Sunday, October 9, 2016

အရှိန်





ဒီနေ့ ဥပုသ်စောင့်ကြတဲ့ ဒကာဒကာမ တော်တော်များများက ကလေးတွေ ပါလာတာ တွေ့ရတယ်။ အရင်အပတ်တွေကလည်း ဒီလိုပဲ။ ကလေးတွေ ပါပါတယ်။ လူကြီးတွေက ဘုန်းကြီးကို သစ်သီးတို့၊ ဖျော်ရည်တို့၊ မုန့်တို့ လှူတယ်ဆိုရင် လှူတာတွေကို ကိုရင်တွေက သိမ်းတာပေါ့။ အဲ့ဒါကို နောက်က ပါလာတဲ့ ကလေးတွေက လိုက်ကြည့်နေတယ်။ သူတို့အမေဆီက မုန့်တွေဟာ သူတို့စားဖို့လို့ ကလေးတွေ ထင်ထားကြတာပေါ့။ ကျောင်းရောက်တော့ ဘုန်းကြီးကိုလှူ၊ ကိုရင်တွေက သိမ်း ဆိုတော့ ကလေးတွေ နှမြောမှာပေါ့။ ကိုရင်တွေက ငါ့မုန့်တွေ ယူသွားတယ်။ ကလေးတွေ နှမြောမှာပေါ့။ ဒါပေမယ့် လှူကြီးတွေက ဘုန်းကြီးကို လှူလိုက်တယ်။ ဗုဒ္ဓဘာသာတို့ရဲ့ ဒါနအခြေခံ ဒီလို စတာ။ ကလေးတွေ ဒါနအကြောင်း မသိလည်း ပေးလိုက်ရတာပဲ။ သူတို့မုန့်တွေ ပေးလိုက်ရတယ်။ ဒါနဆိုတာ ပေးချင်လည်း ပေး၊ မပေးချင်လည်း ပေး။ ယျေဘုယျ ပြောရရင် ကုသိုလ်ဆိုတာ စိတ်ပါလည်း လုပ်၊ စိတ်မပါလည်း လုပ်။ ဒါန အခြေခံ လေ့ကျင့်ခန်း ဒီလိုစပြီး ဒီလို အခြေအနေကနေ မြန်မာဗုဒ္ဓဘာသာ ကလေးငယ်တွေ ဒါနအရှိန် ရလာတာ။ ကုသိုလ်အရှိန် ရလာတာ။


ဒီနေ့ ဥပုသ်စောင့်ကြတဲ့ သူတော်ကောင်းတွေလည်း ကိုယ့်သန္တာန်မှာ ကုသိုလ်အရှိန်ရအောင် လုပ်ကြတာပဲ။ ကုသိုလ်အရှိန် ကောင်းနေဖို့ အရေးတယ်။ သဘာဝကိုက အရှိန်ရှိတဲ့ဘက် ယိမ်းတတ်ကြတာ။ ကုသိုလ်အရှိန် ကောင်းတဲ့သူက ကုသိုလ်ဘက်ပါတယ်။ အကုသိုလ်အရှိန် ကောင်းတဲ့လူက အကုသိုလ်ဘက် ပါတယ်။ ဆိုးနေမိုက်နေတဲ့သူက အကုသိုလ် အရှိန်တွေ ကောင်းနေပြီးတော့ တစ်ခါတစ်ရံ ဘုရားသွားတယ်၊ ကျောင်းသွားတယ်၊ တရားနာတယ်။ ကောင်းတာကို တစ်ခါ နှစ်ခါပဲလုပ်ပြီး ဆိုးမိုက်တဲ့ အရှိန်ဘက် ပြန်ပါသွားတယ်။ ကောင်းတဲ့သူလည်း ကောင်းတဲ့အရှိန်နောက် လိုက်တာပဲ။ တစ်သက်လုံး တစ်ခါမှ မူးယစ်သောက်စား မလုပ်ဖူးဘူး၊ တစ်ခါမှ လောင်းကစား မလုပ်ဖူးဘူး၊ မရှောင်နိုင်လို့ မှတ်မှတ်ရရ တစ်ခါပဲ လုပ်ဖူးတယ်။ အဲ့လို ပြောလို့ရအောင် နေနိုင်ကြတယ်။ မှားမိရင်လည်း တစ်ခါ နှစ်ခါ ကျူးလွန်ပြီး ကောင်းတဲ့အရှိန်နဲ့ ပြန်လိမ့်နိုင်တယ်။ အသောက်အစား၊ လောင်းကစားလို မတော်တာ တစ်ခုခု တစ်ခါမှ မမှားဖူးတဲ့ထိ ကောင်းတဲ့ဘက်မှာ အရှိန်ကောင်းတဲ့ သူတွေလည်း ရှိတာပဲ။ ဒီနေ့တော့ အရှိန်ကောင်းတွေ စုဆောင်းနေကြတာ။



