Wednesday, February 19, 2025

ကမ္ဘာ့ကျင့်ဝတ် (၆)

( . . . . . မှ အဆက် )
 
ဘာသာရေး
နဲ့ လူ့ကျင့်ဝတ် -

 


 ဒီစာအုပ်ရဲ့ အဓိက အကြောင်းအရာက ဘာသာရေး မဟုတ်ပေမယ့် ဘာသာရေး နဲ့ လူ့ကျင့်ဝတ်တို့ရဲ့ ဆက်စပ်မှုကိုတော့ နားလည်ထားဖို့ အရေးကြီးပါတယ်။ ဘာသာရေးဟာ လူ့ဘဝရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာ နှစ်ပရိစ္ဆေဒ ကြာမြင့်လှပါပြီ။ ဒါကြောင့် ကြင်နာခြင်း၊ ရိုးသားခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း အစရှိတဲ့ ကောင်းမြတ်တဲ့ တန်ဖိုးတွေကို ဘာသာရေးဘက်ကနေ သွန်သင်ပြသပေးတာမျိုးတွေ ရှိပါတယ်။ ဒီတန်ဖိုးတွေအပြင် ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်အောင် တည်ဆောက်ခြင်း၊ ရှိတာနဲ့ ရောင့်ရဲခြင်း၊ ရှိတာကို မျှဝေခြင်းတွေဟာလည်း ဘာသာတရား အားလုံးမှာ အရေးပါကြပါတယ်။ ဒီတန်ဖိုးတွေဟာ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခု ဖြစ်လာအောင် အထောက်အကူပြုပါတယ်။ ဘယ်သာသာအတွက်ပဲဖြစ်ဖြစ် အရေးပါတဲ့ တန်ဖိုးတွေပါ။

 

ဘာသာတရား အသီးသီးက ဒီတန်ဖိုးတွေကို နည်းမျိုးစုံနဲ့ သွန်သင်ပေးကြပါတယ်။ ဘာသာတရားတွေမှာ နတ်ဘုရားတစ်ဆူ သို့မဟုတ် နတ်ဘုရား များစွာကို ယုံကြည်ကြပါတယ်။ ဟိန္ဒူဘာသာ၊ ဆစ်ခ်ဘာသာ၊ ဂျူးဘာသာ၊ ခရစ်ယန်ဘာသာ၊ အစ္စလာမ်ဘာသာတို့လိုပေါ့။ ဒီဘာသာတရားတွေမှာ လူ့ကျင့်ဝတ်ဆိုတာ ထာဝရဘုရား သို့မဟုတ် နတ်ဘုရားရဲ့ ဆန္ဒတော်ကို လိုက်နာကျင့်သုံးခြင်း ဖြစ်ပါတယ်။ ဘုရားသခင် စီစဉ်တဲ့အတိုင်း နေထိုင်ရှင်သန်ခြင်း ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာအပေါ် ယုံကြည်ခြင်း၊ သေလွန်ပြီးတဲ့နောက် ဘုရားသခင် တရားစီရင်တာကို လက်ခံခြင်းကြောင့် လူတွေရဲ့ ကိုယ်ကျင့်တရား တိုးတက်လာပါတယ်။ အတ္တတွေ လျော့ပါးလာပါတယ်။

 

ဗုဒ္ဓဘာသာ နဲ့ ဂျိန်းဘာသာတို့ကတော့ ထာဝရဘုရားကို မယုံကြည်ကြပါဘူး။ ဒါပေမယ့် သူတို့က ကမ္မနိယာမကို လက်ခံကြပါတယ်။ ကိုယ်လုပ်တဲ့ လုပ်ရပ်တွေမှာ အကျိုးဆက်တွေ ရှိတယ်လို့ ကမ္မနိယာမက ဆိုပါတယ်။ ဒီဘဝတင်မက နောက်ဘဝတွေအထိအောင် ကောင်းတဲ့အလုပ်က ကောင်းကျိုးပေးတယ်၊ မကောင်းတဲ့ အလုပ်က မကောင်းကျိုးပေးတယ်လို့ ဗုဒ္ဓဘာသာ နဲ့ ဂျိန်ဘာသာတို့က သွန်သင်ပေးပါတယ်။ ဒါဟာလည်း ကိုယ်ကျင့်တရား တိုးတက်ဖို့ပါပဲ။

 

