Sunday, November 14, 2010

Brahmacariya (Second Portion) - ဗြဟ္မစိုရ်တရားတော်ကြီး (ဒုတိယပိုင်း)

ဤ တရားတော်၌ (၁၃၂)သွယ်သော ကရုဏာကို ဟောကြားထား၏။ ဤတရားတော် ပထမပိုင်း၌ ဟောတော်မူခဲ့သည့်အတိုင်း မေတ္တာပို့နည်း လေးမျိုးရှိသော်လည်း ကရုဏာပို့နည်း တစ်မျိုးသာ ရှိ၏။ “ဒုက္ခာ မုစ္စန္တု = ဆင်းရဲမှ လွတ်မြောက်ကြပါစေ”ဟု ကရုဏာ ပို့လွှတ်ရသည်။ မေတ္တာပို့နည်း (ဤတရားတော် ပထမပိုင်း)၌ ဟောတော်မူခဲ့သည့်နည်းတူ သီးခြား မရည်ရွယ်အပ်သော သတ္တ၀ါငါးမျိုးသို့ ကရုဏာ ပို့လွှတ်ခြင်း (၅)မျိုး (အနောဓိသ)၊ သီးခြား ရည်ရွယ်အပ်သော သတ္တ၀ါအုပ်စု ခုနစ်မျိုးသို့ ကရုဏာပို့လွှတ်ခြင်း (၇)မျိုး (သြဓိသ)ဟူ၍ ကရုဏာ (၁၂)မျိုးရှိကြောင်း၊ ထို (၁၂)မျိုးကို အရပ်ဆယ်မျက်နှာသို့ ပို့လွှတ်လျှင် (ဆယ့်နှစ်ဆယ်လီ = တစ်ရာ့နှစ်ဆယ်) ဒိသာဖရဏ ကရုဏာ (၁၂၀)ရကြောင်း၊ စုစုပေါင်း (အနောဓိသ = ၅ + သြဓိသ = ၇ + ဒိသာဖရဏ = ၁၂၀) ကရုဏာ (၁၃၂)မျိုးပွားနိုင်ကြောင်း ဟောတော်မူ၏။

ဆင်းရဲဒုက္ခ ရောက်နေသူကို သနားကရုဏာ ပွားသင့်ကြောင်း၊ မတရားသဖြင့် ချမ်းသာနေသူသည် လက်ရှိဘ၀၌ ချမ်းသာနေသော်လည်း သံသရာ၌ ဆင်းရဲရမည် ဖြစ်သောကြောင့် သနားကရုဏာ ပွားသင့်သူပင်ဖြစ်ကြောင်း၊ သံသရာဝဋ်ဆင်းရဲတွင် ကြင်လည်နေရသူ မှန်သမျှကို ကရုဏာပွားနိုင်ကြောင်း ဟောတော်မူ၏။

ကရုဏာရှင် သူတော်ကောင်း၏ သဘောလက္ခဏာကို အောက်ပါအတိုင်း သတ်မှတ် တော်မူ၏။
တိရစ္ဆာန်တွေကို သတ်ဖြတ်နေတာပဲ ဖြစ်ဖြစ်၊ လူအချင်းချင်း နိုင်ရာနိုင်ရာ ညှင်းဆဲနှိပ်စက်နေတာပဲ ဖြစ်ဖြစ်၊ သူ့အလိုလို တစ်နည်းနည်းနဲ့ အတိဒုက္ခ ရောက်နေတာပဲ ဖြစ်ဖြစ် မြင်တွေ့ကြားသိရရင် စိတ်နှလုံးမှာ ထိခိုက် တုန်လှုပ်တတ်ပါတယ်။ ဒီလို စိတ်နှလုံးမှာ ထိခိုက်တုန်လှုပ်ရင်လည်း အဲဒီလူကို သူတော်ကောင်းလို့ ဆုံးဖြတ်နိုင်ပါတယ်။

လက်တွေ့ဘ၀၌ မေတ္တာပွားသူ များသော်လည်း ကျကျနန ကရုဏာပွားသူ နည်းနေသေးကြောင်း သတိပေးတော်မူ၍ နေ့စဉ်ဘ၀၌ ကရုဏာကို ကံသုံးပါးဖြင့် အကောင်အထည် ဖော်နိုင်သော နမူနာ နည်းလမ်းများကို အောက်ပါအတိုင်း ညွှန်ပြတော်မူသည်။
သူ့အလိုလိုပဲ ဖြစ်ဖြစ်၊ သူတစ်ပါးက နှိပ်စက်လို့ပဲ ဖြစ်ဖြစ် ဆင်းရဲဒုက္ခ ရောက်နေတဲ့သူကို တွေ့လို့ရှိရင် တတ်နိုင်သမျှ အကူအညီပေးပါ။ ဥပမာ - မတော်တဆ ခြေချော်ပြီး လဲကျသွားတဲ့သူကို တွေ့ရင် ဖေးမပြီး ထူပေးပါ။ ဆေးရှိလျှင် လူးလိမ်းပေးပါ။ မသွားနိုင် ဖြစ်နေရင် အကူအညီပေးပါ။ နိုင်ထက်စီးနင်း ပြုလုပ်နေတာကို တွေ့ရရင်လည်း တတ်နိုင်သလောက် စောင့်ရှောက်ကာကွယ်ပေးပါ။
Mahasi Sayadaw - Brahmacariya2

No comments:

Post a Comment