်မှ ရှေးဖြစ်တဲ့ ကာလတွေကို အကုန်လုံး ယူရမယ်။ လွန်ခဲ့သော နှစ်တွေ၊ လတွေ၊ ရက်တွေ၊ အချိန် နာရီ၊ မိနစ်၊ စက္ကန့်တွေဟာ အကုန်လုံး ရှေးအစွန်း ရှေးအဖို့တွေချည်းပါပဲ။ ယခု တရားဟောနေတဲ့ အချိန်က ပြန်ကြည့်ရင် နံနက်ပိုင်း နေ့လယ်ပိုင်းက မြင်ခဲ့ ကြားခဲ့ တွေ့ခဲ့ သိခဲ့တာတွေဟာ ရှေးအဖို့တွေပေါ့။ ယခုပြောနေတဲ့ စကားလုံးတွေထဲတောင် ပြောပြီး ကြားပြီး စကားလုံးတွေဟာ ရှေးအဖို့တွေ ဖြစ်ကုန်ပြီ။ ပြောဆဲ ကြားဆဲကတော့ ပစ္စုပ္ပန်။ ပြောမည့် ကြားရမည့် စကားလုံးတွေကတော့ အနာဂတ်တဲ့။ ဒီမှာတော့ လွန်ခဲ့ပြီးကာလက မြင်ခဲ့ ကြားခဲ့ တွေ့ခဲ့ သိခဲ့တာတွေကို ရှေးအဖို့လို့ ဆိုပါတယ်။ အဲဒါတွေကို မမှီရဘူးတဲ့။

တဏှာဒိဋ္ဌိကို မှီခြင်း

မှီတယ်ဆိုတာ တဏှာနဲ့ ဒိဋ္ဌိပဲ။ အေး ဒီတဏှာ ဒိဋ္ဌိအကြောင်းတွေကတော့ ဘုန်းကြီးက ခဏခဏ ထပ်ကာထပ်ကာ ဟောနေလို့ ဒကာဒကာမတွေမှာ ရိုးနေလောက်ပါပြီ။ ဒါပေမယ့် ဟောဖို့ရာ အခွင့်က ရောက်လာတော့ ထပ်ပြီး ဟောရပြန်တာပဲ။ ဟောဖို့ရာ အခွင့်ရောက်နေပါလျက်နဲ့ မဟောဘဲ ချန်ထားရင် ဒီနေရာမှာ ဟာကွက်တခု ဖြစ်နေမယ်။ ဒါကြောင့် ဒီ တဏှာနဲ့ ဒိဋ္ဌိဆိုတဲ့ မှီရာကို ထပ်ပြီး ဟောရဦးမယ်။

ဘယ်မှာပဲဖြစ်ဖြစ် ဘုရားဟောတဲ့ ဒေသနာတိုင်းမှာ မှီတယ်ဆိုယင် ဒီတဏှာနဲ့ ဒိဋ္ဌိချည်းပါပဲ။ ဒီတရား နှစ်မျိုးကိုပဲ ရည်ပြီးတော့ နိဿိတော - မှီသည်၊ အနိဿိတော - မမှီဘူး၊ နိဿာယ - မှီ၍၊ အနိဿာယ - မမှီမူ၍လို့ ဤသို့ စသည်ဖြင့် ဟောထားပါတယ်။ ဟုတ်တယ်။ အာရုံတခုခုကို နှစ်သက်သာယာနေရင် အဲဒီ အာရုံကို မှီတွယ်နေတာပဲ။ အယူမှား အမြင်မှားပြီး စွဲလမ်းနေရင်လည်း အဲဒီအာရုံကို ဒိဋ္ဌိနဲ့ လက်မလွှတ်ပဲ တွယ်ကပ်ပြီး မှီနေတဲ့ သဘောပဲ။ အတိတ်အကြောင်းတွေကို ပြန်ပြီးနှစ်သက်နေရင် တဏှာနဲ့ မှီနေတယ်လို့ ဆိုရတယ်။

