Thursday, March 10, 2011

Good Friend (Part 2) - မိတ်ဆွေကောင်း (အပိုင်း ၂)


မိတ်ကောင်းဆွေကောင်း

ပါဠိစာပေတို့၌ ဖော်ပြသုံးစွဲသည့် ဆွေမျိုး၊ မိတ်ဆွေတို့၏ အဓိပ္ပာယ်မှာ ယေဘုယျအားဖြင့် အတူတူပင် ဖြစ်ပေသည်။ အပြန်အလှန် ယုံကြည်စိတ်ချရသူများကို မိတ်ဆွေဟုလည်းကောင်း၊ ဆွေမျိုးဟု လည်းကောင်း ခေါ်ဆိုနိုင်၏။ မှီဝဲဆည်းကပ်သင့်သူ၊ ပေါင်းသင်း ဆက်ဆံသင့်သူ မိတ်ဆွေကောင်းများ ဖြစ်ကြသည်။ ဆွေမျိုးများ ဖြစ်ကြသည်။

“ပုဂ္ဂလောပိ ဥပနိဿပစ္စယေန ပစ္စယော”ဟူသည့် ပဋ္ဌာန်းပါဠိတော်အတိုင်း နီးစပ်သူကို အမှီပြု၍ ကုသိုလ်လည်း ဖြစ်နိုင်၏။ အကုသိုလ်းလည်း ပွားနိုင်သည်။

ထို့ကြောင့် အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် သမထသုတ်၌ ပေါင်းသင်း ဆက်ဆံခြင်းဖြင့် ကုသိုလ်တရား တိုးပွားစေနိုင်သူ အကုသိုလ်တရား ယုတ်လျော့စေနိုင်သူကို ပေါင်းသင်းထိုက်သော မိတ်ဆွေဟုလည်းကောင်း၊ ဆန့်ကျင်ဘက်အားဖြင့် အကုသိုလ်တရား တိုးပွားစေသူ ကုသိုလ်တရား ယုတ်လျော့စေသူကို မပေါင်းသင်းထိုက်သူဟုလည်းကောင်း မြတ်စွာဘုရား ဟောကြားတော်မူ၏။

မိတ်ဆွေဆိုးနှင့် ပေါင်းမိ၍ အယူအမြင် ဖောက်ပြန်သွားလျှင် သံသရာအထိ နစ်မွန်းရတတ်၏။ ထို့ကြောင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော် အဿာဒဒိဋ္ဌိနိဒ္ဒေသ၌ အယူအမြင် ဖောက်ပြန် မှားယွင်းသူကို မပေါင်းဖော် မဆည်းကပ်ရဟု ဟောတော်မူ၏။

ဆွေမျိုးဖြစ်စေ မိတ်ဆွေဖြစ် တော်စပ်မှုနှင့် နီးစပ်မှုကိုသာ မကြည့်ဘဲ ဉာဏ်ဖြင့် စိစစ်၍ ကောင်းသူ-မကောင်းသူ၊ ပေါင်းသင့်သူ-မပေါင်းသင့်သူ “ကလျာဏ-အကလျာဏ၊ သေ၀ိတဗ္ဗ-အသေ၀ိတဗ္ဗ”အဖြစ် ခွဲခြား ဆုံးဖြတ်သင့်ကြောင်း ဘုရားရှင် မိန့်တော်မူခဲ့၏။

ကလျာဏမိတ္တ

သီလက္ခန်ဋီကာ၊ အင်္ဂုတ္တိုရ်ဋီကာ၊ ဥဒါနအဋ္ဌကထာ နှင့် စရိယာပိဋကအဋ္ဌကထာ တို့၌ “သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ”တို့ကို ကလျာဏမိတ္တမည်သော မိတ်ဆွေကောင်း၏ လက္ခဏာများဟု ဆို၏။

