ယေနဿ ပလိတံ သိရော။
• He is not a Thera (or) not an elder one,
Just because his head is gray.
• ဦးခေါင်း၌ ဆံပင်ဖြူရုံမျှဖြင့်
မထေရ်ကြီးမမည်ပေ၊ လူကြီးမဟုတ်ပေ။
ဒီ ဓမ္မအဆိုအမိန့်၊ ဓမ္မဒေသနာတော်ဟာ ဓမ္မပဒပါဠိတော် ဂါထာ (၂၆၀)၊ လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထုမှာ လာရှိပါတယ်။ ဒီ ဒေသနာတော်ရဲ့အဓိပ္ပာယ်ကို ဉာဏ်မီသလောက် ဖွင့်ဆိုရေးသားပြီး ထေရ်ကြီးဝါကြီး ထေရ်ကောင်းရှင်ကောင်းနဲ့ လူကြီးသူမ လူကြီးလူကောင်းတို့ရဲ့ ဂုဏ်ထူးဝိသေသတွေကို တစ်နည်းတစ်ဖုံ၊ သွယ်ဝိုက်သောအားဖြင့် ဖော်ညွှန်းဖွဲ့ဆိုချင်ပါတယ်။
ပါဠိလို “ထေရ”၊ မြန်မာလို“ထေရ်” ၊ “မထေရ်” ဆိုတဲ့စကားဟာ ယေဘုယျအားဖြင့် အသက်အရွယ် ကြီးရင့်မှုကို ရည်ညွှန်းပါတယ်။ “စိရဋ္ဌာယီ”ဆိုတဲ့ “အချိန်ကာလ ကြာရှည်လေးမြင့်စွာ ဖြစ်တည်နေနိုင်ခြင်း” သတ္တိသဘောကို ဖော်ညွှန်းပါတယ်။ အသက်အရွယ် အိုမင်းကြီးရင့်သူကို ဆိုလိုတာပါ။ ဒါကတော့ အများနားလည်ထားကြတဲ့ “ထေရ” ၊ “ထေရ်” ၊ “မထေရ်”ဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပာယ် ဖြစ်ပါတယ်။
နောက်အဓိပ္ပာယ် တစ်မျိုးက သီလ သမာဓိ ပညာစတဲ့ ဂုဏ်သိက္ခာတွေ ကောင်းမှုဘုန်းကံ အရှိန်အဝါတွေနဲ့ တည်တံ့ခိုင်ခန့်တဲ့ ပုဂ္ဂိုလ်မြတ်၊ တည်ကြည်လေးနက်တဲ့ ပုဂ္ဂိုလ်မြတ်လို့ ဆိုလိုပါတယ်။ ဒီတော့ “ထေရ”ဆိုတဲ့ ပါဠိပုဒ်ကို မြန်မာလို အဓိပ္ပာယ်နှစ်မျိုး ဖွင့်ဆိုနိုင်တာပေါ့။
(၁) ဘာဂုဏ် ဘာအရည်အချင်းမှ မရှိချင်နေပါစေ အသက်အရွယ် ကြီးရင့်အိုမင်းလာပြီ ဆိုရင် “ထေရ”လို့ ခေါ်ဆိုနိုင်ပါတယ်။
(၂) အသက်အရွယ် ငယ်ငယ် ကြီးကြီး၊ ဂုဏ် အရည်အချင်းတွေ ရှိနေမယ်ဆိုရင် “ထေရ”လို့ ခေါ်ဆိုနိုင်ပါတယ်။
ထေရလို့ ခေါ်ဆိုနိုင်တဲ့ ပုဂ္ဂိုလ်နှစ်မျိုး ရှိတဲ့နေရာမှာ ဂုဏ်အရည်အချင်းနဲ့ ပြည့်စုံသူသာ တကယ့်“ထေရ” ဖြစ်တဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ် မိန့်တော်မူခဲ့ပါတယ်။
စာပေဗဟုသုတ အရည်အသွေး၊ ကိုယ်ကျင့်သီလ အရည်အသွေး၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ သည်းခံနိုင်မှုစွမ်းရည်၊ အမြင်ကျယ် သဘောထားကြီးမှုစွမ်းရည်၊ ရက်ရောမှု အရည်အချင်း၊ ငြူစူတွန့်တိုမှု ရှင်းတဲ့ အရည်အချင်း စတဲ့စတဲ့ ကိုယ်ရည်ကိုယ်သွေး ဂုဏ်အရည်အချင်းတွေ တစ်စက်ကလေး တစ်ဆင့်ကလေးမှ တိုးတက်မလာဘဲ အသက်သာ ကြီးလာပြီး အချိန်မစီးတဲ့ ပုဂ္ဂိုလ်မျိုးကိုတော့ “မောဃဇိဏ္ဏ”လို့ ဘုရားရှင် ရှုတ်ချတော် မူပါတယ်။ “အကျိုးမဲ့အိုမင်းသူ”ဆိုတဲ့ အဓိပ္ပာယ်ပေါ့။