ဒါဟာ တရားအားထုတ်နေဆဲ ပုဂ္ဂိုလ်တွေအတွက် ပိုပြီး အရေးကြီးပါတယ်။ တရားအားထုတ်နေဆဲမှာ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်ဆင်ခြင်ပြီး သာယာနေလို့ရှိရင် ရှေးကိုမှီနေတာပဲ။ အဲဒီလို အမှီမရှိစေရဘူး။ ဒီအမှီကလေး ပေါ်လာရင် ရှုမှတ်ပြီးပယ်ရမယ်။ ဒါကြောင့် မြင်ခဲ့ဖူးတာကို ပြန်ပြီး ဆင်ခြင်မိရင် အဲဒါကို ရှုမှတ်ပြီး ပယ်ရမယ်။ ကြားခဲ့ဖူးတာ သုံးဆောင်ခံစားခဲ့ဖူးတာ ပျော်ရွှင်ခဲ့ဖူးတာ ဒီလိုဟာတွေကို ပြန်ပြီးစဉ်းစားမိရင် ချက်ချင်းရှုမှတ်ပြီး ပယ်ရမယ်။ ရှေးဟောင်းနှောင်းဖြစ်ကလေး စိတ်ထဲမှာ ပေါ်လာရင်လာချင်း ရှုမှတ်နိုင်ရင်တော့ နှစ်သက်သာယာတယ်ဆိုတဲ့ အမှီကလေးတောင် မဖြစ်ရတော့ဘူး။ အမှီလုံးလုံး ကင်းသွားတယ်။

ဒီနေရာမှာ ရှေးဟောင်းနှောင်းဖြစ် ဆိုပေမယ်လို့ သိပ်ရှေးမကျတာတွေလဲ ပါဝင်ပါတယ်။ မနေ့က အကြောင်းအရာတွေလည်း ပါပါတယ်။ ဒီကနေ့ နံနက်ပိုင်း နေ့လည်ပိုင်းက အကြောင်းအရာတွေလည်း ပါပါတယ်။ မိနစ် စက္ကန့်ပိုင်းအတွင်းက မြင်ပြီးခါစ ကြားပြီးခါစ တွေ့သိပြီးခါစတွေလည်း ပါပါတယ်။ ဒီ အနီးကပ် ရှေးအဖို့တွေက ထင်ရှားနေလို့ သာပြီး အရေးကြီးပါတယ်။ ယခုပြောခဲ့တဲ့ မနေ့တစ်နေ့က နံနက်ပိုင်း နေ့လည်ပိုင်းက မိနစ်စက္ကန့်ပိုင်းအတွင်းက ဆိုတာတွေကတော့ အထူးမစဉ်းစားရတော့ဘဲ စိတ်ကူးထဲမှာ အလိုလို ပေါ်နေတတ်တယ်။ အဲဒီ အနီးကပ် ရှေးအဖို့တွေကို ပိုပြီး ဂရုစိုက်ရမယ်။ အဲဒီ အနီးကပ်အာရုံတွေ ပေါ်လာတိုင်း ပေါ်လာတိုင်း ရှုမှတ်ပြီးပယ်ရမယ်။ ဒါဟာ တဏှာဖြင့် မှီနေတာကို ပယ်ပုံပါဘဲ။

ဒိဋ္ဌိဖြင့်မှီနေတာကလည်း ဒီလိုပါဘဲ ရှေးက မြင်ခဲ့ ကြားခဲ့ တွေ့သိခဲ့တာတွေဟာ ငါပဲ၊ မြင်ရ ကြားရ သိရတာကလည်း ဘယ်သူပဲ ပုဂ္ဂိုလ်သတ္တဝါပဲ စသည်ဖြင့် သတ္တဝါကောင် အနေနဲ့ ပြန်ပြီး စဉ်းစားနေတယ်။ အဲဒီလို သတ္တဝါကောင် အနေနဲ့ ဆင်ခြင်စဉ်းစားတာက ဒိဋ္ဌိနဲ့မှီတာတဲ့။ အဲဒါက ဘာဒိဋ္ဌိလဲဆိုယင် သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိနဲ့ ပြန်ပြီး စဉ်းစားနေတာတဲ့။ အဲဒီလိုစဉ်းစားနေမိရင်လဲ ရှုမှတ်ပြီး ပယ်ရမယ်။

