ပထ၀ီကသိုဏ်းကမ္မဋ္ဌာန်း
ဥပမာအားဖြင့် ယောဂီသည် ပထ၀ီကသိုဏ်းကို အရှုခံကမ္မဋ္ဌာန်းအဖြစ် ရွေးခြယ်သည် ဆိုပါစို့။
အချင်းတစ်ပေခန့်ရှိသည့် အ၀န်းအ၀ိုင်း တစ်ခု၏ မျက်နှာပြင်ကို ရွှံ့စေးဖြင့် လိမ်းကျံရ၏။ မျက်နှာပြင် ချောမွေ့အောင် ပြုရ၏။ အရှုခံဖြစ်သော ဤအ၀န်းအ၀ိုင်းကို “မူလအာရုံ” (ပရိကမ္မနိမိတ်)ဟု ခေါ်၏။ ယောဂီသည် အရှုံခံအာရုံမှ လေးပေခန့် အကွာအဝေး၌ ထိုင်ကာ “ပထ၀ီ၊ ပထ၀ီ (မြေ၊ မြေ)”ဟု ရွတ်ဆိုလျက် ထိုအာရုံကို စူးစိုက်ကြည့်၏။ နိမိတ်အာရုံအပေါ် လုံးလုံးစူးစိုက်နေပြီး မမျှော်လင့်ဘဲ ၀င်ရောက်လာတတ်သည့် အတွေးများ အလိုလို ကင်းပျောက်သွားသည်အထိ ကြည့်နေ၏။ သီတင်းပတ်များစွာ သို့မဟုတ် လပေါင်း နှစ်ပေါင်း မြောက်များစွာ၊ ကာလအတန်ကြာအောင် ဤနည်းအတိုင်း ရှုမှတ်သော ယောဂီသည် မျက်စိမှိတ်ထားလျက်ပင် နိမိတ်အာရုံကို စိတ်မှာ ပုံဖော်ကြည့်နိုင်၏။ မူလအာရုံ၏ မိတ္တူဖြစ်သော၊ စိတ်ဖြင့် ပုံဖော်အပ်သော ထိုအာရုံ (ဥဂ္ဂဟနိမိတ်)ကို ဆက်လက် ရှုမှတ်၏။ ကြည်ကြည်လင်လင် အပြစ်ကင်းသည့် စိတ်ကူးပုံရိပ် (ပဋိဘာဂနိမိတ်) ထင်လာသည်အထိ စူးစူးစိုက်စိုက် ရှုမှတ်၏။
ပဋိဘာဂနိမိတ် နှင့် ဥဂ္ဂဟနိမိတ်တို့၏ ထူးခြားမှုကို ၀ိသုဒ္ဓိမဂ်၌ ဤသို့ ဆို၏။ “ဥဂ္ဂနိမိတ်၌ ကသိုဏ်း၏အပြစ်သည် ထင်ရှား၏။ ပဋိဘာဂနိမိတ်သည် အိပ်မှ ထုတ်ယူအပ်သော မှန်ဝိုင်းကဲ့သို့၊ ကောင်းစွာ ဆေးကြောပွတ်တိုက်ထားအပ်သော ခရုသင်းခွက်ကဲ့သို့၊ တိမ်တိုက်မှ ထွက်လာသော လပြည့်ဝန်းကဲ့သို့ ထင်လာ၏။” [မဟာစည်ဆရာတော်၏ “၀ိသုဒ္ဓိမဂ်မြန်မာပြန်” (ပထမတွဲ၊ စာမျက်နှာ ၃၃၀ - ၃၃၁၊ ပဉ္စမအကြိမ်၊ ၁၉၉၇)၌ “လက်ချောင်းရာ လက်နှောင့်ရာ” စသည်ကို ကသိုဏ်း၏အပြစ်ဟု ဖွင့်ဆို၏။ ဘာသာပြန်ဆိုသူ]
ပဋိဘာဂနိမိတ်၌ အရောင်အဆင်းလည်း မရှိ။ ပုံသဏ္ဌာန်လည်း မရှိပေ။ အသွင်ထင်ဟပ်မှု အခြင်းအရာ တစ်ခုသာ ဖြစ်၏။ ဘာဝနာသညာဖြင့် ဖြစ်စေအပ်သော အာရုံသာ ဖြစ်၏။
ဤ နိမိတ်အာရုံကို မပြတ် ရှုမှတ်ခြင်းကြောင့် မဂ်ဖိုလ်နှင့် နီးကပ်နေသော စိတ်တည်ငြိမ်မှု (ဥပစာရသမာဓိ)ကို ရရှိ၏။ ခန္ဓာ၌ ကိန်းဝပ်နေသည့် ကာမဂုဏ်ကို အလိုရှိခြင်း (ကာမစ္ဆန္ဒ)၊ မနှစ်မြို့ခြင်း (ဗျာပါဒ)၊ လေးလံထိုင်းမှိုင်းခြင်း (ထိနမိဒ္ဓ)၊ ပျံ့လွင့်ခြင်း နှင့် နောင်တပူပန်ခြင်း (ဥဒ္ဓစ္စကုက္ကုစ္စ)၊ မဆုံးဖြတ်နိုင်ခြင်း (၀ိစိကိစ္ဆာ)ဟူသော ကုသိုလ်တရား တိုးပွားမှု၏ အဆီးအတား (နီဝရဏ) ငါးမျိုးတို့ကိုလည်း အာရုံတစ်ခုတည်း၌ စူးစိုက်တည်နေခြင်း (ဧကဂ္ဂတာ)၊ နှစ်သက်ခြင်း (ပီတိ)၊ ဆင်ခြင်ခြင်း (၀ိတက်)၊ ချမ်းသာခြင်း (သုခ)၊ သုံးသပ်ခြင်း (၀ိစာရ)တို့ဖြင့် အခိုက်အတန့်အားဖြင့် အသီးသီး ပိတ်ပင် တားမြစ်နိုင်၏။
