Sunday, February 27, 2011

A Child Learning First - ပညာသင်ဦးစ သူငယ်ကလေး

သူငယ်ကလေး၏ အမည်မှာ မောင်ဌေးလွင် ဖြစ်၏။ ယောက်ျားပီသ၍ ဥပဓိနှင့် ပြည့်စုံသူ ဖြစ်၏။ သွက်လက်၏။ ချက်ချာ၏။ ရုပ်ရည်သန့်၏။ ခန့်၏။ ဖျတ်လတ်သောဉာဏ် ရှိပုံပေါ်၏။ အသား မဖြူမညို ရှိသည်။ မျက်လုံးမျက်ခုံး နှာတံ ပေါ်လွင်၏။ မျက်နှာရွှင်လန်းသည်။ ဒေသ၏ ယဉ်ကျေးမှုအတိုင်း ဆံရစ်ဝိုင်း ဆံထုံးကလေးနှင့် ချစ်စဖွယ် ဖြစ်၏။ မိဘများမှာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့၏ တောင်ဘက် ၀က်လက်မြို့နယ် သရိုင်ရွာမှ ဦးဇောတိ ဒေါ်အုန်းလှိုင်တို့ ဖြစ်ကြသည်။

ဇေယျတု၊ သက္ကရာဇ် ၁၂၆၁ - ခု၊ တပို့တွဲလပြည့်ကျော် ၁၄ - ရက်၊ အင်္ဂါနေ့ မြန်မာနေ့ ၁ - ချက်တီးကျော် အချိန်တွင် သတို့သားကို မာတာမိခင် ဖွားသန့်စင်သည်၊ သက်လျှင် ရာကျော် ရှည်စေသောဝ်။

ထိုစဉ်က သရိုင်ရွာ ပင်းကျောင်းကြီး၏ ကျောင်းထိုင်မှာ ဆရာတော် ဦးဇနိတ ဖြစ်၏။ ဦးဇနိတသည် တောမှာ ကျောင်းထိုင်သော်လည်း နှယ်နှယ်ရရ မဟုတ်ပေ။ မန္တလေးမြို့ ရွှေကျင်ကျောင်းတိုက်ကြီး၌ စာချ ဓမ္မာစရိယ ဖြစ်တော်မူခဲ့ပြီး အေးအေးချမ်းချမ်း နေလို၍ သရိုင်ရွာသို့ ကြွရောက်ကျောင်းထိုင်တော်မူခြင်း ဖြစ်၏။ ဤသည်ပင်လျှင် မောင်ဌေးလွင်ဟူသော သာသနာ့ အညွန့်အညှောက်ကလေး သန်မာလာဖို့ အခြေခံအကြောင်းတစ်ရပ် ဖြစ်ခဲ့လေသည်။
 

ထိုစဉ် တစ်နေ့ . . . . . ။ အချိန်ကား ၁၂၆၇ ခုနှစ် ဆောင်းတွင်းကာလ ဖြစ်၏။ မိခင်က ဆွမ်းအုပ်နီကြီးကို ခေါင်းပေါ်ရွက်၊ အသက်အားဖြင့် ခြောက်နှစ်ခန့်မျှသာ ရှိသေးသော သားသူငယ်ကို လက်ကဆွဲ၍ ကျောင်းဝင်းထဲသို့ ၀င်လာချေပြီ။ ဆရာတော်ကြီးအား အပ်နှံရန် ဖြစ်၏။ ဆရာတော်ကြီး၏ စိတ်တွင် ကြည်လင်ရွှင်ပြသွားလေသည်။ သူငယ်ကိုကြည့်၍ ပီတိလည်း ဖြစ်နေ၏။ ဓာတ်ချင်းဟပ်လေသလော မပြောတတ်။ ရင်တွင်း၌ တလှပ်လှပ် ခံစားနေရသည်။ စောင့်စားခဲ့ရသော အချိန်ကား ရောက်လာခဲ့ပြီတည်း။

