Sunday, March 6, 2011

Basic Method of Meditation (1-B) - အခြေခံတရားရှုမှတ်နည်း (၁-ခ)



အတိတ်ကို ကြံစည်ခြင်းအားဖြင့် အတိတ်ကနေ တနည်းနည်းနဲ့ လေ့လာမှု ပြုနိုင်တယ်၊ အတိတ်က ပြဿနာကို ဖြေရှင်းနိုင်တယ်လို့ တစ်ချို့က ထင်မြင်ယူဆကြပါတယ်။ အတိတ်ကို ကြည့်တဲ့အခါ အမှန်ကို မမြင်နိုင်ဘူးဆိုတာ နားလည်ထားသင့်ပါတယ်။ ဘယ်လို မြင်ရတယ်လို့ပဲထင်ထင် အမှန်တရားဟာ အဲဒီအမြင်နဲ့ လုံးဝ မတူပါဘူး။ ဒါကြောင့်ပဲ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ လူတွေ ငြင်းခုံနေရပါတယ်။ အခုလေးတင်က ဖြစ်ခဲ့တာကိုတောင် ငြင်းနေရပါတယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ခဲ့တယ် ဆိုပါစို့။  မျက်မြင်သက်သေ နှစ်ယောက်ရှိမယ်။ နှစ်ယောက်လုံး ရိုးသားကြမယ်။ ဒါပေမယ့် အဲဒီသက်သေ နှစ်ယောက်ဟာ တစ်မျိုးစီ ထွက်ဆိုကြမယ်ဆိုတာ ယာဉ်ထိန်းရဲတွေ သိပါတယ်။

မှတ်ဉာဏ်ဟာ မယုံကြည်လောက် ပါဘူး။ မှတ်ဉဏ်ဟာ ဘယ်လောက် မယုံရသလဲဆိုတာ စဉ်းစား ကြည့်ရုံနဲ့တင် အတိတ်ကို စဉ်းစားမှုမှာ တန်ဖိုး မထားနိုင်တော့ပါဘူး။ အတိတ်ကို လွှတ်လိုက်နိုင်ပါတယ်။ သူသေကောင်ကို မြေမြှုပ်လိုက်သလို အတိတ်ကို မြှုပ်နှံနိုင်ပါတယ်။ ခေါင်းထဲထည့်ပြီး မြေမြှုပ်သင်္ဂြိုဟ်၊ ဒါမှမဟုတ် မီးသင်္ဂြိုဟ်လိုက်ပါ။ အတိတ်နဲ့ ပတ်သက်လို့ လုပ်စရာ မရှိတော့ပါဘူး။ အတိတ်ကို တွယ်မနေပါနဲ့။ ကုန်လွန်ပြီးသား အခိုက်အတန့်ဆိုတဲ့ အလောင်းကောင်တွေကို စိတ်ထဲမှာ မထားပါနဲ့တော့။ ထားနေသေးတယ် ဆိုရင်တော့ ကိုယ်မပိုင်တဲ့ ဝန်ထုပ်တွေနဲ့ ညွတ်ကျလေးလံ နေပါလိမ့်မယ်။ အတိတ်ကို လွှတ်ပေးလိုက်ပါ။ ပစ္စုပ္ပန်မှာ လွတ်လပ်နိုင်စွမ်း ရှိလာပါလိမ့်မယ်။

စောင့်မျှော်ခြင်း၊ စိုးရွံ့ခြင်း၊ အစီအစဉ်နဲ့ မျှော်လင့်ချက်တွေလိုမျိုး အနာဂတ်ကိုလည်း လွှတ်ပေးလိုက်ပါ။ အနာဂတ်နဲ့ ပတ်သက်ပြီး “အနာဂတ်မှာ ဘာကိုပဲ မျှော်လင့်ထားထား ဖြစ်လာတာက မျှော်လင့်ထားတာနဲ့ တစ်ခြားစီ ဖြစ်နေပါလိမ့်မယ်”လို့ ဗုဒ္ဓဟောတော်မူခဲ့ ဖူးပါတယ်။ အနာဂတ်ဟာ မသေချာဘူး၊ ကြိုမသိနိုင်ဘူး၊ ကြိုတင် မခန့်မှန်းနိုင်ဘူးဆိုတာ ပညာရှိတွေ သိပါတယ်။ အနာဂတ်ကို ကြိုမျှော်ခြင်းဟာ လုံးဝ မိုက်မဲပါတယ်။ တရားအလုပ်မှာ အနာဂတ်ကို ကြံစည်ခြင်းဟာ အကြီးအကျယ် အချိန်ဖြုန်းတီးမှု ဖြစ်ပါတယ်။

