Monday, March 21, 2011

Basic Method of Meditation (2-B) - အခြေခံတရားရှုမှတ်နည်း - (၂-ခ)



ကွဲပြားရောနှောမှုဆိုတာ ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်လို့ နားလည်နိုင်ခြင်းဟာ အသက်ရှုမှုမှာ တည်နေနိုင်ရေးအတွက် အဓိကကျပါတယ်။ ကင်းဆိတ်တဲ့ ပစ္စုပ္ပန်အသိကို ဂရုတစိုက်နဲ့ အချိန်ကြာကြာ ဖွံ့ဖြိုးအောင် လုပ်ပြီးပြီဆိုရင် အဲဒီအသိကို အသက်ရှူမှုအပေါ် ပြောင်းထားလိုက်ဖို့၊ စွက်ဖက်ခြင်းမရှိဘဲ အသက်ရှူမှုကို အချိန်တိုင်း လိုက်ပြီး သိမှတ်နေဖို့အတွက် တကယ်လွယ်နေတာ တွေ့ရပါလိမ့်မယ်။ ဒါ ဘာကြောင့်လဲဆိုတော့ အာနာပါနကမ္မဋ္ဌာန်းရဲ့ အဓိက အဟန့်အတား နှစ်ခုကို တားမြစ်ဖယ်ရှားထားပြီး ဖြစ်လို့ပါပဲ။ ပထမ အဟန့်အတားက အတိတ် သို့မဟုတ် အနာဂတ်ဆီ သွားချင်နေတဲ့ စိတ်သဘာဝဖြစ်ပြီး ဒုတိယ အဟန့်အတားကတော့ အဇ္ဈတ္တရဲ့ မှတ်ချက်အဆို ဖြစ်ပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်သိမှတ်မှုနဲ့ ကင်းဆိတ်တဲ့ ပစ္စုပ္ပန်သိမှတ်မှုဆိုတဲ့ အခြေခံ အဆင့်နှစ်ခုကို ပိုပြီး နက်နဲတဲ့ အာနာပါနကမ္မဋ္ဌာန်းရဲ့ ခိုင်မာတဲ့ အခြေခံ ပြင်ဆင်မှုအဖြစ် ညွှန်းကြားတာ ဖြစ်ပါတယ်။

အားထုတ်တဲ့ ယောဂီတွေဟာ သူတို့ရဲ့စိတ် အတိတ်နဲ့ အနာဂတ်မှာ ခုန်ကျော် ပြေးလွှားနေခိုက်၊ အဇ္ဈတ္တမှတ်ချက်ထဲ နစ်မြုတ်နေခိုက်မှာ အာနာပါနကမ္မဋ္ဌာန်းကို စပြီး ကျင့်သုံးတာတွေ ရှိပါတယ်။ ပြင်ဆင်မှု မရှိတော့ အာနာပါနကမ္မဋ္ဌာန်းမှာ သူတို့ အခက်တွေ့ရပါတယ်။ မအောင်မြင်တာ၊ မကျေမနပ်နဲ့ လက်လျှော့လိုက်ရတာတောင် ရှိပါတယ်။ လက်လျှော့လိုက်ကြရတာဟာ မှန်ကန်တဲ့ နေရာက စတင်ခဲ့တာ မဟုတ်လို့၊ အသက်ရှူခြင်းကို သူတို့စူးစိုက်မှုရဲ့ ဦးတည်ရာအဖြစ် မသတ်မှတ်ခင်မှာ လိုအပ်တဲ့ ပြင်ဆင်မှု မလုပ်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေခံ နှစ်ဆင့်နဲ့ စိတ်ကိုပြင်ဆင်ထားပြီး ဖြစ်ရင်တော့ အသက်ရှူမှုဆီ အာရုံပြောင်းတဲ့ အခါမှာ အလွယ်တကူပဲ အာရုံစိုက် နေနိုင်ပါလိမ့်မယ်။ အသက်ရှူမှုကို အာရုံစိုက်ရာမှာ အခက်တွေ့နေတယ် ဆိုတာဟာ အခြေခံ နှစ်ဆင့်ကို ခပ်ပေါ့ပေါ့နဲ့ ဖြတ်ကျော်ခဲ့တဲ့ လက္ခဏာပါပဲ။

