“ဟ သုခပါလား။”
“အေးဟ ဖိုးသာဓုရ။”
“ငါးလည်း ဆရာသမား ခေါ်လို့ ရာဟုလာ သိမ်သမုတ်ပွဲ လိုက်လာတာ။ မောင်သုခ . . . မင်းလည်း မင့် ဆရာသမားနဲ့ လိုက်လာတာ မဟုတ်လား။”
“အင်းပါ့ မောင်ရာ။”
“ဒီတစ်ခါတော့ မှတ်သားစရာပါပဲ သုခရာ။ ကျောင်းအပေါ်ထပ်မှာ သိမ်သမုတ်တော့လည်း ရှင်းနေတာပါလား။ ဆရာသမားနောက်က လိုက်ရတဲ့ သိမ်သမုတ်ပွဲတွေ အများကြီး ကြုံးဖူးပါရဲ့။ ကံဆောင်သံဃာတွေ ဖတ်ဖတ်ကို မောလို့။ သိမ်နှုတ်တာတောင် တစ်ရက်တည်းနဲ့ ပြီးတာမဟုတ်ဘူး။ ခုတစ်ခါတော့ နှုတ်လည်းမနှုတ်၊ နိမိတ်လည်း မစောင့်။ နယ်လည်းမစောင့်။ တစ်နာရီအတွင်း ပြီးသွားတာပဲ။”
“ဒါက ဥပရိပါသာဒသိမ်လေကွာ။ ကောင်းကင်သိမ်၊ အာကာသသိမ်။ အမျိုးမျိုး ခေါ်ကြတာပဲ။ ငါလည်း ခုမှ ကိုယ်တွေ့ကြုံးဖူးတော့တယ်။”
“နာမည် ဘယ်လိုပဲခေါ်ခေါ်ပေါ့ကွာ။ နယ်မစောင့်၊ နယ်မသိမ်းဆိုတော့ သိမ်သမုတ်ရတာ လွယ်လိုက်တာ။”
“မင်းသာ လွယ်နေ။ ဒီကလူတွေ ဖတ်ဖတ်မောတာ ငါသိတာပေါ့။ ဒါမျိုးသိမ်က လုပ်ချင်တိုင်း လုပ်လို့ မရဘူးကွ။ အခွန်လွတ် သာသနာ့မြေဖြစ်မှ ရတာတဲ့ ဟ။ သာသနာ့မြေဖြစ်ဖို့ လွယ်တာမှတ်လို့။ သ-စ-အ ဆရာတော်ကြီး ရှင်းပြသွားတာ မကြားလိုက်ဘူးလား။”
“အင်း။ ကြားလိုက်သားပဲ။ ဒါမျိုး တစ်ခါမှ မကြုံဖူးလို့ အံ့သြနေတာ။”
“ငါက မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးတယ်ကွ။ ဒါက သာသနာပိုင် ဆရာတော် ဦးဗုဓ်နည်းတဲ့။ ဆရာတော် ဦးဗုဓ် ဆိုတာက ဗုဓ်စ၊ ဗုဓ်လယ်၊ ဗုဓ်ဆုံး လေကွာ။ ဗုဓ်စ ဆိုတာက ဗုဒ္ဓဘုရား။ သာသနာတော်ရဲ့ အစ။ ဗုဓ်လယ် ဆိုတာက အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓဃောသ။ ဗုဓ်ဆုံး ဆိုတာက ဆရာတော်ဦးဗုဓ်။ သူ့အထက်မှာ ဘုရားနဲ့ အဋ္ဌကထာဆရာပဲ ရှိတော့တာ။ သာသနာပိုင် ရွှေဟင်္သာဆရာတော်ကြီးလည်း ဒီနည်း ကျင့်သုံးတယ်တဲ့ကွ။”
“ဆရာကြီးစတိုင် ဖမ်းမနေစမ်းပါနဲ့ သုခရာ။ သ-စ-အ ဆရာတော်ကြီး ရှင်းပြသွားတာ ငါလည်း ကြားလိုက်ပါတယ်။ ဘယ်သူ့နည်း ဖြစ်ဖြစ်ကွာ။ ငါတော့ သဘောကျတယ်ဟေ့။ ၀ိနည်းကံ၊ ၀ိနည်းကိစ္စကွာ သံဃာချမ်းသာဖို့ပဲ။ သံဃသုဋ္ဌုတာယ၊ သံဃဖာသုတာယ။ ၀ိနည်းဆိုတာ သီလရှိတဲ့ သံဃာချမ်းသာဖို့ ပဲ။ သီလမရှိတဲ့ သံဃာကို နှိပ်ကွပ်ဖို့ပဲ။ မဟုတ်ဘူးလား။”
“အေး။ ငါလည်း ကျောင်းတိုက်တည်ထောင်ရင် အာကာသသိမ်ပဲ သမုတ်မယ်ကွာ။ ရိုးရိုးသိမ်ဆိုရင် နယ်သိမ်းရတာ ခက်တယ်ဟ။ တမင်သက်သက် ညစ်ပတ်ပြီး နယ်သိမ်းလို့မရအောင် လုပ်တာတွေတောင် ရှိသေးတာ။”
“အင်း။ အခွန်လွတ် သာသနာ့မြေတော့ အရင်လျှောက်ပေါ့ကွာ။ လွယ်လွယ်တော့ မတွေးနဲ့။ ဒါနဲ့ မင်းက ဘယ်တော့ ကျောင်းတိုက်တည်ထောင်မှာလဲ။”
“ဟဲဟဲ။ ဖြည်းဖြည်းပေါ့ကွာ။ သာသနာ မကွယ်သေးပါဘူး။”
“အေး။ မင့် ကျောင်းတိုက် နောက်မှတည်ကွာ။ ဆွမ်းစားကျောင်း ကြွကြစို့။”
“ကောင်းတာပေါ့။ သာဓု သာဓု သာဓုပါ . . . ဖိုးသာဓုရာ။”

No comments:
Post a Comment