ဒီလို ရှုမှတ်ပြီး ပယ်ရတယ်ဆိုတဲ့နည်းဟာ အင်မတန် ကောင်းပါတယ်။ တရားအားထုတ်ဖူးတဲ့ ပုဂ္ဂိုလ်မှာ ဒီလုပ်ငန်းစဉ်က အလွန်ထင်ရှားပါတယ်။ ဖြစ်ပေါ်လာတဲ့စိတ်ကို မှတ်လိုက်ရင် အဲဒီ စိတ်ကလေး ပျောက်သွားတာကို တွေ့ရတယ်။ ဒါကြောင့် ဒီစိတ်ကလေးဟာ အရင်က ရှိနေတာမဟုတ်ဘူး။ ယခုပဲ ဖြစ်ပြီး ယခုပဲ ပျောက်သွားလို့ မမြဲဘူး၊ မမြဲတဲ့ တရားပဲဆိုတာကိုလည်း ထင်ရှားသိရတယ်။ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး။ သူ့သဘောအတိုင်း သူဖြစ်ပျက်သွားတဲ့ သဘောတရားပဲ ဆိုတာကိုလည်း ထင်ရှား သိရတယ်။ ဒီလို သိရတဲ့အတွက် သာယာနှစ်သက်တဲ့ တဏှာလည်း မဖြစ်နိုင်တော့ဘူး။ ငါကောင် သတ္တဝါကောင် ထင်မှတ်တဲ့ ဒိဋ္ဌိလဲ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ဒီလိုရှုမှတ်တာဟာ ရှေးအဖို့ကို မှီပြီးဖြစ်မည့် တဏှာနဲ့ ဒိဋ္ဌိကို ပယ်တဲ့နည်းပဲ။ အင်မတန် ကောင်းပါတယ်။ ရှေးအဖို့နဲ့ စပ်ပြီးပေါ်လာသမျှ စိတ်ကူးတွေကို ဒီနည်းအတိုင်း ရှုမှတ်ပြီး ပယ်သွားရမယ်။

ဒီလို ရှုမှတ်ပြီး ပယ်သွားယင် နောက်ဆုံးကျတော့ အရဟတ္တ မဂ်ဖိုလ် ရောက်သွားမယ်၊ အဲဒီလို ရောက်သွားတဲ့ အခါကျတော့ ရှေးအဖို့ကို မှီတွယ်တတ်တဲ့ ဒီတဏှာနဲ့ ဒိဋ္ဌိဟာ လုံးဝ ကင်းသွားမယ်။ ဒါကြောင်း ဒီလို တဏှာနဲ့ဒိဋ္ဌိ လုံးဝကင်းဘို့ရန်အတွက် ပုထုဇဉ် အဖြစ်ကစပြီး လေ့ကျင့်ရတာ။ ဒီလို မလေ့ကျင့်ဘဲနဲ့တော့ ဒီ တဏှာနဲ့ဒိဋ္ဌိကို မပယ်နိုင်ဘူး။