နောက်ဆုံး၌ အလွန် နှစ်သက်ဖွယ်ကောင်းသည့် တည်ကြည်မှု (အပ္ပနာသမာဓိ)ကို ရရှိ၏။ တည်ကြည်သောစိတ်၏ ကင်းဆိတ်ငြိမ်သက်မှု၊ ကြည်လင်အေးမြမှု အရသာကို ခံစားရင်း ဈာန်ဝင်စား နေနိုင်၏။
နီဝရဏတို့ကို တားမြစ်ခြင်းဖြင့် ရရှိအပ်သော ဤ သမာဓိသည် ၀ိသုဒ္ဓိ ခုနစ်ပါးအနက် ဒုတိယ အဆင့်ဖြစ်သော “စိတ်၏စင်ကြယ်မှု” (စိတ္တ၀ိသုဒ္ဓိ) မည်၏။
ရေကသိုဏ်းအတွက် အရောင်အဆင်း ကင်းမဲ့သောရေ၊ ဖြစ်နိုင်လျှင့် မိုးရေအပြည့် ထည့်ထားသော ခွက်ကို ယူသင့်၏။ “အာပေါ၊ အာပေါ (ရေ၊ ရေ)”ဟု ရွတ်ဆိုရင်း သမာဓိရအောင် ထိုရေကို စူးစိုက် ရှုမှတ်ရ၏။
မီးကသိုဏ်း ရှုပွားရာဝယ် ကိုယ့်ရှေ့၌ မီးမွှေး၍ တစ်ထွာနှင့် လက်လေးသစ် ပမာဏရှိသော ဖျာသင်ဖြူးအပေါက်၊ သားရေးပိုင်းအပေါက်၊ အ၀တ်ပိုင်းအပေါက်တို့မှ ထွင်းဖောက်ကာ မီးကို စူးစိုက် ရှုမှတ်နိုင်၏။
လေကသိုဏ်း ရှုပွားသူသည် ပြတင်းပေါက်၊ နံရံပေါက်တို့မှ ၀င်လာသောလေကို “၀ါယော၊ ၀ါယော (လေ၊ လေ)”ဟု ရွတ်ဆိုရင်း စူးစိုက် ရှုမှတ်ရ၏။
အရောင်ကသိုဏ်းများ ရှုပွားရာ၌ သင့်တော်သည့် အရွယ်အစားဖြင့် အပြာ အ၀ါ အနီ အဖြူ အရောင်တစ်မျိုးမျိုးရှိသော ကသိုဏ်းတစ်ခု ပြုလုပ်၍ စူးစိုက် ရှုမှတ်ရ၏။ ပထ၀ီကသိုဏ်း၌ ပြဆိုအပ်သည့်အတိုင်း အရောင်၏ အမည်ကို ရွတ်ဆိုရင် ရှုမှတ်ရ၏။
အပြာရောင်၊ အ၀ါရောင်၊ အနီရောင်၊ အဖြူရောင် ပန်းပွင့်များကိုပင် ရှုမှတ်နိုင်၏။
လကိုဖြစ်စေ၊ တည်ငြိမ်သော မီးအိမ်ကိုဖြစ်စေ၊ မြေ သို့မဟုတ် နံရံပေါ်သို့ ကျရောက်သော နေပြောက်ကိုဖြစ်စေ၊ နံရံအက်ကြောင်း အပေါက်တို့မှ ၀င်လာသော လရောင်ကိုဖြစ်စေ “အာလောက၊ အာလော (အလင်း၊ အလင်း)”ဟု ရွတ်ဆိုကာ စူးစိုက်ရှုမှတ်ခြင်းဖြင့် အလင်းကသိုဏ်း ရှုပွားနိုင်၏။
မိုးကာအပ်သော အဆောက်အဦ၊ သားရေပိုင်း၊ ဖျာတို့၌ရှိသော တစ်ထွာနှင့်လက်လေးသစ် ကျယ်ဝန်းသော ဟင်းလင်းပြင် အပေါက်ကို “သြကာသ၊ သြကာသ (ဟင်းလင်းပြင်၊ ဟင်းလင်းပြင်)”ဟု ရွတ်ဆိုကာ စူးစိုက် ရှုမှတ်ခြင်းဖြင့် ဟင်းလင်းပေါက်ကသိုဏ်း ရှုပွားနိုင်၏။ (မူရင်းစာအုပ်၌ “သြကာသ”ဟု ရှိ၏။ မြန်မာပြည်၌ကား “အာကာသ”ဟုသာ အသုံးများ၏။ “သြကာသ”ဟူသော ပါဠိသည် အာကာသတ္ထကို ဟောနိုင်သော်လည်း ဆဋ္ဌသံဂါယနာတင် ကျမ်းစာတို့၌လည်း “အာကာသ”၊ “ပရိစ္ဆိန္နာကာသ”၊ “ပရိစ္ဆေဒါကာသ”ဟုသာ “အာကာသ”သဒ္ဒါဖြင့် ပြဆို၏။ ဘာသာပြန်ဆိုသူ)
နာဒရထေရ် ၏ The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။
No comments:
Post a Comment