ဤတရားတော်၌ (၁၃၂)သွယ်သော ဥပေက္ခာ ပွားနည်းကို ဟောတော်မူ၏။ ဤတရားတော် ဒုတိယပိုင်း၌ ဟောတော်မူသည့် ကရုဏာပွားနည်းနှင့် တူ၏။ ဥပေက္ခာ (၁၀)မျိုးအကြောင်းကို အကျဉ်းချုပ် ရှင်းပြထားပြီး ၎င်း(၁၀)မျိုးမှ ဗြဟ္မ၀ိဟာရုပေက္ခာကို အကျယ်ရှင်းပြထား၏။ “ဥပေက္ခာဆိုတာ ဘက်မလိုက်ဘဲ အညီအမျှရှုတဲ့ သဘော”ဖြစ်ကြောင်း ဖွင့်ဆိုတော်မူ၏။ မေတ္တာ၊ ကရုဏာ နှင့် မုဒိတာတို့ကို ကံသုံးပါးဖြင့် အစွမ်းကုန် ကျင့်သုံး၍ သတ္တ၀ါတို့၏ အကျိုးစီးပွား ဆောင်ရွက်ရန်၊ သတ္တ၀ါတို့ကို ကူညီရန် မတတ်သာတော့သည့် အခါမျိုး၌ သတ္တ၀ါတစ်ခု ကံတစ်ခုဟု သဘောပိုက်ကာ ဥပေက္ခာဖြင့် နေထိုင်ကြရန် ဆုံးမတော်မူ၏။ ပစ္စုပ္ပုန်မှာ ကောင်းကောင်းမွန်မွန် နေထိုင်သူတို့ပင် ကံဟောင်းကြောင့် ပျက်စီးရတတ်ပုံကို မဟာကာဠ၀တ္ထုဖြင့် ရှင်းပြတော်မူ၏။
လက်တွေ့ဘ၀၌ တရားသူကြီးများသည် ဥပေက္ခာကို အထူး ကျင့်သုံးသင့်သူများဖြစ်ကြာင်း၊ နိုင်ငံတော်အတွင်းရှိ တရားသူကြီးများ ဥပေက္ခာတရား ကျင့်သုံးနေကြသည်ဟု ကြားသိရကြောင်း အောက်ပါအတိုင်း မိန့်တော်မူ၏။
“တရားသူကြီးများဟာ တရားလိုနဲ့ တရားခံ မည်သူ့ကိုမှ ကွက်ပြီး မေတ္တာ ကရုဏာ မုဒိတာနဲ့ အခွင့်အရေး မပေးသင့်ဘူး။ ဒီလူကို ချမ်းသာစေချင်တယ်။ ဟိုလူကို သနားတယ်။ ဟောဒီလူကိုတော့ ချမ်းသာမြဲ ချမ်းသာစေချင်တယ်ဆိုပြီး တစ်ဘက်သတ် အခွင့်အရေး ပေးလိုက်ရင် ဆန္ဒာဂတိ နဲ့ မောဟာဂတိ တစ်ခုခု ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် သူ့အမှုကံနဲ့ သူပဲလို့ လျစ်လျူရှုပြီး အမှုမှန်အတိုင်း တရားမျှတစွာ ဖြစ်အောင်သာ ဘက်မလိုက်ဘဲ စစ်ဆေး ဆောင်ရွက်သင့်ပါတယ်။ ဒီလို ဆောင်ရွက်နေကြတယ်လို့လည်း ကြားသိရပါတယ်။”
No comments:
Post a Comment