သင်္ကန်းကပ်ကြတယ်၊ ဆွမ်းကပ်ကြတယ်။ ပစ္စည်းလေးပါး လှူဒါန်းကြတယ်။ ဝေယျာဝစ္စ ဆောင်ရွက်ကြတယ်။ ဒီကျောင်းမှာ တည်ထားကိုးကွယ်တဲ့ အောင်ဆုပြည့်စေတီတော်ကို မိုးထက်ကျော်မိသားစုက အနေကဇာတင် ပူဇော်တယ်။ လွန်ခဲ့တဲ့ လေးနှစ်က၊ ဒီကျောင်းတိုက် တည်ထောင်စ ကတည်းက ဆောက်လုပ်ခဲ့တဲ့ အဓိပတိဒါယာဒ နာယကဆောင်ကို ၀င်းရတနာ မိသားစုက ဒီနေ့ ရေစက်သွန်ချ လှူဒါန်းတယ်။ ဒါတွေဟာ ကိုယ့်သန္တာန်မှာ ကုသိုလ်အရှိန်တွေ ထူထောင်နေတာ။ ကိုယ့်အတွက်တင် မကဘူး။ ဒီကျောင်းတိုက်အတွက်လည်း အရှိန်ရအောင် ထောက်ပံ့ပေးနေတာ။ ဒီကျောင်းတိုက် အခုလို အရှိန်မရခင် ကတည်းက ဘုရားတည်ကြတယ်။ ကျောင်းဆောက်ကြတယ်။ ဒီကျောင်းတိုက်ကို ကျူးကျော်ကျောင်းဆိုပြီး နေ့လာဖျက်မလား ညလာဖျက်မလား . . . အဲ့ဒီလို အခြေအနေ ကတည်းက အရှိန်ရအောင် ထောက်ပံ့ခဲ့ကြတာ။ ကျောင်းဒကာ၊ ဘုရားဒကာတွေတင် မကပါဘူး။ အလွှာမျိုးစုံက ဒကာဒကာမ မျိုးစုံတို့က နည်းမျိုးစုံနဲ့ ထောက်ပံ့ကြတာ။ ကိုယ်အားဥာဏ်အားနဲ့၊ အားမျိုးစုံနဲ့ ထောက်ပံ့ကြလို့ ဒီနေ့တော့ ကျောင်းတိုက်လည်း အရှိန်ရနေပြီ။ ဆက်လက် တိုးတက်ဖို့ပဲ ရှိပါတော့တယ်။



အရှိန်ဆိုတာက လူတွေအတွက်တင် မကဘူး။ လူတွေ ဆောင်ရွက်တဲ့ ကိစ္စတွေမှာတင် မကဘူး။ သစ်ပင်တောင်မှ အရှိန်လိုတယ်။ အရှိန်မရသေးတဲ့ သစ်ပင်ဟာ ရှင်သန်ဖို့ မသေချာဘူး။ ဒီကျောင်းတိုက်မှာ သစ်ပင်ကအစ ထူထောင်ရတာဆိုတော့ သစ်ပင်လေးတစ်ပင် စိုက်ပြီးရင် ရှင်မှ ရှင်ပါ့မလား ကြည့်နေရတာ။ ရေပြတ်မလား၊ ရေနာမလား ကြည့်နေရတာ။ မနက်က ဘုရားအနေကဇာတင်ပွဲ ကြွလာတဲ့ ကျောက်ဖျာကျောင်းက ဦးဇင်းလေးကတောင် ပြောသေးတယ်။ ရာဟုလာက သစ်ပင်တော်တော်များများ အောက်ဓာတ် ရသွားပြီ တဲ့။ အရှိန်ရလာတာ။ အရှိန်ရရင် ကြီးထွားဖို့ပဲ ရှိတော့တယ်။



အဲ့ဒီလို အရေးကြီးတဲ့ အရှိန်ကို ထူထောင်ကြရတယ်။ ကိုယ့်သန္တာန်မှာ ကုသိုလ်တွေ အရှိန်တက်အောင် လုပ်ကြရတယ်။ ဒါမှ ကောင်းတဲ့ဘက် လိမ့်မှာ။ ကိုယ့်ရဲ့ မျိုးဆက်သစ် ကလေးငယ်တွေရဲ့ သန္တာန်မှာလည်း ကုသိုလ်အရှိန်တွေ ထည့်ပေးရတယ်။ ဒါနအရှိန်တွေ၊ ဘုရားရှိခိုးတဲ့ အရှိန်တွေ။ အရင်တစ်ပတ်က စာပြန်ပွဲအောင်တဲ့ ကလေးတွေကို ဆုပေးခဲ့တယ်။ သူတို့ စာကျက်ဖြစ်အောင် လုပ်ပေးရတယ်။ ဘုရားစာ တရားစာလေးတွေ ရွတ်တဲ့ဖတ်တဲ့ အရှိန်ရအောင် လုပ်ပေးရတယ်။ ဘုရားစာရွတ်တဲ့ ကလေးတွေ သူတို့ရွတ်တဲ့စာရဲ့ အဓိပ္ပာယ်ကို မသိရင်လည်း ကုသိုလ်အရှိန်တော့ ရတာပဲ။ ဘုရားရဲ့ နှုတ်တော်က ထွက်ခဲ့တဲ့ ဘုရားစကားကို ကိုယ့်ပါးစပ်နဲ့ ရွတ်လိုက်ရတာ အခွင့်ကောင်းပဲ။ အဓိပ္ပာယ် သိရင်တော့ ပိုကောင်းတာပေါ့။ အဓိပ္ပာယ်ပါတဲ့ မင်္ဂလာစာမေးပွဲ မင်္ဂလသုတ်လည်း ဖြေခိုင်းရတယ်။ သူတို့လေးတွေ အရှိန်ကောင်းအောင်လို့။



ကောင်းတဲ့ဘက်မှာ အရှိန်ကောင်းဖို့ အရေးကြီးပါတယ်။ ကိုယ်တိုင်လည်း ကုသိုလ်အရှိန်တွေ ထူထောင်နိုင်ကြပါစေ။ ကိုယ့်ရဲ့ ကလေးတွေကိုလည်း ကုသိုလ်အရှိန်တွေ ထည့်ပေးနိုင်ကြပါစေ။ ကိုယ့်ကျောင်းတိုက် အရှိန်ရအောင်လည်း ထောက်ပံ့နိုင်ကြပါစေ။



:)

ရှင်အာစာရ

(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment