(. . . . .မှ အဆက်)
ကထိန်အာနိသင် (၅)
ပဉ္စမအကျိုးအာနိသင်က သင်္ကန်းကို အစိုးတရ ပိုင်ဆိုင်နိုင်ခြင်း
ဖြစ်ပါတယ်။
ကထိန်အာနိသင်ရတဲ့ (သီတင်းကျွတ် လပြည့်ကျော်တစ်ရက်ကနေ
တပေါင်းလပြည့်အထိ) ငါးလအတွင်း ကထိန်ခင်းထားတဲ့ ကျောင်းတိုက်မှာ လှူဒါန်းတဲ့
သင်္ကန်းတွေကို ကထိန်အာနိသင်ရတဲ့ ရဟန်းတော်တွေပဲ ပိုင်ဆိုင်ပါတယ်။
တစ်ခြားရဟန်းတွေကို ခွဲပေးစရာ မလိုပါဘူး။
သင်္ကန်းမရှားတဲ့ ဒီနေ့ခေတ်မှာ သင်္ကန်းကို အစိုးတရ
ပိုင်ဆိုင်နိုင်ခြင်းဆိုတဲ့ ကထိန်အကျိုး ကထိန်အာနိသင်ဟာ ရဟန်းတော်တွေအတွက်
ထူးထူးခြားခြား အသုံးဝင်ပါသလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။
ထားပါတော့။ အသုံးဝင်ဝင် မ၀င်ဝင်၊ အရေးပါပါ မပါပါ အခွင့်အရေးဟာ
အခွင့်အရေးပဲ ဆိုပါစို့။ ရဟန်းတော်တွေရတဲ့ နံပါတ်ငါး ကထိန်အကျိုး ကထိန်အာနိသင်ကို “သင်္ကန်းကို
အစိုးတရ ပိုင်ဆိုင်နိုင်ခြင်း”လို့ပဲ ကျဉ်းကျဉ်းရှင်းရှင်း မှတ်လိုက်ကြပါစို့။
ဒီအာနိသင်က သင်္ကန်းကို အစိုးတရပိုင်ဆိုင်နိုင်တာ ဖြစ်ပေမယ့်
သင်္ကန်းထက် တစ်ခြားပရိက္ခရာတွေ ပိုင်ဆိုင်ခွင့်က ဒီနေ့ခေတ် ရဟန်းတော်တွေအတွက်
ပိုပြီး အသုံးဝင်ပါတယ်။ ဒကာဒကာမတွေကလည်း ရံပုံငွေ သို့မဟုတ် ကျောင်းတိုက်သံဃိက
န၀ကမ္မ၀တ္ထုငွေ နဲ့ ရဟန်းတော်တွေ လိုအပ်တဲ့ တစ်ခြားအသုံးအဆောင်တွေကို အလေးတယူ
ထည့်သွင်း လှူဒါန်းကြပါတယ်။ ဒီနေ့ခေတ် ကထိန်လှူပုံတစ်ချို့ အကြောင်းကို
အလျဉ်းသင့်မှ ပြောပါအုံးမယ်။
ရဟန်းတော်တွေ ရရှိတဲ့ ကထိန်အာနိသင်ငါးမျိုးဟာ ဆွမ်း သင်္ကန်းတို့နဲ့
သက်ဆိုင်ပါတယ်။ ဒီအာနိသင်တွေဟာ ကထိန်ခေတ်ဦးကတော့ တကယ့်ကို အရေးပါခဲ့ပါလိမ့်မယ်။
အထူးသဖြင့် သင်္ကန်းရှားပါးတဲ့ခေတ်မို့ သင်္ကန်းနဲ့ဆိုင်တဲ့ အခွင့်အရေးဟာ အခွင့်ထူး
ဖြစ်ခဲ့ပါလိမ့်မယ်။ တကယ်တော့ သာသနာ့ ခေတ်ဦးကထိန်ဟာ ရဟန်းတော်တွေရဲ့
သင်္ကန်းချုပ်ပွဲကြီး ဖြစ်ခဲ့တယ် ထင်ပါတယ်။ စက်မှုမထွန်းကားသေးတော့ အ၀တ်အထည်
ရှားတာပေါ့။ ဒီတော့ အ၀တ်စတွေ တစ်စချင်း တစ်စချင်း တစ်စတစ်စ ဆုဆောင်းပြီး
သင်္ကန်းချုပ်ကြရတာကိုး။ စုစပ်ချုပ်ထားတဲ့ ကထိန်သင်္ကန်းကို (ဒါမှမဟုတ်
အသင့်ချုပ်ပြီးသား ဒကာတွေလှူတဲ့ ကထိန်သင်္ကန်းကို) သင်္ကန်းအရှားပါးဆုံးကို
ရဟန်းတော်ကို ပေးရပါတယ်။ ဒီနေ့ခေတ်မှာတော့ ရဟန်းတွေတွေရဲ့ သင်္ကန်းကိစ္စ နဲ့
ဆွမ်းကိစ္စဟာ သိပ်ထူးဆန်းတဲ့ ကိစ္စမဟုတ်တဲ့ အတွက်ကြောင့်၊ ကထိန်အာနိသင်တွေက
လျှော့ပေါ့ပေးတဲ့ ၀ိနည်းသိက္ခာပုဒ်တွေဟာလည်း ရှေ့ပိုင်းမှာ ရှင်းပြခဲ့တဲ့အတိုင်း
ကထိန်အာနိသင် မရလည်း လျော့ပေါ့နေပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကထိန်အာနိသင်တွေဟာ
မှုန်ဝါးဝါး ဖြစ်နေပါတယ်။
၂။ ကထိန်ဒကာများအတွက် ကထိန်အာနိသင်
ကထိန်ဒကာဒကာမတွေ ဘယ်လိုအကျိုး ရရှိတယ်ဆိုတာကို ဘုရားရှင်
တိုက်ရိုက်ဟောတော် မမူခဲ့ပါဘူး။ အဋ္ဌကထာဆရာ၊ ဋီကာဆရာတွေကလည်း (ဂဏ္ဌိ
စတဲ့ကျမ်းဆရာတွေကလည်း) ဖွင့်မပြခဲ့ပါဘူး။ တိုက်ရိုက်မဟောပေမယ့် အကျိုးရမှာ
သေချာတဲ့အတွက် ဆရာတော်ကြီးတွေက ကြံဆပြီး ဟောကြားပေးကြရပါတယ်။ ရဟန်းတော်တွေ ရရှိတဲ့
ကထိန်အာနိသင်နဲ့ အလားတူတဲ့ အကျိုးတွေကို ကထိန်ဒကာဒကာမတွေ ရလိမ့်မယ်လို့ ဟောကြတာ
ဖြစ်ပါတယ်။ ဒီလို ဟောရာကနေ ကထိန်သင်္ကန်းလှူတဲ့ အကျိုးဟာ ကျူးလွန်ထားတဲ့
အကုသိုလ်မှန်သမျှကို ချေဖျက်ပေးနိုင်တယ်၊ အဖေသတ်တာ အမေသတ်တာလို
အနန္တရိယကံတွေကိုတောင် ချေဖျက်နိုင်တယ် ဆိုတာမျိုး အလွန်အကျွံ ဟောကြတဲ့အထိ
ရောက်ကုန်ပါတယ်။ အဲဒါမျိုးကို အလေးထားပြီး မမှတ်သားသင့်ကြောင်း ဆဋ္ဌသံဂါယနာ
ဦးဆောင်ဆရာတော် ညောင်ရမ်းဆရာတော်ကြီး မိန့်တော်မူပါတယ် (၀ိနယ၀ိနိစ္ဆယပေါင်းချုပ်၊
စာ ၁၂)။ ခု အလေးထားလောက်တဲ့ ဆရာတော်ကြီး သုံးပါရဲ့ ဟောကြားချက်ကို တင်ပြပါမယ်။
မဟာစည်ဆရာတော် ဦးသောဘဏ
ဆဋ္ဌသင်္ဂီတိပုစ္ဆက ဖြစ်တော်မူတဲ့ မဟာစည်ဆရာတော်ကြီး မိန့်တော်မူခဲ့
ကထိန်လှူရကျိုး ငါးမျိုးကို သာမဏေကျော် ရေးသားတဲ့ “၀ါဆိုနှင့်ကထိန် (စာ ၃၂-၃၃)”မှာ
တွေ့ရပါတယ်။ သုတ္တာနုလောမနည်း၊ ဖြစ်သင့်လို့ ဆွဲပြီး ယူဆတဲ့နည်း၊
သုတ္တန်ဒေသနာတော်နဲ့ ကိုက်ညီတဲ့နည်းလို့ ဆိုပါတယ်။ အကျိုးငါးမျိုးကတော့
အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ အပိတ်အပင် အတားအဆီမရှိ သွားလိုရာ လွတ်လွတ်လပ်လပ်
သွားနိုင်ခြင်း၊
၂။ လုပ်စရာရှိတာကို အလွယ်တကူနဲ့ ပြီးအောင်ဆောင်ရွက်နိုင်ခြင်း၊
၃။ အစားအသောက်နဲ့ ပတ်သက်လို့ အန္တရာယ်ကင်းခြင်း၊
၎။ ပိုင်ဆိုင်တဲ့ ပစ္စည်းကို လုံလုံခြုံခြုံ
သိမ်းဆည်းထားနိုင်ခြင်း၊
၅။ ပိုင်ဆိုင်တဲ့ ပစ္စည်းကို သူတစ်ပါး လုမယူနိုင်ခြင်း။
ညောင်လေးပင်ဆရာတော် ဦးအရိယ
ညောင်လေပင် ဆရာတော်ရဲ့ “ကထိန်အရသာ (စာ ၃၁- ၃၂)”မှာလည်း အလားတူ
အကျိုးငါးမျိုးကို ဖော်ပြထားပါတယ်။ အကျိုးငါးမျိုးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ အပိတ်အပင် အတားအဆီမရှိဘဲ အန္တရာယ်ကင်းကင်းနဲ့ သွားလိုရာ
သွားနိုင်ခြင်း၊
၂။ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ အဝေးမှာ ရှိနေရင်တောင်မှ အဲဒီပစ္စည်းတွေကို
ရန်သူမျိုးငါးက မဖျက်ဆီးနိုင်ခြင်း၊
၃။ အစားကောင်းအသောက်ကောင်း ပေါများခြင်း၊ အစာအဆိပ်မသင့်ခြင်း၊
၎။ သိမ်းထားတဲ့ ပစ္စည်းတွေကို အချိန်အကြာကြီး မေ့ထားမိရင်တောင်မှ
အဲဒီပစ္စည်းတွေ လုံလုံခြုံခြုံ ရှိနေနိုင်ခြင်း၊
၅။ စီးပွားရှာရာမှာ ထီပေါက်သလို သူတစ်ပါးထက် အကျိုးအမြတ်
များများရခြင်း။
အင်္ဂုတ္တရနိကာယ် ပဉ္စနိပါတ်က ဘောဇနသုတ်ကို ကိုးကားပြီးတော့
ဒီအကျိုးငါးမျိုးကို တွက်ယူထားတာ ဖြစ်ပါတယ်။ ဘောဇနသုတ်တော်အရ ဆွမ်းလှူတဲ့သူဟာ
ဆွမ်းဘုဉ်းပေးတဲ့ ရဟန်းတော်တွေကို “အသက်၊ အဆင်း၊ ဥစ္စာ၊ ချမ်းသာ၊ ခွန်အား”ဆိုတဲ့
ငါးမျိုးကို ပေးလှူရာရောက်တဲ့အတွက် အကျိုးအနေနဲ့ “အသက်ရှည်မယ်၊ အဆင်းလှမယ်၊
ဥစ္စာပေါမယ်၊ ချမ်းသာပျော်ရွှင်မယ်၊ ခွန်အားကောင်းမယ်။” ထိုနည်းတူပဲ ကထိန်ဒကာတွေဟာ
ရဟန်းတော်တွေကို ကထိန်အာနိသင်ငါးမျိုး ပေးလှူရာ ရောက်တဲ့အတွက် ရဟန်းတော်တွေရတဲ့
ကထိန်အာနိသင်နဲ့ တူညီတဲ့ အကျိုးကို ရလိမ့်မယ်လို့ တွက်ယူထားတာ ဖြစ်ပါတယ်။
ချမ်းမြေ့ဆရာတော် ဦးဇနက
ချမ်းမြေ့ဆရာတော်ရဲ့ “လှူကထိန်သင်္ကန်းနဲ့မဂ်လမ်းကိုရွယ် (စာ