အခြေခံ လေ့ကျင့်ခန်းဆီ ပြန်သွားလိုက်ပါ။ အကောင်းဆုံး နည်းလမ်းကတော့ သတိအပြည့်နဲ့ သည်းခံခြင်းပါပဲ။ အသက်ရှူမှုကို အာရုံစိုက်တဲ့အခါမှာ လောလောဆယ် ဖြစ်ပေါ်နေတဲ့ အသက်ရှူမှု အတွေ့အကြုံကို ဦးတည်ထားရပါတယ်။ အသက်ရှူမှုမှာ လေဝင်လာနေတာလား၊ လေထွက်နေတာလား၊ ကြားကာလလားဆိုတာ ပြသနေတဲ့ အတွေ့အကြုံကို ခံစားရပါတယ်။ တစ်ချို့ဆရာတွေက နှာသီးဖျားကလေကို စောင့်ကြည့်ခိုင်း ပါတယ်။ တစ်ချို့က ဝမ်းဗိုက်မှာ စောင့်ကြည့်ခိုင်းပါတယ်။ တစ်ချို့က အပြောင်းအလဲနဲ့ တစ်နေရာပြီး တစ်နေရာ ရှုမှတ်စေပါတယ်။ အတွေ့အကြုံအရ ပြောရရင် ဘယ်မှာရှုရှု ကိစ္စမရှိပါဘူး။

တကယ်တော့ အသက်ရှူမှုကို နေရာချထားခြင်း မပြုတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ နှာခေါင်းမှာ နေရာချလိုက်ရင် အသက်ရှူမှုကို သိမှတ်တာ မဟုတ်ဘဲ နှာခေါင်းကို သိမှတ်တာ ဖြစ်သွားနိုင်ပါတယ်။ ဝမ်းဗိုက်မှာ နေရာချလိုက်ရင် ဝမ်းဗိုက်ကို သိမှတ်တာ ဖြစ်သွားနိုင်ပါတယ်။

“ငါ အသက်ရှူသွင်းနေတာလား၊ အသက်ရှူထုတ်နေတာလား”လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ဘယ်လို နားလည်သလဲ။ ဟုတ်ပြီ၊ အဲဒါပါပဲ။ အသက်ရှုမှုကို ဆုံးဖြတ်ပေးတဲ့ အဲဒီ အသိပါပဲ။ အာနာပါနကမ္မဋ္ဌာန်းမှာ အဲဒီအသိကို အာရုံစိုက်ရပါမယ်။ ဘယ်နေရာမှာ တွေ့ကြုံရသလဲဆိုတာ အရေးမစိုက်ပါနဲ့။ တွေ့ကြုံသိမှတ်ရမှု ကိုပဲ အာရုံစိုက်လိုက်ပါ။

ဒီအဆင့်မှာ ကြုံရတတ်တဲ့ အဟန့်အတားတစ်ခုက အသက်ရှူမှုကို ထိန်းချုပ်ခြင်းဖြစ်ပါတယ်။ ဒီ အချက်က အသက်ရှူမှုကို မသက်မသာ ဖြစ်စေပါတယ်။ ဒီ အတားအဆီးကို ကျော်လွန်နိုင်ဖို့ အသက်ရှူမှုကို စောင့်ကြည့်ရာမှာ ကားပြတင်းပေါက်ကနေ ကြည့်နေတဲ့ ခရီးသည်တစ်ယောက်လို မှန်းဆကြည့်လိုက်ပါ။ သင်ဟာ ဒရိုက်ဗာ မဟုတ်ပါဘူး။ နောက်ကလိုက်တဲ့ စပယ်ယာလည်း မဟုတ်ပါဘူး။ ဒါကြောင့် အမိန့် မပေးပါနဲ့။ လွှတ်ပေးထားလိုက်ပါ။ ကားစီးနေလိုက်ရုံပါပဲ။ သင်က ဘာမှ မစွက်ဖက်ဘဲ ရှင်းရှင်းလေး စောင့်ကြည့် နေချိန်မှာ အသက်ရှူရှိုက်မှုကလည်း ရှူရှိုက်နေပါစေ။

အသက်ရှူမှုရဲ့ ဝင်လေထွက်လေကို သိမှတ်နေတဲ့အခါမှာ၊ ဆိုပါစို့ အကြိမ်တစ်ရာ အရှူအသွင်း လုပ်တယ်၊ တစ်ခုမှ အလွတ်မပေးလိုက်ဘူး။ ဒါဆိုရင် အသက်ရှူမှုမှာ အစဉ်မပြတ် တည်နေခြင်းဆိုတဲ့ ဒီကမ္မဋ္ဌာန်းရဲ့ တတိယအဆင့်လို့ သတ်မှတ်တဲ့ နေရာကို ရောက်ပါပြီ။

ဒီအဆင့်မှာ အရင်အဆင့်တွေထက် ပိုပြီး ငြိမ်းချမ်းပါတယ်။ ပိုပြီး နှစ်သက်စရာ ကောင်းပါတယ်။ ဒီထက်ပိုပြီး နက်နဲတဲ့ဆီ သွားရောက်ဖို့ အသက်ရှူမှုမှာ အစဉ်မပြတ် အပြည့်အစုံ တည်နေနိုင်ဖို့ ရည်ရွယ်ထားပါ။ အသက်ရှူမှုမှာ အစဉ်မပြတ် အပြည့်အစုံ တည်နေနိုင်ခြင်းဆိုတဲ့ စတုတ္ထအဆင့်ဟာ အသက်ရှူမှု အခိုက်အတန့်တိုင်းမှာ တစ်ခုစီ တစ်ခုစီကို အာရုံစိုက် နေနိုင်ချိန်ပဲ ဖြစ်ပါတယ်။

ဝင်လေကိုသိတဲ့ ပထမဆုံး ခံစားမှု ဖြစ်ပေါ်လာတဲ့အခါ ဝင်လေရဲ့ ပထမဆုံး လှုပ်ရှားမှုမှာ အဲဒီ ဝင်လေကို သိလိုက်တယ်။ ဝင်လေဖြစ်စဉ် တစ်လျှောက်လုံးမှာ ဖြည်းဖြည်းချင်း တိုးတက်ဖြစ်ပေါ်လာတဲ့ ခံစားမှုကို စောင့်ကြည့်ပါတယ်။ ဝင်လေဖြစ်စဉ်ရဲ့ အခိုက်အတန့် တစ်ခုကိုတောင် အလွတ်မပေးပါဘူး။ ဝင်လေ ပြီးဆုံးသွားတဲ့အခါ အဲဒီ အခိုက်အတန့်ကို သိလိုက်တယ်။ အဲဒီ ဝင်လေရဲ့ နောက်ဆုံး လှုပ်ရှားမှုကို စိတ်ထဲမှာ သိမြင်လိုက်ပါတယ်။

အဲဒီနောက် ကပ်လိုက်လာတဲ့ အခိုက်တန့်၊ ဝင်လေထွက်လေ နှစ်ခုကြားက ရပ်တန်မှုကို သိမြင်ပါ တယ်။ ထွက်လေ ပြန်မစမချင်း ရပ်တန့်နေတဲ့ အခိုက်ကို သိပါတယ်။

ထွက်လေရဲ့ ပထမဆုံး လှုပ်ရှားမှုကို သိပါတယ်။ ထွက်လေ ဖြစ်ပွားနေခို်က် ကပ်ပါလာတဲ့ ခံစားမှုတိုင်းကို သိပါတယ်။ သူ့လုပ်ငန်းစဉ် ပြီးဆုံးလို့ ထွက်လေ ကွယ်ပျောက်သွားတဲ့အထိ သိနေပါတယ်။

ဒါတွေ အားလုံးကို ကင်းဆိတ်စွာ ပြုလုပ်ပါတယ်။ ပစ္စုပ္ပန် အခိုက်အတန့်လေးမှာ ပြုလုပ်ပါတယ်။ ဝင်လေထွက်လေရဲ့ အစိတ်အပိုင်း အားလုံးကို တွေ့ကြုံသိမှတ်ပါတယ်။ အသက်ရှူမှု အကြိမ်များစွာကို စဉ်ဆက်မပြတ် သိမှတ်နေပါတယ်။ ဒါ့ကြောင့် ဒီအဆင့်ကို “အသက်ရှူမှုမှာ အစဉ်မပြတ် အပြည့်အစုံ အာရုံစိုက်ခြင်း”လို့ ခေါ်ပါတယ်။

