Friday, March 18, 2011

တရားမင်းသခင် - ၈။ အကြင်နာနှလုံးသား


ထိုနေ့ကား လယ်ထွန်မင်္ဂလာ ကျင်းပသောနေ့ ဖြစ်လေသည်။ သုဒ္ဓေါဒန မင်းကြီးသည် တန်းစီလျက်ရှိသော အခြွေအရံများနှင့်အတူ ဘုရင့်လယ်ကွင်းသို့ မြင်းစီး၍ ကြွချီတော်မူ၏။ သိဒ္ဓတ္ထမင်းသားသည် မင်းကြီးဘေးမှ ကပ်လျက် လိုက်ပါလာ၏။ နွားထိန်းတို့သည် ရှေ့ဆုံးမှနေ၍ မျိုးကောင်းမျိုးသန့် နွားသိုးများကို မှောင်းနှင်လျက် ရှိနေကြ၏။ ထွန်များ ထမ်းပိုးများ နှင်တံများ ကြိုးများကို မြောက်များစွာသော မြင်းဆွဲယာဉ်တိုဖြင့် သယ်ယူကြ၏။ ထိုစဉ် မိခင် ဆိတ်မကြီးနှင့် သားငယ် ဆိတ်ကလေးတစ်ကောင်ကို လူနှစ်ယောက်က နန်းတော်တွင်းသို့ ဆွဲသွင်းနေသည်ကို သိဒ္ဓိတ္ထမင်းသား နန်းတော်အဝင် တံခါးအရောက်တွင် တွေ့မြင်လိုက်ရ၏။ တစ်ယောက်က ဆိတ်မကို လည်ပင်းမှာ ကြိုးနှင့်ချည်၍ ရှေ့ကဆွဲနေစဉ် အခြားတစ်ယောက်က နောက်မှနေ၍ ဆိတ်သားအမိကို တံဖျာနှင့် ရိုက်နှက် တွန်းပို့နေ၏။ ဆိတ်မသည် ကြားရသူတို့ စိတ်နှလုံး ထိခိုက်ရလောက်အောင် တုန်လှုပ်စွာ အော်ဟစ်မြည်တမ်းလျက် ရှေ့တိုးရန် ငြင်းဆန်နေ၏။ သို့သော် နောက်ကရိုက်နှက်နေ၍ နာကြင်လွန်းသောကြောင့် တွန့်ဆုတ်တွန့်ဆုတ်နှင့် ဒရွတ်ဆွဲ လိုက်ပါနေရရှာသည်။ ဤမြင်ကွင်းကို ဝမ်းနည်းကြေကွဲစိတ်ဖြင့် ကြည့်နေသူ သိဒ္ဓိတ္ထမင်းသားသည် မင်းကြီးကို မေး၏။

“ဆိတ်မကြီးနဲ့ ဆိတ်ကလေးကို ကြည့်စမ်းပါ ခမည်းတော် ဘုရား။ သူတို့ နန်းတော်ထဲဝင်ဖို့ အကြောက်အကန် ငြင်းဆန်နေကြပါလား။ အဲဒါ ဘာလုပ်တာလဲ ခမည်းတော် ဘုရား။”

“နို့စားဆိတ်ပါ သားတော်။ မြင်းတွေကိုမြင်တော့ ကြောက်လို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြတာပါ။”

လယ်ထွန်မင်္ဂလာ ပွဲတော်အတွက် ဆိတ်သားအမိကို အသားပေါ်ဖို့ နန်းတော်တွင်း ဆွဲသွင်းနေခြင်းဖြစ်ကြောင်း မင်းကြီးသိထားပြီး ဖြစ်သော်လည်း သားတော်ကို အဖြစ်မှန် ပြောပြရန် တွန့်ဆုတ်နေ၏။ မင်းသားသည် ခမည်းတော်၏ အဖြေကို သဘောမကျပေ။ မင်းကြီးကို ဆက်လက်၍ ပြောချင်နေသေး၏။

“ခမည်းတော်ဘုရား။ ကြည့်ပါအုံး ဘုရား။ တော်တော်ဆိုးတဲ့လူတွေ။ သူတို့ ရိုက်တာနဲ့ ဆိတ်မ ဒဏ်ရာရနေပြီ။ နို့တံကနေ နို့တွေတောင် ထွက်ကျနေပြီ။ ရင်အုံတွေကြားကလည်း သွေးတွေ ထွက်ကျနေပြီ။ အသံကုန် တပဲပဲအော်ရင်း နောက်ပြန်ရုန်းနေတာ သွေးရူးသွေးတမ်း ကြောက်နေသလိုပဲ။”