စိတ်ကို ရှုမှတ်တဲ့အခါ စိတ်ဟာ တကယ် ဆန်းကြယ်တာကို တွေ့ရပါလိမ့်မယ်။ စိတ်ဟာ အံ့ဩစရာ ကောင်းတာတွေ၊ မျှော်လင့်မထားတာတွေကို လုပ်နိုင်ပါတယ်။ အခက်ကြုံနေရတဲ့၊ ငြိမ်းချမ်းမှု မရနိုင်တဲ့ ယောဂီ တွေဟာ “စိတ်ပျက်စရာ နောက်တစ်ချိန်တော့ လာပြန်ပြီ”ဆိုတဲ့ အတွေးနဲ့ တရားထိုင်နေရတာမျိုး ရှိတတ်ပါတယ်။ အဲဒီလို အတွေးမျိုးနဲ့ ထိုင်နေရပေမယ့်လည်း မျှော်လင့်ချက်ပျောက်ဆုံး၊ အထူးအဆန်းတွေ ဖြစ်လာပြီး ငြိမ်းချမ်းတဲ့ ကမ္မဋ္ဌာန်းဆီ ရောက်သွားတတ်ပါတယ်။

ဆယ်ရက်စခန်း စဝင်တဲ့ လူတစ်ယောက်အကြောင်း မကြာခင်ကပဲ ကြားမိပါတယ်။ သူဟာ ပထမဆုံးနေ့မှာ ခန္ဓာကိုယ် နာကျင်လွန်းလို့ အိမ်ပြန်ခွင့် တောင်းပါသတဲ့။ “နောက်တစ်ရက်ပဲ နေလိုက်ပါ။ နာကျင်တာ ပျောက်သွားပါလိမ့်မယ်။ တာဝန်ယူပါတယ်”လို့ ဆရာက ပြောသတဲ့။ ဒါကြောင့် နောက်တစ်ရက် ဆက်နေလိုက်တာ ပိုပြီး နာကျင်လာလို့ တစ်ခါ အိမ်ပြန်ခွင့် တောင်းပြန်ပါ သတဲ့။ “နောက်ထပ် တစ်ရက်ထဲပါ။ နာကျင်တာ ပျောက်သွားပါမယ်”လို့ပဲ ဆရာက ထပ်ပြောသတဲ့။ သူ တတိယနေ့ ဆက်နေတော့ ပိုဆိုး လာပြန်သတဲ့။ ကိုးရက်လုံးလုံး ညနေပိုင်းမှာ ဆရာ့ဆီသွားပြီး နာကျင်လွန်းလို့ အိမ်ပြန်ဖို့ ခွင့်တောင်းတယ်။ ဆရာကတော့ “နောက်ထပ် တစ်ရက်ထဲပါ။ နာတာကျင်တာ ပျောက်သွားပါလိမ့်မယ်”လို့ပဲ ပြောသတဲ့။ နောက် ဆုံးနေ့မှာတော့ လုံးဝ မျှော်လင့်မထားတာ ဖြစ်ခဲ့ပါသတဲ့။ နံနက်ပိုင်းမှာ ပထမဆုံး စထိုင်တော့ နာကျင်တာ ပျောက်သွားသတဲ့။ ပြန် ပေါ်မလာတော့ဘူးတဲ့။ လုံးဝ နာကျင်မှု မရှိဘဲ အကြာကြီး ထိုင်နိုင်သတဲ့။ စိတ်ဟာ ဘယ်လောက်ထူးဆန်းတယ်၊ မမျှော်လင့်တဲ့ အကျိုးရလာဒ်ကို ဖြစ်စေတယ်ဆိုတာ သူ အံ့ဩရတာပေါ့။