ဒီ “ထေရ”ဆိုတဲ့ ပါဠိဝေါဟာရကို “ထေရ်”၊ “မထေရ်”၊ “မထေရ်ကြီး”လို့ မြန်မာပြန်ပြီး ရဟန်းတော်များ အတွက်သာ ရည်ညွှန်းကြပါတယ်။ တကယ်တော့ ဒီဝေါဟာရဟာ လူဒကာ ဒကာမတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီစကားလုံး ဒီဝေါဟာရကို ရဟန်းတော်များအတွက် “ထေရ်ကြီး ဝါကြီး၊ ထေရ်ကောင်း ရှင်ကောင်း”လို့ မြန်မာပြန်ပြီး၊ လူဒကာဒကာမတွေအတွက် ဆိုရင်တော့ “လူကြီး သူမ၊ လူကောင်း သူကောင်း”လို့ မြန်မာပြန်နိုင်ပါတယ်။
ဘဝမှာ ရှင်ဆိုရင်လည်း ရှင်ကောင်းရှင်မြတ်၊ လူဆိုရင်လည်း လူတော်လူကောင်းဖြစ်ဖို့ အရေးကြီးပါတယ်။ မြင့်မြတ်မှ လူဖြစ်ရကျိုး နပ်ပါတယ်။ အထက်တန်းကျမှ ရှင်ဝတ်ရတာ တန်ပါတယ်။ လူပဲဖြစ်ဖြစ် ရှင်ပဲဖြစ်ဖြစ်၊ ကြီးကြီး ငယ်ငယ် ပုဂ္ဂိုလ်မရွေး၊ အရွယ်မရွေးပေါ့ ဘုရားရှင် ချီးကျူးတော်မူတဲ့ “ထေရ” ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ထေရဖြစ်ဖို့ ကြိုးစားတဲ့အခါ၊ ဂုဏ်အရည်အချင်းတွေ ရှာဖွေစုဆောင်းတဲ့ အခါမှာတော့ အပေါ်ယံ အကြွားအဝါဂုဏ်၊ အတုအပဂုဏ်တွေကို ဂရုမစိုက်ဘဲ စစ်မှန်တဲ့ဂုဏ်၊ ထိုက်တန်တဲ့ ဂုဏ်တွေကိုသာ ကြိုးစားရှာဖွေ စုဆောင်းနိုင်ဖို့ အရေးကြီးပါတယ်။
စာပေဗဟုသုတအရည်အသွေး၊ ကိုယ်ကျင့်သီလအရည်အသွေး၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ သည်းခံနိုင်မှုစွမ်းရည်၊ အမြင်ကျယ် သဘောထားကြီးမှုစွမ်းရည်၊ ရက်ရောမှု အရည်အချင်း၊ ငြူစူတွန့်တိုမှု ရှင်းတဲ့ အရည်အချင်း စတဲ့စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပြည့်ဝ သည်ထက် ပြည့်ဝလာအောင် လေ့ကျက်ဆည်းပူးရပါမယ်။ ဒီလို ကောင်းမြတ်တဲ့ ဂုဏ်အရည်အချင်းတွေကို ကိုယ်တိုင်ဖြည့်ကျင့်ယူမှ ရနိုင်ပါတယ်။ ဝယ်ယူလို့ မရနိုင်ပါဘူး၊ တောင်းယူဖို့ ဆိုတာလည်း မဖြစ်နိုင်တဲ့ ကိစ္စပါ။
ဒါပေမယ့် ဂုဏ်အရည်အချင်းဆိုတာကို ဝန်းကျင်လောကမှာရှိတဲ့ လူသားတွေကလည်း သတ်မှတ်ပြဌာန်း ပေးနိုင်ပါသေးတယ်။ အဲဒီလို လောကသတ်မှတ်ချက် တွေဟာလည်း အရာခပ်သိမ်း အခါခပ်သိမ်း မှန်ကန်တယ်လို့ မရှိနိုင်ပါဘူး။ လောကသဘာဝ ဆိုတာက အမှန်နည်းနည်း အမှားများများ မဟုတ်ပါလား။ ဒီတော့ ဂုဏ်တုဂုဏ်ရောင်၊ တံဆိပ်ခတ် အရည်အချင်း ဆိုတာတွေ ဖြစ်လာပါတယ်။
