Monday, November 15, 2010

The Way to Nibbana (Part 13) - နိဗ္ဗာန်လမ်း (အပိုင်း ၁၃)

အသုဘ
သူသေအလောင်းများကို မြေလည်းမမြှုတ် မီးလည်းမသင်္ဂြိုဟ်ဘဲ စွန့်ပစ်ရာနေရာဖြစ်သည့် ရှေး အိန္ဒိယသုသာန်တို့၌ အသူဘဆယ်မျိုး တွေ့နိုင်၏။ အသားစားတိရစ္ဆာန်များနှင့်လည်း မကြာခဏ ကြုံရ၏။ တိုးတက်လာသော ယနေ့ခေတ်၌ ထို အသုဘဆယ်မျိုး ရှာမတွေ့နိုင်တော့ပေ။

အနုဿတိ
ဗုဒ္ဓါနုဿတိ ဆိုသည်မှာ ဘုရားရှင်၏ ဂုဏ်တော်များကို အောက်ပါအတိုင်း ပွားများခြင်း ဖြစ်၏။
“ထို မြတ်စွာဘုရားသည် စင်စစ်အားဖြင့် ပူဇော်အထူးကို ခံတော်မူထိုက်၏။ ပြည့်စုံစွာ သိတော်မူ၏။ အသိအကျင့်တို့နှင့် ပြည့်စုံတော်မူ၏။ ကောင်းသောစကားကို ဆိုတော်မူ၏။ လောကကို သိတော်မူ၏။ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူ၏။ နတ်လူတို့၏ ဆရာ ဖြစ်တော်မူ၏။ သဗ္ဗညုတဥာဏ်ရှင် ဖြစ်တော်မူ၏။ ဘုန်းတန်ခိုး ကြီးမြတ်တော်မူ၏။”

ဓမ္မာနုဿတိ ဆိုသည်မှာ တရားတော်၏ ၀ိသေသဂုဏ်တော်များကို အောက်ပါအတိုင်း ပွားများခြင်း ဖြစ်သည်။
“မြတ်စွာဘုရား၏ တရားတော်သည် ကောင်းစွာဟောကြားအပ်သော တရားတော်တည်း။ ကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးတတ်သော စူးစမ်းမှုကို ဖိတ်ခေါ်သော နိဗ္ဗာန်သို့ ဦးဆောင်သော ပညာရှိတို့ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်တည်း။”

သံဃာနုဿတိ ဆိုသည်မှာ စင်ကြယ်သည့် အရိယာသံဃာတော်တို့၏ ဂုဏ်တော်များကို အောက်ပါအတိုင်း ပွားများခြင်း ဖြစ်သည်။
“မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသောအကျင့် ရှိပါပေ၏။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သောအကျင့် ရှိပါပေ၏။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်သောအကျင့် ရှိပါပေ၏။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် လျော်ကန်သောအကျင့် ရှိပါပေ၏။ အစုံအားဖြင့်လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော  မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ပါပေ၏။ ဧည့်သည်တို့ အလို့ငှာ စီမံထားသော ၀တ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်ပါပေ၏။ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏။ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏။ လောကသားတို့ ကောင်းမှုမျိုးစေ့ စိုက်ပျိုးရန် အမြတ်ဆုံး လယ်မြေ ဖြစ်တော်မူပါပေ၏။

သီလာနုဿတိ ဆိုသည်မှာ မိမိ၏ သီလစင်ကြယ်မှုကို ဆင်ခြင်ခြင်း ဖြစ်သည်။

စာဂါနုဿတိ ဆိုသည်မှာ မိမိ၏ ရက်ရောမှုဂုဏ်ကို ဆင်ခြင်ခြင်း ဖြစ်သည်။

ဒေ၀တာနုဿတိ ဆိုသည်မှာ “နတ်ဒေ၀ါတို့သည် ၎င်းတို့၏ သဒ္ဓါကျေးဇူး သီလကျေးဇူးတို့ကြောင့် မြင့်မြတ်သော ဘ၀ပဋိသန္ဓေကို ရ၏။ အလားတူ ကျေးဇူးများ ငါ့မှာလည်း ရှိသည်”ဟု နတ်တို့ကို သက်သေအရာထား၍ မိမိ၏ သဒ္ဓါကျေးဇူး သီလကျေးဇူးတို့ကို ထပ်တလဲလဲ ဆင်ခြင်ခြင်း ဖြစ်သည်။