ဒါကြောင့် အနာဂတ်ကို သင် မသိပါဘူး။ ဆန်းကြယ်ပါတယ်။ ထူးဆန်းပါတယ်။ ဘယ်လိုမှ မျှော်လင့် မထားနိုင်တဲ့အရာပါ။ ဒီလို အတွေ့အကြုံမျိုးက အနာဂတ်ကို မကြံစည်ဖို့၊ မျှော်လင့်ချက်လည်း မထားဖို့ သင့်ကို ဆင်ခြင်တုံပညာနဲ့ သတ္တိ ပေးပါတယ်။

တရားထိုင်ရင်း “ဘယ်နှစ်မိနစ် ကျန်သေးသလဲ၊ ဒါကို ဘယ်လောက်ကြာကြာ သည်းခံရအုံးမလဲ”လို့များ တွေးမိရင် အနာဂတ်မှာ ကျက်စားနေမိ ပြန်ပါပြီ။ နာကျင်မှုဟာ တစ်ခဏအတွင်းမှာ ပျောက်သွားနိုင်ပါတယ်။ နောက်ထပ် အခိုက်အတန့် တစ်ခုဟာ လွတ်လပ်မှု ဖြစ်နိုင်ပါတယ်။ ဘာဖြစ်မယ်ဆိုတာ ကြို မမြင်နိုင်ပါဘူး။ တရားစခန်းမှာ အကြိမ်တွေ အများကြီး ထိုင်ပြီးတဲ့နောက် ဘယ်အကြိမ်မှ မကောင်းဘူးလို့ တစ်ခါတစ်ခါ အတွေး ရောက်နိုင်ပါတယ်။ နောက်တစ်ကြိမ် ထိုင်တဲ့အခါကျတော့ အရာရာဟာ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်း လွယ်လွယ်ကူကူ ဖြစ်နေပြန်ရော။ “ဟုတ်ပြီ။ ငါ တရားထိုင်နိုင်ပြီ”လို့ တွေးမိမယ်။ နောက်တစ်ခါ ထိုင်တော့ အခက်တွေ့ပြန်ရော။ ဘာတွေ ဖြစ်နေတာလဲ။

ကြုံခဲ့ဖူးတဲ့ ပထမဆုံး ကမ္မဋ္ဌာန်း ဆရာက တော်တော်ထူးဆန်းတာ တစ်ခု ပြောခဲ့ပါတယ်။ တရားမှာ မကောင်းတာရယ်လို့ မရှိဘူးတဲ့။ သူ မှန်တာပေါ့။ မကောင်းဘူးလို့ဆိုတဲ့ ကမ္မဋ္ဌာန်းတွေဟာ စိတ်ပျက်စရာ အတွေ့အကြုံ၊ မျှော်လင့်ထားတာတွေနဲ့ မကိုက်ညီတဲ့ အရာသာ ဖြစ်ပါတယ်။ အဲဒီ တရားဟာ ပင်ပင်ပန်းပန်း ကြိုးစားတဲ့အတွက် ဘာရရမယ်ဆိုတဲ့ အပေးအယူ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။

တနင်္လာနေ့ တစ်နေ့လုံး အလုပ်လုပ်ပြီးတဲ့နောက် အခကြေးငွေ ဘာမှ မရတဲ့ သူနဲ့ တူပါတယ်။ “ငါ ဘာအတွက် လုပ်နေတာလဲ”လို့ သူ စဉ်းစားတယ်။ အင်္ဂါနေ့ တစ်နေ့လုံး သူ အလုပ် လုပ်ပြန်တယ်။ ဘာမှ မရသေးဘူး။ နောက်တစ်နေ့လည်း အဆင်မပြေဘူး။ ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့တွေမှာလည်း ပင်ပင်ပန်းပန်း လုပ်ရတဲ့အတွက် ဘာရတယ်လို့ ပြစရာ မရှိဘူး။ လေးရက်ဆက်တိုက် အဆင်မပြေဘူး။ နောက်ပြီး သောကြာနေ့၊ အရင်လိုပဲ အလုပ်လုပ်တယ်။ နေ့ကုန်တော့ အလုပ်ရှင်က လုပ်ခပေးပါ တယ်။ သူက “ဟား။ ဘာလို့ နေ့တိုင်း လုပ်ခမရတာလဲ”တဲ့။