ရတနာသုံးပါးကို ကြည်ညိုသူ၊ ကံနှင့် ကံ၏ အကျိုးပေးကို လက်ခံယုံကြည်သူ၊ ကိုယ်ကျင့်သီလ ကောင်းမွန်သူ၊ အကြားအမြင် ဗဟုသုတများ၍ လေးနက်သောစကားကို ပြောဆိုနိုင်သူ၊ ရက်ရက်ရောရော နှမြောမရှိ ပေးစွန့်တတ်သူ၊ လုံ့လရှိသူ၊ ကြိုးစားသူ၊ အရာရာ၌ မှတ်မှတ်သားသား ရှိသူ၊ တည်ကြည် လေးနက်သူ၊ အမြော်အမြင် ပညာရှိသူတို့သည် ကလျာဏမိတ္တမည်၏။ ပစ္စုပ္ပန်အကျိုး သံသရာ အကျိုးအတွက် အားကိုးလောက်သူများ ဖြစ်ကြ၏။ ကိုယ့်ဆွေကိုယ့်မျိုး ဖြစ်နေလျှင် ဂုဏ်ယူရမည့်သူများ ဖြစ်၏။ သွေးသားပင် မတော်စပ်သော်လည်း လက်တွဲရမည့်သူများ ဖြစ်၏။ နီးစပ်ခွင့် ရထားလျှင် လက်တွဲမဖြုတ်သင့်သူများ ဖြစ်၏။ အနေဝေးသေးလျှင်ကား ယူဇနာ တစ်ရာပင် ဝေးကွာသော်လည်း သွားရောက် ချဉ်းကပ်ရမည့်သူများ ဖြစ်၏။

မိမိအတွက် ကောင်းကျိုးကိုသာ တိုးပွားစည်ပင်စေတတ်သောကြောင့် ဤကဲ့သို့သော ကလျာဏမိတ္တ မိတ်ကောင်းဆွေကောင်းကို မြတ်သော ဆွေမျိုးဟု ဆိုသင့်၏။

အကလျာဏမိတ္တ

ဆန့်ကျင်ဘက်အားဖြင့် ရတနာသုံးပါးကို မကြည်ညိုသူ၊ ကံနှင့် ကံ၏အကျိုးပေးကို လက်မခံသူ၊ ကိုယ်ကျင့်သီလ ဖောက်ပြားသူ၊ အကြားအမြင် ဗဟုသုတခေါင်းပါး၍ အနှစ်မဲ့သော စကားကိုသာ ပြောဆိုတတ်သူ၊ အပေးအကမ်းမရှိ ကပ်စေးနဲသူ၊ လုံ့လမစိုက်ဘဲ ပျင်းရိသူ၊ အချောင်လိုက်လိုသူ၊ ဖြတ်လမ်းကြိုက်သူ၊ အရာရာ၌ မေ့ပျောက်တတ်သူ၊ တည်ကြည် လေးနက်မှုမရှိ ပေါ့ပျက်သူ၊ မတွေးခေါ်တတ်သူ၊ မမြော်မြင်တတ်သူတို့သည် အကလျာဏမိတ္တမည်၏။ မပေါင်းသင့်သူများ ဖြစ်၏။ ပေါင်းမိလျှင် စွန့်ခွာရမည့်သူများ ဖြစ်၏။ ဆိုးကျိုးပေးမည့်သူများ ဖြစ်သောကြောင့် မလွှဲသာ မရှောင်သာ အတူနေရသော်လည်း ကိုယ်ပေါင်းစိတ်ခွာ ပြုသင့်သူများ ဖြစ်၏။ ကိုယ့်သွေး ကိုယ့်သားပင် ဖြစ်သော်လည်း ကင်းကင်းရှင်းရှင်း နေရမည့်သူများ ဖြစ်၏။

ပေါင်းသင့်သူ၊ မပေါင်းသင့်သူ “သေဝိတဗ္ဗ-အသေဝိတဗ္ဗ” ခွဲခြားရာ၌ “သီလ၊ သမာဓိ၊ ပညာ” တို့ဖြင့် စံထား တိုင်းတာသင့်ကြောင်းကို အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ သေဝိတဗ္ဗ သုတ်၌လည်းကောင်း၊ တိကပုဂ္ဂလပညတ်၌လည်းကောင်း ဘုရားရှင် မိန့်တော် မူခဲ့၏။

သီလ၊ သမာဓိ၊ ပညာတို့သည် ဘဝ၏ အနှစ်သာရများ ဖြစ်ကြ၏။ လူ့ဘဝရခိုက် သီလ၊ သမာဓိ၊ ပညာ တိုးပွားအောင် ကြိုးစားကြရမည်။ မိမိ၏ သီလ၊ သမာဓိ၊ ပညာ တိုးပွားရေးအတွက် ကိုယ်နှင့် သီလ၊ သမာဓိ၊ ပညာ တူညီသူ၊ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာ ကြီးမားသူများကို မိတ်ကောင်း ဆွေကောင်းအဖြစ် ပေါင်းဖော် ဆည်းကပ်ရမည်။ ကိုယ့်အောက် သီလ၊ သမာဓိ၊ ပညာ ယုတ်နိမ့်သူများကို အလေးအမြတ်ပြု၍ မပေါင်းဖော် မမှီဝဲသင့်ပေ။