ပညာသင်ဦးစ သူငယ်ကလေး။  ။ သူငယ်ကလေး ရောက်လာအပ်နှံသည်မှစ၍  ပင်ကျောင်းဆရာတော်ကြီးမှာ ကြောင့်ကြမဲ့ မနေသာတော့ချေ။ ဦးစွာပထမ မောင်ဌေးလွင်ကလေးကို ဆောင့်ကြောင့်ထိုင် လက်အုပ်ချီစေ၍ ဆရာတော်ကြီးက ပီပီသသ “နမော ဗုဒ္ဓါယ သိဒံ္ဓ”ဟု တိုင်ပေးတော်မူ၏။ မောင်ဌေးလွင်လေးက လိုက်၍ ဆိုရသည်။ ဤသည်မှာ ပုဂံခေတ်မှစ၍ တွင်ကျယ်လာခဲ့သော ရှေးဆရာတော်ကြီးများ၏ ပဏာမ ဘုရားရှိခိုးပင် ဖြစ်၏။ (ဗုဒ္ဓါယ = မြတ်စွာဘုရားအား၊ နမော = ရှိခိုးပါ၏၊ သိဒံ္ဓ = အရာရာ ပြီးမြောက်ပါစေသတည်း-ဟု ဆိုလို၏။) ဗုဒ္ဓဘာသာဝင်များ ဖြစ်၍ ဘုရားကို ဦးစွာ ရှိခိုးလိုက်ခြင်း ဖြစ်ပေသည်။ ရှိခိုးလိုက်သည့်အတွက် “အရာရာ ပြီးမြောက်ပါစေသတည်း”တဲ့။ ဆုတောင်းမှု ပါပါသည်။

ကံ့ကူလက်လှည့်ဆရာတော်။  ။ ထို့နောက် ပင်းကျောင်း ဆရာတော်ကြီးက ထုံးစံအတိုင်း သင်နည်းစနစ်ကို စလေသည်။ ကျောင်းသို့ ရောက်လာစ ကလေးသူငယ်တို့အား လက်ကိုင် သစ်သားသင်ပုန်း မဲမဲကြီးပေါ်တွင် ၀ိုင်းစက်နေအောင် ၀လုံးရေးကျင့်စေသည်မှာ ထုံးစံဖြစ်၏။ ယခု မောင်ဌေးလွင်ကလေးလည်း ဤအတိုင်း လေ့ကျင့်နေရပြီ။ မောင်ဌေးလွင်ကလေးက ကံ့ကူတံကို ကောင်းကောင်း မကိုင်တတ်သောအခါ  ဆရာတော်ကြီးက “ဒီလို ကိုင်ရတယ်ကွ”ဟု မိန့်ဆိုကာ မောင်ဌေးလွင်၏ လက်ကလေးကိုပါ အုပ်ကိုင်ပြီး ရေးပြသည်။ ကံ့ကူတံကို နိုင်နိုင်ကိုင်တတ်လာသောအခါ မောင်ဌေးလွင်ကလေး ၀မ်းသာသွားရ၏။ ထို့ပြင် ဆရာတော်ကြီးက အနားမှာ ထိုင်၍ ထပ်မံ သတိပေးပြန်သည်။

“ဟိုး မိုးပေါ်က လမင်းကြီးကို မင်း မြင်ဖူးတယ် မဟုတ်လား။ အေး။ ၀လုံးကို ရေးတဲ့အခါ အဲဒီ လမင်းကြီးလို ၀ိုင်းနေအောင် ရေးရတယ်ကွ။ အခု မင်းရေးတဲ့ ၀လုံးက ဘဲဥလိုလို ကြက်ဥလိုလို ရွှေစောင်းစောင်း ဖြစ်လိုက်၊ သြဇာသီးလို မ၀ိုင်းတ၀ိုင်း ဖြစ်လိုက်နဲ့။ ပြီးတော့ အစလေးတွေလည်း ကျန်ကျန်နေတယ်။ ဘယ်ဟာအစ ဘယ်ဟာအဆုံးမှန်း မသိအောင်၊ ဆက်မိသွားအောင် ရေးရတယ်ကွ”ဟူ၍ ဖြစ်သည်။

