Sunday, February 27, 2011

Four Ariyas (Part 4, the End) - အရိယာလေးမျိုး (အပိုင်း ၄၊ နိဂုံး)



၎။ ပဋိဝေဓအရိယာ

နိဗ္ဗာန်ကို မဂ်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ပြီးသော မဂ္ဂဋ္ဌာန်လေးယောက် ဖလဋ္ဌာန်လေးယောက်အားဖြင့် ရှစ်ယောက်သော ပရမတ္တအရိယာတို့သည် “ပဋိဝေဓအရိယာ”မည်၏။ သစ္စာကို မဂ်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ပြီးသော ဘုရားစသော သူတော်ကောင်းတို့သည် “ပဋိဝေဓအရိယာ”မည်၏။

ဤအရိယာသည် မဂ်အရေး ဖိုလ်အရေးနှင့် တိုက်ရိုက်ဆက်စပ်နေသောကြောင့် မဂ်ဖိုလ်မရသေးသူတို့ နားလည်ရန် ခက်ခဲ၏။ မဂ်ဖိုလ်မည်သည် ရေးရုံဖတ်ရုံ ဟောရုံနာရုံမျှဖြင့် ရနိုင်သိနိုင်သော အရာ မဟုတ်။ လက်တွေ့ ကျင့်ကြံမှုဖြင့်သာ ရအပ် သိအပ်သော တရားထူး ဖြစ်၏။

သို့သော် မဂ်ဖိုလ်ပဋိဝေဓသည် သာသနာ့ အတွင်းသားတို့အတွက် မဖြစ်နိုင်သော အရာ မဟုတ်။ ဘုရားရှင်၏ တပည့်လိမ္မာ ကလျာဏ ပုထုဇဉ်တို့သည် အာစာအရိယာ၊ ဒဿနအရိယာတို့မှ တစ်ဆင့် ပဋိဝေဓအရိယာဖြစ်အောင် ကြိုးစားနိုင်၏။ လွယ်ရာမှ ခက်ရာသို့၊ နိမ့်ရာမှ မြင့်ရာသို့ အဆင့်ဆင့် ကြိုးစား၍ ကိုယ်တိုင် ပဋိဝေဓအရိယာဖြစ်အောင် ကြိုးစားသင့်၏။

အချုပ်ဆိုရသော် အရိယာလေးမျိုးအနက် ရဟန်းယောင် “လိင်္ဂအရိယာ”မှတစ်ပါး ကျန်အရိယာတို့သည် ဗုဒ္ဓဘာသာဝင်တိုင်း လေးစားအားကျ အတုယူရမည့် စံပြပုဂ္ဂိုလ်မြတ်များ ဖြစ်ကြ၏။ လိင်္ဂအရိယာများကိုကား သာသနာတော်မှ သုတ်သင်ဖယ်ရှား ပစ်ရပေမည်။ မသုတ်သင်နိုင်သည့်အဆုံး ထိုသူညစ်တို့ ခိုးယူထားသည့် အရိယာအသွင်မှ တစ်ဆင့် အရိယာစစ်စစ်တို့၏ ဂုဏ်ကို အာရုံယူ၍ ကုသိုလ်ပွားနိုင်အောင် ကြိုးစားသင့်ကြ၏။

ပုထုဇဉ်တို့ အနေဖြင့် ခန္ဓာ၏ သဘောမှန်ကို ဉာဏ်ဖြင့် စောင့်ကြည့်၍ မဂ်ဖိုလ်နှင့် နီးကပ်နေသော သင်္ခါရုပေက္ခာဉာဏ် ရသည်အထိ အားထုတ်ကာ “အာစာရအရိယာမှ”တစ်ဆင့် ပရမတ္တအရိယာဖြစ်အောင် ကြိုးစားသင့်၏။ “ပဋိဝေဓအရိယာ”ဖြစ်အောင် အားထုတ်သင့်၏။ ဤမျှအထိ မတတ်နိုင်သေးလျှင် စိတ်ကောင်းမွေး၍ ပရမတ္တအရိယာတို့၏ အကျင့်လမ်းကို လျှောက်လှမ်းသင့်၏။ ပရမတ္တအရိယာတို့၏ အလေ့ဓမ္မတာနှင့်အညီ ကုသိုလ်ပြုတိုင်း အမွန်အမြတ် “ပဏီတ”ဖြစ်အောင် ကြိုးစားသင့်၏။ သတိဖြင့် နေထိုင်ရှင်သန်သင့်သည်။ မေ့လျော့ပေါ့ဆသူတို့ကာ လူပင် ဖြစ်သော်လည်း တိရစ္ဆာန်ထက် အဆင့်နိမ့်ကျ သွားနိုင်၏။

ပရမတ္တအရိယာတို့၏ သိမ်မွေ့သော ကိုယ်နှုတ်စိတ် အမူရာကို အတုယူ၍ အရိယာနွယ်ဝင် သူတော်စင် လူယဉ်ကျေး ရှင်ယဉ်ကျေးဖြစ်အောင်၊ “ဒဿနအရိယာ”ဖြစ်အောင် ကြိုးစားသင့်၏။ “ဒဿနအရိယာ”မှ တစ်ဆင့် “ပဋိဝေဓအရိယာ”ဖြစ်အောင် ကြိုးစားသင့်၏။ လူဖြစ်စေ ရှင်ဖြစ်စေ ဘုရားရှင်၏ တပည့်သာဝက မှန်သမျှသည် အရိယာတို့၏ သိမ်မွေ့သော ကိုယ်နှုတ်စိတ် အမူရာ သုံးမျိုးတို့ကို အတုယူ ကျင့်သုံးခြင်းအားဖြင့် တွေ့မြင်ရသူ၊ ဆက်ဆံ ပတ်သက်ရသူတို့၏ စိတ်နှလုံးကို နှစ်သိမ့်စေသင့်၏။ ဗုဒ္ဓသာဝက ဗုဒ္ဓ၀ါဒီ အချင်းချင်း ဖြစ်စေ၊ အပရသာဝက အပရ၀ါဒီတို့နှင့် ဖြစ်စေ လောကထုံးစံ ထိတွေ့ ဆက်ဆံရာ၌ ကိုယ်အမူအရာ ရိုင်းပျမှု ကာယပါဂဗ္ဘိယ၊ အပြောအဆို ရိုင်းပြမှု ၀စီပါဂဗ္ဘိယ၊ စိတ်အကြံ ရိုင်းပြမှု မနောပါဂဗ္ဘိယဟူသော ပါဂဗ္ဘိယတရားဆိုးသုံးမျိုး[i]တို့ကို ပယ်စွန့်၍ အသိမ်မွေ့ဆုံး အယဉ်ကျေှးဆုံး ဖြစ်အောင် ကြိုးစားသင့်၏။ သို့မှသာ သာသနာတော် ဂုဏ်ရှိန်တက်၍ မိမိအတွက်လည်း မဂ်ဖိုလ်ပဋိဝေဓနှင့် နီးစပ်ပေလိမ့်မည်။

ကြိုးစားနိုင်ကြပါစေကုန်သတည်း။


[i].      (နိဒါန၀ဂ္ဂ)သံယုတ္တအဋ္ဌကာ၊ ၂၊ စာ - ၁၅၅-၆။
        အင်္ဂုတ္တရဋီကာ၊ ၁၊ စာ - ၁၅၄-၅။
        ခုဒ္ဒကပါဋ္ဌအဋ္ဌကထာ၊ ၂၀၇-၇။
        သုတ္တနိပါတအဋ္ဌကထာ၊ ၁၊ ၁၈၃-၎

No comments:

Post a Comment