ဥပသမာနုဿတိ ဆိုသည်မှာ ဒုက္ခချုပ်ငြိမ်းမှု ကဲ့သို့သော နိဗ္ဗာန်တရားတော်၏ ဂုဏ်တို့ကို ဆင်ခြင်ခြင်း ဖြစ်သည်။

မရဏဿတိ ဆိုသည်မှာ ရုပ်နာမ်တို့၏ ပျက်သုဉ်းမှုကို ဆင်ခြင်ခြင်း ဖြစ်သည်။

သေခြင်းတရားကို ဆင်ခြင်ခြင်းဖြင့် ဘ၀၏ မတည်မြဲသော သဘောကို နားလည်နိုင်၏။ သေခြင်းတရား၏ သေချာရေရာမှု၊ ဘ၀အသက်တာ၏ မသေချာမရေရာမှုကို နားလည်သောအခါ ကာမစည်းစိမ်၌ လုံးလုံး နစ်မြုတ်မနေဘဲ မိမိ၏ တိုးတက်မှု သူတစ်ပါး၏ တိုးတက်မှုတို့အတွက် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဘ၀ကို အသုံးချ၏။ သေခြင်းတရားကို မပြတ်ဆင်ခြင်ခြင်းသည် တစ်ဦးတစ်ယောက်ကို မျှော်လင့်ချက် ကုန်ဆုံးစေမည်မဟုတ်။ အားလျော့စိတ်ပျက်စေမည် မဟုတ်။ ဖျတ်လတ် တက်ကြွကာ ၀ီရိယအား စိုက်ထုတ်စေနိုင်၏။ ထို့ပြင် သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်လာနိုင်၏။

သေခြင်းတရားကို ရှုပွားရာ၌ ဘ၀သည် မီးလျှံသဖွယ်ဖြစ်၏ဟု ဆင်ခြင်နိုင်၏။ သို့မဟုတ် လျှပ်စီး အလင်းတန်းသည် မမြင်ရသော လျှပ်စစ်စွမ်းအင်၏ မြင်သာသော အသွင်သဏ္ဌာန် ဖြစ်သကဲ့သို့ သတ္တ၀ါဟု သမုတ်အပ်သော အရာတို့ကား မမြင်ရသော ကမ္မစွမ်းအင်၏ မြင်သာသော ယာယီရုပ်သွင်များ ဖြစ်ပေသည်ဟု ဆင်ခြင်နိုင်၏။ နှစ်သက် သဘောကျသည့် ဥပမာကို အသုံးပြု၍ သေခြင်းတရား၏ သေချာရေရာမှု၊ ဘ၀အသက်တာ၏ မသေချာ မရေရာမှုကို ဆင်ခြင်ပွားများနိုင်ပေသည်။

ကာယဂတာသတိဟူသည် ဆံပင်၊ မွေးညှင်း၊ လက်သည်းခြေသည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ ကျောက်ကပ်၊ နှလုံး၊ အသည်း၊ ရင်-၀မ်းခြားအမြှေး၊ သရက်ရွက်၊ အဆုပ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ ချောဆီအစေး၊ ကျယ်ငယ် ဟူသော မစင်ကြယ်သည့် ခန္ဓာကိုယ် အစိတ်အပိုင်း (၃၂)မျိုးကို ရှုမှတ်ခြင်း ဖြစ်၏။

ဤသို့ ခန္ဓာကိုယ်၏ ရွံရှာဖွယ်ကို ရှုမှတ်ခြင်းဖြင့် ရာဂကင်းစေနိုင်၏။ ဘုရားရှင် လက်ထက်တော် အခါက ရဟန်းများစွာတို့ ဤ မစင်ကြယ်မှုများကို ရှုမှတ်၍ ရဟန္တာ ဖြစ်ခဲ့ကြ၏။ ခန္ဓာ အစိတ်အပိုင်း (၃၂)မျိုးလုံးနှင့် နီးစပ် ယဉ်ပါးခြင်း မရှိလျှင် အရိုး၊ အသား၊ အရေကဲ့သို့ အစိတ်အပိုင်း တစ်ချို့ကို ရှုမှတ်နိုင်၏။