နောင်ရေးကိုလဲ မမျှော်ရ

ဥပမာ မီးရထားနဲ့ ခရီးသွားမယ်ဆိုရင် ဘူတာရုံကို ဘယ်လိုသွားရမယ်၊ လက်မှတ်ရအောင်ယူရမယ်၊ နေရာရအောင် ဘယ်လိုလုပ် ရမယ်စသည်ဖြင့် အစစအရာရာ ချောချောမောမောဖြစ်အောင် ကြိုတင်ပြီးစဉ်းစားရတယ်။ ကိုယ်သွားလိုရာ အရပ်ရောက်တော့လည်း ဘယ်သူနဲ့တွေ့ရမယ်၊ ဘယ်သွားရမယ်၊ ဘာလုပ်ရမလဲ စသည်ဖြင့် စောစောကတည်းက အစီအစဉ်တွေ စဉ်းစားထားရတယ်။ အဲဒါတွေဟာ ခရီးသွားခြင်းနဲ့ စပ်ပြီး ပုရက္ခတံ - ရှေးရှုပြုမှုတွေပါပဲ။ ယခုတရားထဲမှာလည်း ဒီလိုပါပဲ။ သတ္တဝါတွေဟာ သံသရာခရီးသွားတွေပဲ။ သံသရာခရီးသွားတွေ ဖြစ်နေတဲ့အတွက် ဒီဘဝကသေပြီး နောက်ဘဝကျတော့ ကိုယ်ဖြစ်ချင်တာ ကလေးတွေကို ရှေးရှုဦးတန်းပြီး မျှော်လင့်တောင့်တနေကြတယ်။ လူ့လောကမှာဆိုရင် မင်းမျိုး သေဌေးမျိုး အထက်တန်းကျတဲ့ အမျိုးတွေမှာ ဖြစ်ဖို့၊ ရုပ်အဆင်းလှဖို့၊ စည်းစိမ်ဥစ္စာ ပေါများဖို့ အခြွေအရံများဖို့ စသည်ဖြင့် မျှော်လင့်တောင့်တကြတယ်။ နတ်လောကမှာဆိုရင် တန်ခိုးကြီးတဲ့ နတ်မျိုးဖြစ်ဖို့ စသည်ဖြင့် မျှော်လင့်တောင့်တကြတယ်။ ယခုဘဝတွင်လည်း အသက်ရှည်ဖို့ ဘေးရန်အန္တရာယ်ကင်းဖို့ စီးပွားဥစ္စာ တိုးတက်ဖို့ အခြွေအရံများဖို့ စသည်ဖြင့် မျှော်လင့်တောင့်တနေကြတယ်။ ဒါတွေဟာ ရှေးရြှုပုပြီး တောင့်တတာတွေပါပဲ။

အဲဒီ နောင်ရေးတွေကို ကြံမိတောင့်တမိရင် အဲဒါကို ရှုမှတ်ပြီး ပယ်လိုက်ရမယ်။

ဒါကလည်း တရားအားထုတ်ဆဲ ပုဂ္ဂိုလ်ကို ပြောတာပါ။ တရားအားမထုတ်ဘဲ အိမ်မှာ အလွတ်နေသူတွေ၊ အိမ်ကိစ္စ ဆောင်ရွက်နေတဲ့သူတွေကို ပြောတာမဟုတ်ပါဘူး။ တရားအားမထုတ်ဘဲ အလွတ်နေတဲ့ သူတွေမှာ ဒီလို ကြံစည်တောင့်တမှုတွေကို ရှုမှတ်လို့ မဖြစ်နိုင်ပါဘူး။ အဲဒီလို ရှုမှတ်နေရင်လည်း လောကီ ကိစ္စတွေ ဘာမှလုပ်လို့ဖြစ်မှာ မဟုတ်တော့ဘူး။ တရား အားထုတ်နေဆဲမှာသာ အရေးကြီးပါတယ်။ နာရီပိုင်းနဲ့ ဖြစ်စေ၊ နေ့ရော ညပါဖြစ်စေ မပြတ်အားထုတ်နေတဲ့ အခါမှာတော့ ရှုမှတ်မှုဟာ သူ့အလုပ်ပဲ။ ဒါကြောင့် နောင်ရေးကို တွေးမိကြံမိရင် မှတ်ရမယ်။

ကောင်းတဲ့ ကြံစည်စိတ်ကူးမှုကိုလည်း ရှုမှတ်ပြီးပယ်ရတယ်။ သမာဓိ ဉာဏ် တိုးတက်ဖို့ရာလည်း ကြံစည်နေတတ်တယ်။ အဲဒါကလည်း လွန်လွန်ကဲကဲ ကြံစည်နေရင် ရှုမှတ်မှု ပျက်တာပဲ။ ဒါကြောင့် အဲဒီလို ကြံစည်မှုကိုလည်း ရှုမှတ်ပြီး ပယ်ရတယ်။

အလယ်ပိုင်းမှာလည်း စာရင်းမဝင်စေနဲ့

ပြီးတော့ ဝေမဇ္ဈေ၊ အလယ်ပိုင်း၌။ န ဥပသင်္ခေယျော၊ မခေါ်ဝေါ်အပ်၊ မရေတွက်အပ်သည်။ ဟောတိ၊ ဖြစ်၏-တဲ့။