မင်းကြီးက ပြန်လည် ပြောကြား၏။

“သားတော်ရယ်။  အရေးမပါတာတွေပြောပြီး ဘာလို့ အချိန်ဖြုန်းနေရတာလဲ။ ဒီနေ့ ကျင်းပမယ့် ခမည်းတော်တို့ရဲ့ လယ်ထွန်မင်္ဂလာပွဲအကြောင်း ပြောတာက ပိုမကောင်းဘူးလား။ ခမည်းတော်ဖြင့် ဆယ့်ကိုးရွာက ထွန်ခြောက်ဆယ်နဲ့ ထွန်ယက်မယ့် လယ်ထွန်မင်္ဂလာပွဲက ထွက်ပေါ်လာတဲ့ ပျော်မြူးဟစ်ကြွေးသံကို သိပ် သဘောကျတာပဲ။ ခမည်းတော်ရဲ့ အခြွေအရံတွေဟာ ငြိမ်းချမ်းတဲ့ လုပ်ငန်းခွင်မှာ ပါဝင်ဆင်နွှဲရတာ ပျော်နေကြတယ်။ ကောင်းမြတ်တဲ့ ဒီမြေပေါ်မှာ သူတို့ချွေးတွေ ပြိုက်ပြိုက်ကျလို့။ အဆင့်အလွှာ အနိမ့်အမြင့် မခွဲခြားဘဲ အတူလက်တွဲ လုပ်ကိုင်နေကြတယ်။ ဒီလို ကျက်သရေရှိတဲ့ လယ်ထွန်မင်္ဂလာပွဲက အံ့သြစရာ တိတ်ဆိတ်ငြိမ်သက်တဲ့ ရသေ့သင်္ခမ်းကျောင်းထက် ပိုပြီးတော့ နှစ်သက်စရာ ကောင်းတာပေါ့ သားတော်ရယ်။ ပစ္စပ္ပုန် သံသရာမှာ ကြုံတွေ့ရမယ့် လောကထဲက သောကတွေကို ကြောက်ရွံ့တဲ့အတွက် တောရပ်မှီပြီး ဘဝရပ်တည်ဖို့ သူတစ်ပါးကို အားကိုးရတဲ့ သူတော်စင် ယောဂီရဲ့ သင်္ခမ်းကျောင်းထက် ပိုပြီးတော့ နှစ်သက်စရာ ကောင်းတာပေါ့။ လောကမှာ ဆာလောင်မှု ပြေပျောက်ပြီး သာယာဝပြောဖို့အတွက် စိုက်ပျိုးရေး လုပ်ငန်းမှာ အခုလို အားသွန်ကြိုးပမ်းတာဟာ ဒုက္ခကို အဆုံးသတ်ဖို့ အားထုတ်နေတဲ့ ရသေ့ယောဂီရဲ့ ကြိုးပမ်းမှုထက်် ပိုပြီးတော့ မြင့်မြတ်တာပေါ့။ သားတော်။ ခမည်းတော်တို့ဟာ ရှင်သန်ဖို့ မွေးဖွားလာကြတာပါ။ ကောင်းနိုင်သမျှကောင်းအောင် ကြာနိုင်သမျှကြာအောင် ရှင်သန်ကြဖို့ပဲ။ သက်ရှိသတ္တဝါ တစ်ဦးတစ်ယောက်ဟာ ဘဝရဲ့ သဘောသဘာဝကို လေ့လာစူးစမ်းနေစရာ မလိုပါဘူး။ ဘဝမှာ ကြုံရတဲ့ အခက်အခဲတွေ ပူဆွေးသောကတွေ မပြည့်မစုံ လိုအပ်နေတာတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး ဆန့်ကျင်ဘက် အဆီးအတားတွေကို ဖြတ်ကျော်ချီတက်လိုက်တာကပဲ လူသားအတွက် သင့်တော်တယ်။ အဲဒါဟာ လူသားရဲ့ အမြင့်ဆုံး သဘာဝစွမ်းရည်ပဲ။ သားတော် အလွန်အကျွံ အမွှန်းတင်တဲ့ ကာဠာမလို လူစားမျိုးကို ခမည်းတော်တို့ အယုံအကြည် မရှိဘူး။ သူက ထယ်ရေးကြောင်းထဲမှာ နှစ်ပိုင်းပြတ်သွားတဲ့ တီကောင်ကို မြင်လိုက်ရတော့ တောင်သူအလုပ်ကို မစင်ကြယ်တဲ့ အသက်မွေးမှုလို့ ရှုမြင်ပြီး ရသေ့ရဟန်း ပြုသွားတဲ့သူ၊ လောကီဘဝကို စက်ဆုပ်ရွံရှာတဲ့သူ။ ခမည်းတော်တို့ရဲ့ နောက်လိုက်နောက်ပါ အခြွေအရံတွေကို ကြည့်လိုက်စမ်းပါ။ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားတဲ့ မျက်နှာတွေနဲ့။ သူတို့ဟာ စိုက်ပျိုးရေးနဲ့ ဘဝရပ်တည်လာခဲ့ကြတယ်။ ဘဝကို စိတ်ပျက်ငြီးငွေ့တယ်လို့ မရှိကြဘူး။ အပိတ်အပင် အတားအဆီး မှန်သမျှကို ကျော်ဖြတ်နိုင်တဲ့ စွမ်းရည်သတ္တိ သားတော်မှာ ရှိပါတယ်။ ဒီ အခြွေအရံတွေရဲ့ ဦးစီးဦးဆောင် လုပ်လိုက်စမ်းပါ။ သူတို့ လိုအပ်တဲ့ အစာရေစာတွေ ထုတ်လုပ်လိုက်စမ်းပါ။ ဘဝရဲ့ အချိုမြိန်ဆုံး ရသတွေကို ခံစားလိုက်စမ်းပါ။”