ဤ ခန္ဓာကိုယ် အတွင်း၌ အရိုးစု ရှိ၏။ ခန္ဓာကိုယ်၌ အသားစိုင်းတို့ကို အရေနှင့် ဖုံးအုပ်ထား၏။ အလှအပဟူသည် အရေဖျား တစ်ထောက်သာ တည်၏။ ဤ နည်းဖြင့် မစင်ကြယ်သည့် ခန္ဓာကို အစိတ်အပိုင်းများကို ဆင်ခြင်သောအခါ ခန္ဓာကိုယ်အပေါ် တပ်မက်တွယ်တာခြင်း တဖြည်းဖြည်း လျော့ပါး ကင်းပျောက်၏။

ဤ ကမ္မဋ္ဌာန်းသည် ကာမဂုဏ်လိုက်စားသူ မဟုတ်လျှင် မသင့်တော်လှပေ။ ၎င်းပုဂ္ဂိုလ်တို့သည် ရှုပ်ထွေးသော လူ့ခန္ဓာဖြစ်စဉ်၏ ပင်ကိုယ်သဘာဝ ဖြစ်တန်စွမ်းတို့ကို ဆင်ခြင်ပွားများနိုင်၏။

အာနာပါနသတိ

အာနာပါနသတိ ဟူသည်မှာ အသက်ရှူမှု အပေါ်၌ သတိစိုက်ထားခြင်း ဖြစ်၏။ “အာန”သည် ထွက်လေဖြစ်၍ “ပါန”သည် ၀င်လေဖြစ်၏။ [မဟာစည်ဆရာတော်၏ “၀ိသုဒ္ဓိမဂ်-မြန်မာပြန်” (စာ-၃၆၀၊ ဒုတိယတွဲ၊ စတုတ္ထအကြိမ်၊ ၁၉၉၂)၌ “အာန”ကို ၀င်လေ၊ “ပါန”ကို ထွက်လေဟု ဆို၏။ ထို့ပြင် စာ-၃၅၈၌ “အဿာသပဿာသ” ဟူသောပုဒ်ကို ၀ိနည်းအဋ္ဌကထာနှင့်အညီ “ထွက်သက်ဝင်သက်”ဟု ဘာသာပြန်ရမည်ဖြစ်ကြောင်း၊ သို့သော် ပဋိသမ္ဘိဒါမဂ်နှင့် ညီစေရန်လည်းကောင်း အားထုတ်ခါစ၌ ၀င်သက်ကို စ၍ ရှုရသောကြောင့်လည်းကောင်း အဆိုပါပုဒ်ကို “၀င်သက်ထွက်သက်”ဟု ဘာသာပြန်ရမည်ဖြစ်ကြောင်း အောက်ခြေမှတ်စု၌ ရှင်းပြထား၏။ ဘာသာပြန်ဆိုသူ]

အသက်ရှူမှု ဖြစ်စဉ်ကို စူးစိုက်ရှုမှတ်ခြင်းဖြင့် စိတ်တည်ငြိမ်မှု သမာဓိကို ရ၏။ နောက်ဆုံး၌ ရဟန္တာ ဖြစ်စေနိုင်သော ထိုးထွင်းသိမြင်မှု ဥာဏ်အမြင်ကို ရ၏။

ဤ အာနာပါနသည် ရှုမှတ်သူ အားလုံးကို ထပ်တူထပ်မျှ ဆွဲဆောင်နိုင်သော ကမ္မဋ္ဌာန်းဖြစ်၏။ ဘုရားရှင်သည် သဗ္ဗညုတဥာဏ်ကို မရမီ ဤ ကမ္မဋ္ဌာန်းကို အားထုတ်တော်မူခဲ့၏။ ဤ ကမ္မဋ္ဌာန်းအတွက် အသေးစိတ် ရှင်းလင်းချက်များကို သတိပဋ္ဌာနသုတ်နှင့် ၀ိသုဒ္ဓိမဂ်တို့၌ တွေ့ရ၏။

ဤ စာအုပ်၌ စာဖတ်သူ အများစုတို့၏ အကျိုးအတွက် ကျင့်ကြံအားထုတ်နည်း အမြွက်မျှကို ဖော်ပြပါမည်။

နာဒရထေရ်   The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

No comments:

Post a Comment