ထိုနေ့က မောင်ဌေးလွင်ကလေး ကျောင်းမှ ပြန်လာသောအခါ မိခင်က အပြုံးဖြင့် ပွေ့ဖက်ပြီး ဆီးကြို၏။ “သား ဒီနေ့ ဘာစာတွေ သင်ရသလဲ”ဟု မေးသောအခါ “နမော ဗုဒ္ဓါယ သိဒ္ဓံ ဆိုရတယ်။ ပြီးတော့ ၀လုံးရေးရတယ်။ သား ၀လုံးရေးတတ်ပြီ။ စာတွေ တတ်ပြီပေါ့”ဟု ဖြေသဖြင့် မိခင်က သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်တော့၏။ မောင်ဌေးလွင်ကလေးကား သူ့မိခင် ဘာ သဘောကျ၍ ရယ်သည်မသိ။ ပြူးကွက်ကွက်လေး ပြန်၍ ကြည့်နေသည်။ သူ့အထင်နှင့်သူ ၀လုံးရေးတတ်ရင် ပြီးပြီ။ စာသင်စရာ ကုန်ပြီ ထင်၍ ဖြေနေခြင်း ဖြစ်၏။

တစ်ဆင့်တစ်ဆင့် မြင့်ထက်မြင့်။  ။ နောက်တစ်နေ့လည်း မိခင်က ကျောင်းကို လိုက်၍ ပို့ရှာ၏။ ဆရာတော်ကြီးက ၀လုံးကိုပင် တည်တည်ငြိမ်ငြိမ်နှင့် ၀ိုင်းဝိုင်းစက်စက် ရေးတတ်အောင် ဆက်လက်လေ့ကျင့်စေသည်။ ဤနည်းဖြင့် ၀လုံးကောင်းကောင်း ရေးတတ်သောအခါ နောက်နေ့များတွင် “ကကြီး - ခကွေး” စသော ဗျည်း ၃၃-လုံးကို ရေးပြသည်။ ထို့နောက် ဆရာတော်ကြီးက တစ်လုံးချင်း လက်ဖြင့်ထောက်ပြ၍ အသံထွက်ပုံကို ရှေ့ကတိုင်ပေးသည်။ မောင်ဌေးလွင်ကလေးက နောက်ကလိုက်၍ ဆိုရသည်။ နှုတ်တက်ရအောင် ကျက်မှတ်စေသည်။ ငါးလုံးတစ်စု ငါးလုံးတစ်စု ပိုင်း၍ ကျက်မှတ်ရ၏။ တစ်စုရမှ ရှေ့တစ်စု တိုး၍ ကျက်မှတ်စေသည်။ ပြီးလျှင် နောက်ကပါ ပေါင်း၍ တစ်စုတစ်ရုံးတည်း ရအောင် ဆိုရပြန်၏။

အခြေခံဗျည်း ၃၃-လုံးကို အသံပီသအောင် ဆိုနိုင်သောအခါ မောင်ဌေးလွင်ကလေးမှာ ပျော်နေတော့၏။ သူ့ဘ၀တွင် မကြုံးဖူး မကြားဖူးတဲ့ အသံတွေ ဆိုတတ်နေပြီဟု ကျေနပ်အားရနေသည်။ အိမ်ပြန်ရောက်သောအခါ သူ့မိခင်အား ပီပီသသ ဆိုပြနေ၏။ “သား သင်ရတဲ့ စာထဲမှာလေ ကြီးလေးကြီး ပါတယ်ဗျ။ ဟော ကကြီးတဲ့။ ဃကြီးတဲ့။ ဏကြီးတဲ့။ ဠကြီးတဲ့။”