ဒီအဆင့်ကို အင်အား စိုက်ထုတ်ခြင်းအားဖြင့်  မရောက်နိုင်ပါဘူး။ ဖက်တွယ်ထားခြင်း၊ ဆုပ်ကိုင် ထားခြင်းအားဖြင့် မရောက်နိုင်ပါဘူး။ ငြိမ်သက်စွာ ဖြစ်ပေါ်နေတဲ့ အသက်ရှူမှုကို အခိုက်အတန့် သိမှတ်နေတာ လွဲလို့ စကြာဝဠာ အတွင်းက ရှိရှိသမျှကို လွှတ်ပေးလိုက်ခြင်း အားဖြင့် ငြိမ်သက်ကင်းဆိတ်တဲ့ ဒီအဆင့်ကို ရောက်ရှိနို်င်ပါတယ်။

ဒီအဆင့်ကို သင် ရောက်ရှိတာလည်း မဟုတ်ပါဘူး။ စိတ်က ရောက်သွားတာပါ။ စိတ်က သူ့ဟာသူ အလုပ်လုပ် သွားတာပါ။ အသက်ရှူမှုနဲ့အတူ တည်ရှိနေခြင်းအားဖြင့် ဒီအဆင့်ဟာ တကယ်ငြိမ်းချမ်းတဲ့ နှစ်သက်ဖွယ် ဖြစ်တည်မှုပါလားလို့ စိတ်က အသိအမှတ် ပြုပါတယ်။

ဒီနေရာကစပြီး အတ္တရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ “ပြုလုပ်သူ” ကွယ်ပျောက်သွားပါတယ်။ ဒီ ကမ္မဋ္ဌာန်း အဆင့်မှာ တိုးတက်မှုဟာ အားမစိုက်ရဘဲ ဖြစ်ပေါ်လာတာကို တွေ့ရပါမယ်။

လမ်းကြောင်းကနေ ဘေးဖယ်နေလိုက်ရုံပါပဲ။ လွှတ်ပေးလိုက်ပါ။ ဖြစ်ပေါ်နေတာတွေကို စောင့်ကြည့်နေပါ။ သင်ကသာ ခွင့်ပေးလိုက်မယ်ဆိုရင် တစ်ခုတည်းသော အာရုံမှာ တည်နေခြင်းဆိုတဲ့ ရိုးရှင်း အေးချမ်းပြီး အရသာရှိတဲ့ စည်းလုံးမှုဆီ၊ အခိုက်တန့်တိုင်း အသက်ရှူမှုနဲ့အတူ တည်မြဲနေမှုဆီကို စိတ်က အလိုလို ညွတ်ကိုင်းသွားပါလိမ့်မယ်။ ဒါဟာ စိတ်ရဲ့ စည်းလုံးမှု ဖြစ်ပါတယ်၊ အခိုက်အတန့်လေး အပေါ်မှာ စုရုံးမှု၊ ငြိမ်သက်ခြင်းမှာ စုစည်းမှု ဖြစ်ပါတယ်။

ကမ္မဋ္ဌာန်းမှာ ဒီစတုတ္ထအဆင့်ဟာ ဒိုက်ဗင်ထိုးတဲ့ နေရာက စပရိန်တွန်းအားပါတဲ့ ပျဉ်ချပ်နဲ့ တူပါတယ်။ ဘာလို့လဲ ဆိုတော့ တကယ့် နှစ်သက်ဖွယ်ရာ အဆင့်တွေဆီကို ဒီအဆင့်ကနေ ဒိုက်ဗင်ထိုးသလို ထိုးချနိုင်လို့ပါပဲ။

ဝင်ရောက် စွက်ဖက်ခြင်း မရှိဘဲ ဒီ စိတ်ရဲ့စုစည်းမှုကို သန့်သန့်လေး ထိန်းထားတဲ့အခါ အသက်ရှူမှု စတင် ပျောက်ကွယ်ပါတယ်။ စိတ်က ရင်သပ်ရှုမောဖွယ်ရာ ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ ချမ်းမြေ့ပျော်ရွှင်မှုဖြစ်တဲ့ အသက်ရှူမှု အတွေ့အကြံရဲ့ ဗဟိုချက်မှာ အာရုံယူနေတုန်း အသက်ရှူမှုက ပေါ်လာပြီး ကွယ်ပျောက် သွားပါတယ်။ ဒီအဆင့်မှာ “လှပတဲ့ အသက်ရှူမှု”ဆိုတဲ့ ဝေါဟာရကို သုံးပါတယ်။