အလယ်ပိုင်းမှာလည်း မခေါ်ဝေါ်ရ မရေတွက်ရတဲ့ အခြေအနေမျိုး ရောက်စေရမယ်တဲ့။ ဘယ်လိုလဲဆိုယင် ဒီပုဂ္ဂိုလ်ဟာ တပ်မက်နေတဲ့ပုဂ္ဂိုလ်ပဲ၊ သာယာနေတဲ့ပုဂ္ဂိုလ်ပဲလို့ ဒီလိုလည်း အခေါ်ဝေါ် မခံရစေရဘူး။ ဒီပုဂ္ဂိုလ်ဟာ ဒေါသဖြစ်နေတဲ့ စိတ်ဆိုးနေတဲ့ ပုဂ္ဂိုလ်ပဲလို့ ဒီလိုလည်း အခေါ်ဝေါ် မခံရစေရဘူး။ ဒီပုဂ္ဂိုလ်ဟာ မောဟဖြစ်နေတဲ့ ပုဂ္ဂိုလ်၊ မသိမလိမ္မာတဲ့ ပုဂ္ဂိုလ်ပဲလို့ ဒီလိုလည်း အခေါ်ဝေါ် မခံရစေရဘူး။ ဒီပုဂ္ဂိုလ်ဟာ မာနကြီးတဲ့ အထင်ကြီးတဲ့ ပုဂ္ဂိုလ်ပဲလို့ ဒီလိုလည်း အခေါ်ဝေါ် မခံရစေရဘူး။ ဒီပုဂ္ဂိုလ်ဟာ ယုံမှားတွေးတောနေတဲ့ ပုဂ္ဂိုလ်၊ ဝိစိကိစ္ဆာ မကင်းတဲ့ပုဂ္ဂိုလ်ပဲလို့ ဒီလိုလည်း အခေါ်ဝေါ် မခံရစေရဘူး။ ဒီပုဂ္ဂိုလ်ဟာ ကိလေသာတွေ ဖြစ်နေတဲ့ပုဂ္ဂိုလ်၊ စိတ်ဆိုးစိတ်သွမ်းတွေ များတဲ့ ပုဂ္ဂိုလ်ပဲလို့ ဒီလိုလည်း အခေါ်ဝေါ် မခံရစေရဘူး။ ဒီပုဂ္ဂိုလ်ဟာ ဘဝဂတိတွေ ရောက်ဖို့ရာ အသင့်ရှိနေတဲ့ ပုဂ္ဂိုလ်ပဲ၊ ငရဲ တိရစ္ဆာန် ပြိတ္တာဖြစ်ဦးမည့် ပုဂ္ဂိုလ်ပဲ၊ လူဖြစ်ဦးမည့် နတ်ဖြစ်ဦးမည့် ပုဂ္ဂိုလ်ပဲလို့ ဒီလိုလည်း အခေါ်ဝေါ် မခံရစေရဘူးတဲ့။ အဲဒီလို မခေါ်ထိုက်တဲ့၊ စာရင်းမဝင်တဲ့ အခြေအနေ ရောက်အောင် အားထုတ်ရမယ်တဲ့။

ဘယ်လို လုပ်ရမလဲဆိုရင် ရှုမှတ်ရမှာပဲ။ ဘာတွေကို ရှုမှတ်ရမှာလဲဆိုရင် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ခြောက်ပါးက ပေါ်လာသမျှ ရုပ်နာမ် တရားတွေကို အမှန်အတိုင်းသိအောင် ရှုမှတ်ရမယ်။ ဒီလို ရှုမှတ်လို့ “ရုပ်နာမ်မျှပဲ ပေါ်လာပြီး ချက်ချင်းပဲ ပျောက်သွားတယ်၊ အနိစ္စ ဒုက္ခ အနတ္တ သဘောတရားမျှပဲ” ဆိုတာကို အမှန်အတိုင်း သိသွားရင် သာယာစရာ မရှိတော့ဘူး၊

စာ ၁၇ - ၂၁ အတွင်းမှ ကောက်နုတ်ချက်
မဟာစည် ဆရာတော်ဘုရားကြီး၊ ပုရာဘေဒသုတ် (eBook)
Picture from (9 Marach 2011): http://www.dhammaweb.net/mahasi.html

ဆက်စပ်ဖတ်ရှုရန် . . .

No comments:

Post a Comment