တရားထိုင်ချိန်တိုင်း ဘာလို့ အကျိုးမရတာလဲ။ အခု ဥပမာကို နားလည်တယ် မဟုတ်လား။ ကမ္မဋ္ဌာန်းမှာ သဘောကျ ကျေနပ်မှုရဖို့၊ အောင်မြင်နိုင်ဖို့ ခက်ခဲပါတယ်။ ငြိမ်းချမ်းဖို့အတွက် ခက်ခက်ခဲခဲ ရှုမှတ်ရင်း ခွန်အားစုဆောင်းပါ။ ငြိမ်းချမ်းဖို့ အရှိန်ယူပါ။ အရည်အချင်းကောင်းတွေ လုံလောက်လာတော့ စိတ်ဟာ ကောင်းမြတ်တဲ့ ကမ္မဋ္ဌာန်းဆီ ဝင်ရောက်ပါတယ်။ အဲဒါဟာ လုပ်ခရတဲ့နေ့နဲ့ တူပါတယ်။ ဒါဟာ ကိုယ်လုပ်နေတဲ့ ကမ္မဋ္ဌာန်းမှာ အဆိုးကြုံရခြင်းပါပဲ။

မကြာခင်က ဆစ်ဒနီမှာ လုပ်ပေးခဲ့တဲ့ တရားစခန်းရဲ့ အမေးအဖြေချိန်မှာ အမျိုးသမီး တစ်ယောက်က အကြောင်းနှစ်မျိုးနဲ့ ဘုန်းကြီးတို့ကို တစ်နေ့လုံး သူစိတ်တိုရတဲ့အကြောင်း ပြောပြတယ်။ စောစောပိုင်း တရား ချိန်တွေမှာ အခက်ကြုံရပြီး ကမ္မဋ္ဌာန်းဖြုတ်ဖို့ ခေါင်းလောင်း မြန်မြန်မတီးလို့ စိတ်တိုတာတဲ့။ နောက်ပိုင်း လှပငြိမ်းချမ်းတဲ့ အဆင့်ရောက်တော့ ခေါင်းလောင်းတီးတာ စောလို့ စိတ်တိုတာတဲ့။

ကမ္မဋ္ဌာန်းချိန်တွေကတော့ အားလုံးတူပါတယ်။ အတိအကျ တစ်နာရီစီပါပဲ။ ဆရာမို့ ခေါင်းလောင်း တီးပြီးတော့ အနိုင်ယူလို့ မရပါဘူး။ “ခေါင်းလောင်းတီးဖို့ ဘယ်လောက် လိုသေးသလဲ”လို့ စိတ်ကူးပြီး အနာဂတ်ကို မျှော်လင့်နေရင် ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ညှင်းဆဲတဲ့ အဆင့်၊ ကိုယ်မပိုင်တဲ့ ဝန်ထုပ်တွေကို ထမ်းထားတဲ့အဆင့် ဖြစ်ပါတယ်။ “အချိန်ဘယ်လောက် ကျန်သေးတယ်၊ နောက် ဘာဆက်လုပ်မယ်”ဆိုတဲ့ လေးလံတဲ့ ဝန်ထုပ်ကို မယူလိုက်မိဖို့ သတိကြီးကြီး ထားပါ။ ဒီအတွေးမျိုး ဝင်လာရင် လောလောဆယ် ဖြစ်ပေါ်နေတာကို အာရုံ မစိုက်နိုင်တော့ ပါဘူး။ တရား ရှုမှတ်နေတာ မဟုတ်တော့ပါဘူး။ လုပ်ငန်းခွင် ပျောက်သွားပါပြီ။ ဒုက္ခရှာနေတာပါ။

ဒီကမ္မဋ္ဌာန်း အဆင့်မှာ မနက်လား၊ နေလယ်လား ဘာမှ မသိနိုင်လောက်တဲ့အထိ လောလောဆယ် အခိုက်အတန့်မှာပဲ စိတ်စိုက်ထားပါ။ အခိုက်အတန့်ကိုပဲ သိရပါမယ်။ အခုလောလောဆယ် အခိုက်အတန့် လေးပါ။ ဒီနည်းအားဖြင့် အချိန်ဘယ်လောက် ကုန်ခဲ့ပြီ၊ ဘယ်လောက်ကျန်သေးတယ်လို့ သတိမထား၊ ဘာနေ့ရယ်လို့ မသိဘဲ ပစ္စုပ္ပန်မှာ ရှုမှတ်နေတဲ့ ရသေ့ရဟန်းတို့ရဲ့ လှပတဲ့ အချိန်ကာလ တိုင်းတာမှုဆီ ရောက်ရှိလာပါတယ်။