ထာဝရဘုရားကို ယုံတဲ့ဘာသာရော၊ ထာဝရဘုရားကို မယုံတဲ့ဘာသာရော ဘာသာတရား နှစ်မျိုးလုံးက ကိုယ်ကျင့်တရားတွေ သင်ပေးပါတယ်၊ အဇ္စျတ္တ တန်ဖိုးတွေ သင်ပေးပါတယ်။ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံတဲ့ ဘဝတွေဖြစ်လာဖို့၊ ဘာသာရေး ရည်ရွယ်ချက်နဲ့ ရှင်သန်နိုင်ဖို့အတွက် ဘာသာရေး ယုံကြည်ချက်တွေက အထောက်အကူပြုပါတယ်။

 

မျှော်လင့်ချက်ရှိဖို့၊ ခွန်အားရှိဖို့အတွက် လူတွေမှာ ဘာသာရေး လိုအပ်တယ် ဆိုတာကို ကျုပ် လက်ခံပါတယ်။ အထူးသဖြင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ ဘာသာတရား လိုအပ်ကြပါတယ်။ ဒါပေမယ့် ဘာသာရေး မပါဘဲနဲ့လည်း ကိုယ်ကျင့်တရား တည်ဆောက်လို့ရမယ် ထင်ပါတယ်။ လူသားတွေဟာ ကရုဏာနာတရား၊ အကြင်နာတရားတို့လို အဇ္စျတ္တ တန်ဖိုးတွေ လိုအပ်ကြပါတယ်။ ဒီတန်ဖိုးတွေဟာ လူတွေရဲ့ သဘာဝ အစိတ်အပိုင်းတွေပါ။

 

ဒီတန်ဖိုးတွေဟာ ဘဝအတွက် မရှိမဖြစ် လိုအပ်တဲ့ ရေနဲ့တူပါတယ်။ ဘာသာရေးကို အခြေမခံဘဲ လူ့သဘာဝအရ ဖြစ်လာတဲ့ ဒီတန်ဖိုးတွေဟာ ရေသန့်သန့် နဲ့တူပါတယ်။ ဘာသာရေးအရ ဖြစ်လာတဲ့ တန်ဖိုးတွေကတော့ ရေနွေးကြမ်းနဲ့ တူတာပေါ့။ ဘာသာရေးက အပိုဆာလာတွေ ထည့်ပေးပါတယ်။ ကျုပ်တို့ သောက်ကြတဲ့ ရေနွေးကြမ်းမှာ အများစု ပါဝင်တာက ရေတွေပါပဲ။ ရေနွေးကြမ်းထဲမှာ လက်ဖက်ခြောက်တို့၊ အမွေးနံ့တို့လည်း ပါတာပေါ့။ ဆားတို့ သကြားတို့လည်း ပါနိုင်ပါတယ်။ ဒါတွေ ထည့်လိုက်တော့ အာဟာရတန်ဖိုး ပိုလာသလို သောက်ချင်စဖွယ်လည်း ဖြစ်လာတာပေါ့။

 

ဘာပဲဖြစ်ဖြစ် ရေနွေးကြမ်းထဲမှာ အများစု ပါဝင်တာကတော့ ရေပါပဲ။ မရှိမဖြစ် လိုအပ်တဲ့ ရေပါ။ ကျုပ်တို့တတွေ ရေးနွေးကြမ်း မသောက်ရလည်း အသက်ရှင်နိုင်ပါတယ်။ ဒါပေမယ့် ရေတော့ မသောက်ဘဲ နေလို့ မရပါဘူး။ ကျုပ်တို့မွေးတုန်းက ဘယ်ဘာသာရေးမှ ပါမလာပါဘူး။ အကြင်နာ၊ ကရုဏာ သဘာဝတန်ဖိုးတွေကတော့ မွေးကတည်းက ပါလာပါတယ်။

 

ဘာသာရေးဟာ အရေးမကြီးဘူးလို့ ထင်တဲ့သူတွေ များလာတဲ့ ဒီနေ့ခေတ်မှာ အဇ္စျတ္တ တန်ဖိုးတွေ၊ လူ့ကျင့်ဝတ် ကိုယ်ကျင့်တရားတွေကို အထောက်အကူ ပြုနိုင်မယ့် နည်းလမ်း ရှာဖွေဖို့ လိုအပ်နေပါတယ်။ ခေတ်လူတွေရဲ့ နားလည်မှုနဲ့ အံဝင်ခွင်ကျဖြစ်ပြီး လေးနက်တဲ့ ဘာသာရေး လိုအပ်ချက်နဲ့လည်း ကိုက်ညီတဲ့ နည်းလမ်း ရှာဖွေဖို့ လိုအပ်နေပါတယ်။

 

( ဆက်ရန် . . . . . )

 

အနှစ်ချုပ် မြန်မာပြန်

BEYOND RELIGION

Ethics for a Whole World

His Holiness the Dalai Lama

No comments:

Post a Comment