ကိုယ့်အောက် သီလ၊ သမာဓိ၊ ပညာ နိမ့်ကျ သူများကို မပေါင်းဖော် မမှီဝဲသင့်ဟု ဆိုသော်လည်း နိမ့်ကျသူများကို အဖက်မတန်သလို နှိမ့်ချ ရှောင်ကြဉ်ရမည် မဟုတ်။ ထိုသူတို့အပေါ် ကြင်နာ သနားရပေမည်။ ထိုသူတို့၏ သီလ၊ သမာဓိ၊ ပညာများ တိုးပွားလာအောင် ကူညီဖေးမ ပေးရပေမည်။ ထိုသူတို့အတွက် မိတ်ဆွေကောင်း ဖြစ်သင့်ပေသည်။ ထိုသူတို့၏ မြတ်သော ဆွေမျိုး ဖြစ်အောင်ကား ကြိုးစားသင့်ပေသည်။

မိတ်ဆွေဟူသည်

ဆွေမျိုးအဖြစ် သတ်မှတ်သင့်သော မိတ်ဆွေကောင်း မည်သည်
- ပေးနိုင်ခဲသော အရာကို ပေးစွန့်၏၊
- ပြုနိုင်ခဲသော အရာကို ပြုပေး၏၊
- သည်းခံနိုင်ခဲသော အရာကို သည်းခံ၏ဟု အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ မိတ္တသုတ်၌ ဘုရားရှင် မိန့်တော်မူ၏။

သတ္တကနိပါတ်၊ ပထမမိတ္တသုတ်၌ကား မိတ်ဆွေကောင်းမည်သည်
- ပေးနိုင်ခဲသော အရာကို ပေးစွန့်၏၊
- ပြနိုင်ခဲသော အရာကို ပြုပေး၏၊
- သည်းခံနိုင်ခဲသော အရာကို သည်းခံ၏၊
- မိမိ၏လျှို့ဝှက်အပ်သော ကိစ္စကိုပင် မိတ်ဆွေအား မလျှို့ဝှက်၊
- မိတ်ဆွေ၏ လျှို့ဝှက်အပ်သော ကိစ္စကို စောင့်ထိန်း လျှို့ဝှက်ထား၏၊
- ဘေးရန်ကြုံသော်လည်း မိတ်ဆွေကို မစွန့်၊
- ဥစ္စာပျက်သော မိတ်ဆွေကိုသော်လည်း မလေးမစား မဆက်ဆံဟု ဟောတော် မူ၏။

ဒုတိယမိတ္တသုတ်၌ကား မိတ်ဆွေကောင်း မည်သည်
- ချစ်လည်း ချစ်ထိုက်၏၊ မြတ်လည်း မြတ်နိုးထိုက်၏၊
- အလေးအမြတ်လည်း ပြုထိုက်၏၊
- နှလုံးကိုလည်း ပွားစေတတ်၏၊
- ဆုံးမတတ်၏၊
- ဆုံးမမှုကို ခံယူ၏၊
- လေးနက်သော တရားစကားကို ပြောဟောတတ်၏၊
- မသင့်တော်သည့် ကိစ္စ၌ မတိုက်တွန်းဟု မိန့်တော်မူ၏။

4 comments:

  1. facebook မှာ share ခွင့်ပြုပါဘုရား၊ တင်တော့ ပြီးသွားပါပြီ။ :)

    ReplyDelete
  2. Ok, ok. ကျေးဇူးပါ။ :)

    ReplyDelete
  3. သိပ်တန်ဘိုးရှိတဲပိုစ့်ပါ။ စကားလုံးတိုင်းမှတ်သားစရာကောင်းတယ်ဘုရာ့။
    ဆက်ရန်ကိုမျှော်နေပါတယ်...။
    ကျေးဇူးအနန္တပါဘုရား...။

    ReplyDelete
  4. ကျေးဇူးအနန္တပါ ဗျား . . . :)

    ReplyDelete