ထို့နောက်ရက်များတွင် “ကကာ ကိကီ ကုကူ ကေကဲ”စသော အခြေခံ မြန်မာသင်ပုန်းကြီးကို တစ်ဆင့်တက် ပေးပြန်လေသည်။ အခြေခံ သင်ပုန်းကြီးတွင် အသံဟူသမျှ အစုံအလင် ပြထား၏။ အပင့် အရစ် ၀ဆွဲ ဟထိုး အသတ် အကုန်အစင် စုံလင်အောင် သင်ပေးပြီးသောအခါ ဆရာတော်ကြီးက သုံးလေးလုံး၊ လေးငါးလုံး၊ ကိုးလုံးဆယ်လုံးမျှ ပါဝင်စေလျက် ဖွဲ့ကုံးထားသော မြန်မာစကားပြေ ၀ါကျတိုတို ကလေးများကို အစမ်းသဘောဖြင့် ဖတ်ကြားစေသည်။ မောင်ဌေးလွင်ကလေးကလည်း စမ်း၍ စမ်း၍ ဖြည်းဖြည်းဖတ်ရ၏။ မဖတ်တတ်သည်တို့ကို ဆရာတော်ကြီးက ဖေး၍ ကူ၍ ထောက်ပေး၏။

ထို့ပြင် ၀ါကျတိုတိုကလေးများဖြင့် ရေးထားသော ဗုဒ္ဓ၀င် အကြောင်းအရာ အတိုအထွာ ကလေးများကိုလည်း ဖတ်ရ၏။ သံပေါက်ဖြင့် ရေးထားသော ဆုံးမစာ ကဗျားများကိုပါ ဖတ်ကြားရသည်။ ဖတ်ပါများသော် ရဲလာ၏။ ချောအောင်လည်း ဖတ်တတ်လာသည်။ ဖတ်တတ်လေ ၀မ်းသာရလေ ဖြစ်လာ၏။


စာ - ၉၊ ၁၀၊ ၁၁၊ အရှင်ဇနကာဘိဝံသ ၏ တစ်ဘ၀သာသနာ”
ဆရာတော် ဦးဃောသိတ ရေး၊ တတိယအကြိမ်ထုတ်၊ ၂၀၀၀ ခုနှစ်၊ မေလ၊ မဟာဂန္ဓာရုံစာပေ။
(စကားစပ် တစ်လုံးနှစ်လုံး ဖြည့်စွက်ပြီး စာစဉ်ရှေ့နောက် အနည်းငယ် ပြောင်းပါသည်။)

2 comments:

  1. နမော ဗုဒ္ဓါယ သိဒ္ဓံ .. သက္ကတလေသံလိုက်.. ကြောင်း
    ဆရာတော် အရှင်ဇနကာဘိဝံသ ကိုယ်တော်တိုင် ရေးသားခဲ့သော အခြေပြုသဒ္ဒါ စာမျက်နှာ ၈၅-၌ အောက်ပါအတိုင်း မိန့်ဆိုထားပါတယ်။

    ၁၀၉၊ ၃၀၄။ အာယစတုတ္ထေက ဝစနဿ တု
    ဤသုတ်ကား အကာရန္တပုဒ်နောင် ငှါဟုအနက်ပေးရသော စတုတ္ထီ သ-ဝိဘတ်ကို အာယ-ပြုသော သုတ်တည်း။
    (အတ္ထာယ-အကျိုးငှါ၊ ဟိတာယ-စီးပွါးအလို့ငှါ၊ သုခါယ-ချမ်းသာခြင်းငှါ)

    သက္ကတသဒ္ဒါတို့၌ကား - ငှါဟုအနက်ပေးရသည်ဖြစ်စေ မပေးရသည်ဖြစ်စေ အကာရန္တနောင် စတုတ္ထီ သဝိဘတ်မှန်လျှင် အမြဲ အာယပြု၏။

    ထို့ကြောင့် သက္ကတလေသံကိုလိုက်၍
    “နမော ဗုဒ္ဓါယ သိဒ္ဓံ” ဟု သင်ပုန်းကြီးအစ၌ ဘုရားရှိခိုး ဆိုရိုးပြုခဲ့ကြပေသည်။
    (ဗုဒ္ဓါယ-ဘုရားရှင်အား၊ နမော-ရှိခိုးပါ၏၊ သိဒ္ဓံ-လိုရာ ပြီးမြောက်ပါစေ သတည်း။)

    (အခြေပြုသဒ္ဒါ စာမျက်နှာ ၈၅)

    ReplyDelete
  2. လိုရာ ပြီးမြောက်ပါစေ သတည်း။
    :)

    ReplyDelete