အပေါင်းအသင်း၊ ဆွေမျိုးအသိုင်းအဝိုင်း၊ ရာထူးဌာနန္တရ၊ ဥစ္စာဓန၊ ဘွဲ့ထူးဂုဏ်ထူး၊ ဘွဲ့ဒီဂရီ၊ အောင်လက်မှတ်၊ ဂုဏ်ပြုသဝဏ်လွှာ စတဲ့ လောကသင်္ကေတတွေနဲ့ ဂုဏ်အရည်အချင်းကို တိုင်းတာကြပါတယ်။ ဒီလို ဂုဏ်သင်္ကေတ တစ်ခုခုပြည့်စုံလာတဲ့အခါ လူဆိုရင် ဂုဏ်သရေရှိ လူကောင်းသူကောင်းအဖြစ် လေးစားကြပါတယ်၊ ရှင်ဆိုရင်လည်း ဘုန်းတန်ခိုးကြီးမားတဲ့ ရှင်ကောင်းရှင်မြတ်အဖြစ် ဦးခိုက် ကြည်ညိုကြပါတယ်။
ဒီတော့ အများစုက လောကရဲ့လေးစားမှု ရရှိအောင်၊ လောကရဲ့ ဦးခိုက်ကြည်ညိုမှုကို ခံယူနိုင်အောင် လောကသားအများစု အထင်ကြီး လေးစားကြတဲ့ ဂုဏ်သင်္ကေတတွေကို အပတ်တကုတ် ရှာဖွေစုဆောင်းကြ ပါတော့တယ်။ ဂုဏ်သင်္ကေတတွေကို အသည်းအသန် ဖြစ်လာရင် မသမာမှုတွေလည်း ပါဝင်လာနိုင်တာပေါ့။ “ဂုဏ်သင်္ကေတတွေ ရရှိရေးအတွက် ဘယ်လို မသမာမှုတွေ ကျူးလွန်ကြသလဲ”လို့ မေးလာရင် “တနည်းနည်းနဲ့ ကံငါးပါး ကျူးလွန် ဖောက်ဖျက်ကြလိမ့်မယ်”လို့ပဲ လွယ်လွယ်ကူကူ ထိထိမိမိ ဖြေဆိုရပါလိမ့်မယ်။
ဗုဒ္ဓဘာသာအမြင်နဲ့ ပြောရရင် ကုသိုလ်ရမှ ဂုဏ်ရပါတယ်၊ ကုသိုလ်ရှိမှ ဂုဏ်ရှိပါတယ်။ ကုသိုလ်ရဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်က ကံငါးပါးကို စောင့်ထိန်းနိုင်ခြင်း ဖြစ်ပါတယ်။ အခြေခံလူ့ကျင့်ဝတ် ငါးပါးသီလမှ မလုံဘူးဆိုရင်တော့ တစ်ခြား လေးစား အားထားလောက်တဲ့ ကုသိုလ်အရည်အချင်း၊ ကုသိုလ်ဂုဏ်တွေလည်း ပြည့်စုံမလာနိုင်ပါဘူး။ ဒီတော့ ကံငါးပါးကို ယုတ်ယုတ်မာမာ ကျူးလွန်ချိုးဖျက်ပြီး ဂုဏ်တုဂုဏ်ရောင်၊ တံဆိပ်ခတ် အရည်အချင်း ဆိုတာတွေ မစုဆောင်းမိဖို့ အရေးကြီးပါတယ်။
ဘာဂုဏ် ဘာအရည်အချင်းမှ တိုးတက်မလာဘဲ ဆံပင်ဖြူ ခါးကိုင်း နားထိုင်းရုံ သက်သက်နဲ့ အသက်အရွယ် ကြီးရင့်လာရတာမျိုး မဖြစ်ကြစေဖို့၊ ဂုဏ်အရည်အချင်းလို့ နာမည်တပ်ထားတဲ့ မာယာဝတ်ရုံ မခြုံမိကြစေဖို့၊ တန်ဖိုးရှိတဲ့ ကုသိုလ်အရည်အချင်းများ ပြည့်ဝကြစေဖို့ အရေးကြီးလှပါကြောင်း...။
Picture from (17 March 2011): http://abstractartpainting.wordpress.com/2009/09/page/2/
No comments:
Post a Comment