တစ်ချိန်က၊ ထိုင်းနိုင်ငံမှာ ရဟန်းငယ် ဘဝနဲ့ ရှိနေတုန်းက လက်ရှိရောက်နေတဲ့ နှစ်ကို မေ့လျော့ခဲ့ ဖူးပါတယ်။ ပုံမှန်ကျင်လည်နေကျ အချိန်လုရတဲ့ ဘဝထက် လွတ်လပ်တဲ့၊ အချိန်ကာလ စံမဲ့နေတဲ့ နေရာမှာ နေရတာ အံ့ဩစရာ ကောင်းပါတယ်။ အချိန်ကာလ စံမဲ့တဲ့ နေရာမှာ၊ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာက ပညာရှိတွေ တွေ့ကြုံခဲ့ကြသလိုမျိုး သင်ဟာ လောလောဆယ် အခိုက်အတန့်ကိုပဲ တွေ့ကြုံ ခံစားနေပါတယ်။ ဒီရှုမှတ်မှုပဲ ရှိခဲ့ပါတယ်။ ထူးခြားမှု မရှိပါဘူး။

သင်ဟာ လက်ရှိအမှန်တရားဆီ ရောက်နေပါပြီ။ ပစ္စုပ္ပန် အရှိအမှန်ဟာ အံဩစရာ ကောင်းပါတယ်။ ကြီးကျယ်ခမ်းနားပါတယ်။ အတိတ် အနာဂတ်အားလုံးကို စွန့်လွှတ်လိုက်တဲ့ အခါမှာ တကယ်ရှင်သန်နေသလို ဖြစ်လာပါတယ်။ သင် တည်ရှိနေပါတယ်။ သတိအပြည့်နဲ့ပါ။ ဒါဟာ ကမ္မဋ္ဌာန်းရဲ့ ပထမအဆင့်ပဲ ဖြစ်ပါတယ်။ ပစ္စုပ္ပန်မှာ တည်နေတဲ့ သတိပဲ ဖြစ်ပါတယ်။

ဒီအဆင့် ရောက်ရင် သင်ဟာ အကြီးအကျယ် လုပ်ဆောင်ပြီးပါပြီ။ လေးနက်တဲ့ ကမ္မဋ္ဌာန်းကို တားမြစ်တဲ့၊ ပထမဆုံး ကြုံရတဲ့ ဝန်ထုပ်တွေကို လွှတ်ပစ်လိုက်ပါပြီ။ စွန့်လွှတ်မှု အားကောင်း ခိုင်မာအောင် မထူထောင်နိုင်မချင်း ပထမအဆင့်မှာ ခွန်အားစိုက်ထည့် နေလိုက်ပါ။ ပစ္စုပ္ပန်အပေါ် သိမှတ်မှုကို နောက် တစ်ဆင့် မြှင့်ပေးပါ့မယ်။ ကင်းဆိတ်တဲ့ ပစ္စုပ္ပန်သိမှု အဆင့်ပေါ့။
 
 
Ajahn Brahmavamso ရဲ့ “The Basic Method of Meditation”ကို ဘာသာပြန်ပါတယ်။
အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့ဖူးပါတယ်။ အတွဲအမှတ် မမှတ်မိတော့ပါ။

Ref (2 March 2011):
http://www.buddhanet.net/budsas/ebud/ebmed035.htm
Picture from (3 March 2011):
http://secangkirteh.com/index.php?topic=647.90


2 comments:

  1. ဘုန်းဘုန်း မြေမြှုတ်မဟုတ်၊ မြေမြှုပ်ဘုရား :)

    အားရင် စာလုံးပေါင်းလာစစ်မယ်နော ဘုရား.. ခွင့်ပြုရင်.. ကုသိုလ်တွေမျှယူမလို့..(ခွင့်မပြုလည်း) :P

    အချိန်ကာလကို သတိမရတဲ့အချိန် တော်တော်ကိုနေလို့ ကောင်းတာပဲဘုရား.. ဘုန်းဘုန်း ကျေးဇူးးးးးးးးး

    ReplyDelete
  2. အိုကေ အိုကေ။
    နေနေ။
    အိုဗာစတေးလည်း ဖြစ်နေအုံးမယ်။
    :)

    ReplyDelete