Thursday, July 7, 2016

ဘီလူး


နာရီပြန် (၂)ချက်ထိုးသည်ထိ ချွေးစို့နေသည်။ ပုံမှန် ပတ်ဝန်းကျင် အခြေအနေမှာ ရာသီဥတု အပူကင်းပြီ ဖြစ်၍ အေးအေးဆေးဆေး အိမ်မောကျရမည့် အချိန်ဖြစ်သော်လည်း ကြောက်စိတ်ကြောင့် အိပ်မရဘဲ ချွေးပျံနေသည်။ ညနေက ပြောစကားကို ပြန်၍ သတိရမိခြင်းကြောင့် ကြောက်အား ပိုမြင့်လာပြီး ချွေးထွက်များလာပြန်သည်။

“တပည့်တော်တို့ ငယ်ငယ်ကဆိုရင် သာသနာ့တက္ကသိုလ်က ကိုင်းတောကြီး။ ဘယ်သူမှ မ၀င်ရဲဘူး။ တပည့်တော်တို့ ကလေးတွေတောင် အတုမရှိထဲမှာပဲ ကစားကြတာ။ မီးလောင်ငုတ် ကျောင်းတိုင်တွေကို . . . တိုင်မှတ်တမ်း ခွေးရူးလိုက်ကြတာ။ ကိုင်းတောထဲတော့ မ၀င်ရဲကြဘူး။”

ရှေးယခင်က ကင်းဆိတ်ရာဒေသ ဖြစ်ခဲ့သည်ဟူသော အသိက ပစ္စက္ခ စည်ပင်မှုကို သိမ်ငယ်စေသည်။ မီး မပျက်ဘဲ အပြင်မှာ လင်းထိန်နေသော်လည်း အခန်းထဲမှာ ချောက်ချားနေသည်။ ခွေးများ သံရှည်ဆွဲ၍ အူခြင်းသည် နာနာဘာဝ မြင်ရခြင်း သင်္ကေတသာ ဖြစ်ရမည်။ အခန်းထဲမှာ လှောင်အိုက်နေပြီဖြစ်သော်လည်း ACကို ဖွင့်လိုက်လျှင် အပြင်က ပန်ကာလည်သွားမည် ဖြစ်သောကြောင့် ငြိမ်၍သာ အိုက်နေသင့်တော့သည်။ မှန်ပြတင်း ခန်းဆီးလိုက်ကာကြားမှ အပြင်သို့ ချောင်းကြည့်ရန် စိတ်ကူးလိုက်သေးသည်။ ခွေးများ ၀ိုင်းအူနေကြသည့် အကောင်းကြီးကို ကြည့်လိုက်ချင်သည်။ ခန်းဆီးစကို ဟလိုက်မည် စိတ်ကူးပြီးမှ ဖွင့်မကြည့်ရဲဘဲ ငြိမ်နေလိုက်သည်။ ဖြူဖြူအကောင်းကြီး ဖြစ်ချင်ဖြစ်မည်။ မည်းမည်းကြီးလည်း ဖြစ်နိုင်သည်။ ၀ိုင်းအူနေသည့် ခွေးများကို မထီလေးစား လုပ်နေမည့် အကောင်ကြီး လမ်းလျှောက်နေခြင်း ဖြစ်လိမ့်မည်။ ၀ိုင်းအူနေသည့် ခွေးများ နေရာ ရွေ့ရွှေ့သွားသည်။

ရနာပုံခေတ်က မင်းညီမင်းသားများကို ကွပ်မျက်ပြီး မြှုပ်နှံရာ သုဿာန်ဟု မှတ်သားဖူးသည့် နေရာဆီမှာလည်း ခွေးများ အူနေကြသည်။ ခွေးချင်း ချိတ်ဆက်မိခြင်း ဖြစ်နိုင်သည်။ နာနာဘာဝချင်း ချိတ်ဆက်မိခြင်းလည်း ဖြစ်နိုင်သည်။

ကြောက်တတ်သည့် ခွေးတစ်ကောင်းက အခန်းဘေး အပြင်နံရံကို လာကပ်၍ တဖြီးဖြီး မာန်ဖီနေသည်။ သူ့မှာ နောက်ကျောလုံနေပုံရသည်။ သူ့ကို ချောက်ထုတ်လိုက်လျှင် ဟိုအကောင်ကြီးက ကိုယ့်ကိုပါ သတိထားမိလိမ့်မည် ဖြစ်သောကြောင့် မာန်ဖီနေသည့် ခွေးကို သည်းခံပြီး ငြိမ်နေလိုက်ရသည်။ သေချာအောင် မီးပိတ်လိုက်သည်။ သတ္တိခဲ ခွေးတစ်ကောင်က တ၀ုတ်ဝုတ် ဟောင်ရင်း တဇွတ်ထိုး ၀င်သွားပုံရသည်။ သို့သော် ဂိန်ကနဲ တစ်ချက်အော်ပြီး ရပ်သွားသည်။ မာန်ဖီသံ ကြားနေရသည်။ ဟိုအကောင်ကြီးက မျက်လုံးပြူးပြလိုက်ခြင်း ဖြစ်မည်။ ကြောက်ပြုံး ပြုံးမိသည်။

ခွေးအူသံ ခွေးဟောင်သံများ ရပ်သွားပြန်သည်။ တီးလုံးတိုက်ထားသကဲ့သို့ ရုတ်တရက် တစ်ပြိုက်နက်တည်း ငြိမ်ကျသွားခြင်း ဖြစ်သည်။ ဟိုအကောင်ကြီး ဖျပ်ကနဲ ကိုယ်ရောင်ဖျောက်လိုက်သောကြောင့် ခွေးအားလုံး မှင်တက်မိသွားခြင်း ဖြစ်နိုင်သည်။

“ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ”ကို သတိရမိပြီး ဂုဏ်တော်ပွားသည်။ အရဟံမှ စသော်လည်း ဘဂ၀ါထိ မဆုံးဘဲ အရဟံမှ ပြန်ပြန်စနေရသည်။ မိုးသာ မြန်မြန်လင်းစေချင်တော့သည်။

မိုးမလင်းခင် ခဏတော့ အိပ်ပျော်သွားသေးသည်။ ခွေးများကား တရုန်းရုန်းနှင့် အူနေဆဲ ဟောင်နေဆဲ ဖြစ်သော်လည်း ဆွမ်းစားကျောင်းမှ အရုဏ်ဆွမ်းပင့် တုံးခေါက်သံ ကြားလိုက်ရ၍ အားတက်လာသည်။ ခန်းဆီစကို ရဲရဲလှစ်၍ မှန်ပြတင်းမှ ကြည့်လိုက်ရာ ခွေးတစ်သိုက် ခွေးဇာတ်ခင်းနေသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရတော့သည်။ တဏှာဘီလူး ပူးဝင်အပ်သည့် ခွေးတို့ပေးတကား။

(ဖိုတို - ခွက်ဒစ် အင်တာနက်)

:)
ရှင်အာစာရ
ခေတ္တ မန္တလေး

No comments:

Post a Comment