ဒီ ငြိမ်းချမ်းတဲ့ အသက်ရှူမှုဟာ အံဩစရာ ကောင်းလောက်အောင် လှပပါလားလို့ စိတ်က အသိအမှတ် ပြုပါတယ်။ တွေ့ကြုံခံစားရမှု ဖြစ်စဉ်တစ်လျှောက်လုံး အခိုက်အတန့် တစ်ခုပြီးတစ်ခု ဒီလှပတဲ့ အသက်ရှူမှုကို အဆက်မပြတ် သိနေပါတယ်။ ဘာမှ အင်အားစိုက်ထုတ်ခြင်း မရှိဘဲ လှပတဲ့ အသက်ရှူမှုကိုသာ အချိန်ကာလ ကြာမြင့်စွာ သိမှတ်နေပါတယ်။ အသက်ရှူတဲ့လေကို ကွယ်ပျောက်ခွင့် ပေးလိုက်ပြန်ပါပြီ။ “လှပမှု”တစ်ခုတည်း ကျန်ပါတော့တယ်။

အထည်ကိုယ်မဲ့တဲ့ အလှတရားဟာ စိတ်ရဲ့ တစ်ခုတည်းသော အာရုံ ဖြစ်လာပါတယ်။ စိတ်ဟာ သူ့ရဲ့ ကိုယ်ပိုင်အာရုံကို ယူထားပါတယ်။ အသက်ရှူမှု အားလုံးကို မသိမှတ်တော့ပါဘူး။ ရုပ်ခန္ဓာ၊ တွေးကြံမှု၊ အသံဗလံ ဒါမှမဟုတ် ပြင်ပကမ္ဘာကို  မသိမှတ်တော့ပါဘူး။

သင်သိနေတွေဟာ အလှတရား၊ ငြိမ်းချမ်းမှု၊ နှစ်သက်မှု၊ ပေါ့ပါးမှုတို့ပဲ ဖြစ်ပါတယ်။ ဒါကို သင့်ရဲ့ အမှတ်သညာက နာမည်ပေးချင်သလို ပေးပါလိမ့်မယ်။ သင်ဟာ အလှပိုင်ရှင် မပါဝင်တဲ့ လှပမှု သက်သက်ကိုသာ အားစို်က်ထုတ်မှု မရှိဘဲ အဆက်မပြတ် ကြုံတွေ့ ခံစား နေပါတယ်။

သင်ဟာ အရေးမပါတဲ့ ပြောဆိုဆုံးဖြတ်မှုကို အဝေးကြီးရောက်အောင် လွှတ်ပေးလိုက်ပါပြီ။ ဖော်ပြချက်တွေ ဆုံးဖြတ်ချက်တွေကို လွှတ်ပေးလိုက်ပါပြီ။ အခု ဘာကိုမှ ပြောမပြနိုင်လောက်အောင် စိတ်ဟာ ငြိမ်သက်သွားပါတယ်။

သင်ဟာ စိတ်အေးငြိမ်းမှုရဲ့ ပထမဆုံး အသီးအပွင့်ကို ရရှိနေခြင်းသာ ဖြစ်ပါတယ်။ အဲဒီ အေးငြိမ်းမှုဟာ ဖွံ့ဖြိုးကြီးထွား လာပါလိမ့်မယ်။ တကယ်ပဲ ခိုင်မြဲသန်မာ လာပါလိမ့်မယ်။

ဈာန်လို့ခေါ်တဲ့ တရားအဆင့်ထိ ဝင်ရောက်ပြီပေါ့။ ဒါကိုတော့ အပိုင်း (၃)မှာ ဆက်ပြောပါမယ်။


Ajahn Brahmavamso ရဲ့ “The Basic Method of Meditation”ကို ဘာသာပြန်ပါတယ်။
အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့ဖူးပါတယ်။ အတွဲအမှတ် မမှတ်မိတော့ပါ။

Ref (2 March 2011):
http://www.buddhanet.net/budsas/ebud/ebmed035.htm
Picture from (14 March 2011):
http://mingkok.buddhistdoor.com/cht/news/d/17739

No comments:

Post a Comment