၃၆)”မှာလည်း အလားတူ အကျိုးငါးမျိုးကို ဖော်ပြထားပါတယ်။ ဒီအကျိုးတွေကို
ကမ္မသရိက္ခက၀ိပါက (ပြုတဲ့ကံနဲ့ တူညီစွာ ရရှိတဲ့အကျိုး)လို့ နာမည်ပေးထားပါတယ်။ အကျိုးငါးမျိုးကတော့
အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ အပိတ်အပင် အတားအဆီ မရှိဘဲ သွားလိုရာ လွယ်ကူစွာ သွားနိုင်ခြင်း၊
၂။ ပေါ့ပေါ့ပါးပါး လွယ်လင့်တကူ သွားလိုရာ သွားနိုင်ခြင်း၊
၃။ အစားအသောက် အန္တရာယ်ကင်းခြင်း၊
၎။ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာကို ရန်သူမျိုးငါးပါးဘေးက ကင်းဝေးအောင်
ထိန်းသိမ်းထားနိုင်ခြင်း၊
၅။ အ၀တ်အထည် ပေါများခြင်း၊ ပိုင်ဆိုင်တဲ့ပစ္စည်းကို ခွင့်မပြုရင်
ဘယ်သူမှ မယူနိုင်ခြင်း။
တွက်ဆယူထားတဲ့ ဒီ အကျိုးအာနိသင်တွေဟာ ရဟန်းတော်တွေ ရရှိတဲ့
ကထိန်အာနိသင်တွေနဲ့ မဆိုင်လှဘူး (မတူလှဘူး)လို့ ဝေဖန်တာတွေလည်း ရှိပါတယ်။
ဒီဝေဖန်ချက်တွေကို အလျဉ်းသင့်မှ တင်ပြပါအုံးမယ်။
ဒီအာနိသင်တွေအပြင် ကထိန်အလှူဟာ သံဃိကအလှူ ဖြစ်တဲ့အတွက် သံဃကအလှူ
လှူရကျိုးလည်း ရပါလိမ့်မယ်။ ကထိန်အလှူဟာ သင်္ကန်းအလှူ ဖြစ်တဲ့အတွက်
သင်္ကန်းလှူရကျိုးလည်း ရပါလိမ့်မယ်။ သဃံကဒါန နဲ့ စီဝရဒါနရဲ့ အကျိုးကိုတော့ ဒီနေရာမှာ
မပြောတော့ပါဘူး။
ခု “ကထိန်အာနိသင်များ”ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မြန်မာမှန်ရင် ဗုဒ္ဓဘာသာမဟုတ်တောင်မှ (ဈေးကထိန်လို စုပေါင်းကထိန်မျိုး)
ကထိန်အလှူမှာ ပါဖူးကြတာ များပါတယ်။ ကထိန်ဒကာ ဒကာမများ ကထိန်ရာသီမှာ ကထိန်အကျိုးတွေ
ခံစားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ကထိန်အလှူရှင် ရွှေမြန်မာတို့
- ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝကြပါစေ။
- အ၀တ်အထည်ကောင်းတွေ ပေါများကြပါစေ။
- အဆိပ်မသင့်ဘဲ စားကောင်းသောက်ဖွယ်တွေ
လွေးနိုင်ကြပါစေ။
- သွားလိုရာ အရပ်ဒေသသို့ ပေါ့ပေါ့ပါးပါး
သွားလာနိုင်ကြပါစေ။
- သွားလေရာမှာ အပိတ်အပင် အတားအဆီး
မရှိဘဲ ဘေးအန္တရာယ်လည်း ကင်းဝေးကြပါစေ။
No comments:
Post a Comment