“ခမည်းတော် . . .။ ခု ပြောနေတာတွေအာလုံး သားတော်ကို ပြောနေတာ ဖြစ်ပါလိမ့်မယ်”ဟု သိဒ္ဓတ္ထ မင်းသားက ဆို၏။

“ဟုတ်တာပေါ့။ သားတော်ကို ပြောနေတာ။ သားတော်ကို တည့်တည့်ကြီး ပြောနေတာ။”

“ခမည်းတော် . . .။ ဆာလောင်မွတ်သိမ့်မှု ပြေပျောက်ဖို့ ရုန်းကန် တိုက်ပွဲဝင်ကြတာတဲ့လား။ ငတ်မွတ်မှု ပြေပျောက်ဖို့၊ ရမ္မက်ဆန္ဒ ငြိမ်းအေးဖို့ သက်ရှိအားလုံး ရုန်းကန်တိုက်ပွဲဝင်နေကြတယ်လို့ သားတော် ထင်ပါတယ်။ လိင်ဆက်ဆံဖို့၊ အစာရေစာ စုဆောင်းဖို့ တိရစ္ဆာန်တွေတောင်မှ အားသွန်လှုပ်ရှား နေကြတာပါ။ ဒါတွေဟာ သက်ရှိအားလုံးနဲ့ သက်ဆိုင်တဲ့ သဘာဝတရား ဖြစ်ပါတယ် ဘုရား။ ဒါနဲ့များ ဒီကိစ္စနှစ်ခုကို လူတွေရဲ့ မြင့်မြတ်တဲ့ ဂုဏ်သရေလို့ ဆိုနိုင်ပါသလား ခမည်းတော်ဘုရား။”

“သားတော် . . .။ တိရစ္ဆာန်တွေဟာ သူတို့ရဲ့ အစာရေစာကို သူတို့ကိုယ်တိုင် မထုတ်လုပ်နိုင်ဘူး။ ရပ်တည်ရှင်သန်ဖို့ သားကောင်ချင်း အမဲလိုက်တယ်။ အပင် အရွက် အမြစ်အဥတွေကို စားသောက်တယ်။”

“ခမည်းတော် . . .။ တိရစ္ဆာန်တွေကို အမဲလိုက်တဲ့ လူတွေဟာ လူမပီသဘူးလို့ ခမည်းတော် ထင်မြင်ယူဆပါသလား။”

“သားတော်ရယ် . . .။ လူတွေဟာ အမဲသားငါး ရှောင်ကြဉ်ပြီးတော့လည်း ရှင်သန်နိုင်ကြတာပေါ့။ သာကီဝင်တွေရဲ့ အဓိက အစားအစာဟာ ဆန်ပါ။”

“ဒီနေ့ကျင်းပတဲ့ လယ်ထွန်မင်္ဂလာ ပွဲတော်ရဲ့ နေ့လည်စာဟာ ဘယ်လို အစားအစာ ဖြစ်မယ်ဆိုတာကို ပြောနိုင်ပါသလား ခမည်းတော်ဘုရား။”

“အသီးအရွက်ဟင်း နဲ့ အမဲဟင်းပါတဲ့ ထမင်းပွဲ ဖြစ်လိမ့်မယ် ထင်ပါတယ် သားတော်။”

သိဒ္ဓတ္ထမင်းသားသည် ဝမ်းနည်းကြေကွဲစွာ လျှောက်တင်လေ၏။
“အမဲဟင်း ဘယ်ကရပါသလဲ ခမည်းတော် ဘုရား . . .။ အမဲဟင်းလျာကို စိုက်ပျိုးလို့ရတယ် မထင်ပါ ဘုရား။ လည်ပင်းကို ကြိုးနဲ့ချည်ပြီး နန်းတော်မုခ်ဦးကနေ ဆွဲသွင်းသွားကြတဲ့ ဆိတ်မ နဲ့ ဆိတ်သားငယ်၊ နောက်ကနေ တုတ်နဲ့ရိုက်မောင်းလို့ အဆက်မပြတ် အော်ရင်း လိုက်သွားကြရှာတဲ့ ဆိတ်တွေ။ အဲဒီ ဆိတ်သားအမိဟာ သားတော်တို့ရဲ့ ဟင်းလျာ ဖြစ်လိမ့်မယ်လို့ သားတော် ယုံကြည်ပါတယ် ခမည်းတော် ဘုရား။ သားတော် အမှန်အတိုင်း သိပါတယ်။ အဲဒီ ဆိတ်တွေဟာ သားတော်တို့ရဲ့ နို့စားတိရစ္ဆာန်တွေ မဟုတ်ပါဘူး။ ကူကယ်ရာမဲ့ တိရစ္ဆာန်တွေကို ဟင်းလျာလုပ်တာဟာ လူမဆန်တဲ့လုပ်ရပ် ဖြစ်ပါတယ် ခမည်းတော် ဘုရား။ အစာအတွက် သတ်ဖြတ်ခြင်းဟာ လူ့ဂုဏ်သိက္ခာကို မြှင့်တင်ခြင်း မဟုတ်ပါ ဘုရား။ အို . . . ခမည်းတော် ဘုရား . . .။ မိခင် ဆိတ်မကြီးနဲ့ အမေ့ဘေးက ကပ်ပြီးလိုက်သွားတဲ့ ဆိတ်သားငယ်လေးကို သားတော်တို့ စားသောက်ဖို့ သတ်လိုက်ကြမှာလား ခမည်းတော်ဘုရား။ အိုး . . . လူတွေ လူတွေ။”

“ဆိတ်မကြီးနဲ့ ဆိတ်ကလေးကို သတ်ကြမလား မသတ်ကြဘူးလားဆိုတာ ခမည်းတော် အတိအကျ မပြောနိုင်ဘူး သားတော်။ ခမည်းတော်ရဲ့ အမိန့်နဲ့ လုပ်ကြမှာ မဟုတ်ဘူး။ နန်းတော်က စားဖိုမှူးရဲ့ အမိန့်အတိုင်း လုပ်ကြမှာ။ ရသေ့ရဟန်းဟာ လှူဒါန်းတဲ့ အစားအစာ မှန်သမျှကို မခွဲမခြား သုံးဆောင်သလိုပေါ့။ ခမည်းတော်ကတော့  ပွဲတော်စာအဖြစ် တည်ခင်းပေးတဲ့ ဟင်းလျာကို စားလိုက်တာပဲ။ ပွဲတော်မှာ အမဲဟင်းပါလည်း စားလိုက်တာပဲ။ ခမည်းတော်က အရသာ မျိုးစုံအောင် ကြိုက်တာဆိုတော့ အမဲဟင်းရယ် အသီးအရွက်ဟင်းရယ်လို့ ခွဲခြားမနေတော့ဘူး။ ဟင်းလျာအတွက် ဆိတ်မကို သတ်သလား ဆိတ်သိုးကို သတ်သလား ဆိတ်သားငယ်ကို သတ်သလားဆိုတာ ခမည်းတော် ခွဲခြားစစ်ကြောနေစရာမှ မလိုတာ။ သားကောင်ရဲ့ အရောင်အသွေး ကိုယ်ထည်ပမာဏ အသက်အရွယ် ဒါတွေကို ခွဲခြားနားလည်ဖို့ ခမည်းတော် အားမထုတ်ဘူး။ ဘာဟင်းကိုပဲ တည်ခင်းတည်ခင်း စားရမှာပေါ့ သားတော်ရယ်။ ပွဲတော်စာရဲ့ အရည်အသွေးကို အကဲဖြတ်ဖို့ စားဖိုမှူးတွေ ရှိနေတာပဲ။ ဒီကိစ္စအတွက် သားတော် ကြောင့်ကြစိုက်စရာ မလိုပါဘူး”ဟု မင်းကြီးက မိန့်ကြားလေ၏။

(ဆက်ရန် . . .)

Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

No comments:

Post a Comment