Aug 6, 2021
(ကပ်ဘေးရှောင်ရင်း အပျင်းပြေ ဖတ်ဖို့)
-----
ကန့်သတ်မှုတွေကြောင့် မတွေ့တာ ကြာပြီမို့လား မသိ။ ပတ်သက်ရာ ပတ်သက်ကြောင်း ကဗျာ စာပေ ပညာရှင်ကြီးတွေကို သတိရမိတယ်။ (လူချင်း တွေ့ချင်သေးတာတော့ မဟုတ်။) အထူးသဖြင့် မန်းနပသ မျိုးဆက်တွေကို။
၁။ ကိုဘပု
သစ်ကပ်ပန်းကြီး ကြွေပြီတဲ့။ မကြာခင် ရက်ပိုင်းအတွင်းက သူကြွေလွင့်ကြောင်း ကြားလိုက်ရတယ်။ အောက်စီဂျင် ရှူနေရတယ်လို့ ကြားရပြီး နှစ်ရက်လောက်ပဲ ကြာမယ်ထင်တယ်။ သူက မန်း နပသ အာဒိကမ္မိက ကနဦး အသုတ်က ဖြစ်ပေမယ့် သူ စာမေးပွဲ နှစ်ကျတွေများလို့ အပတ်စဉ် (၄)နဲ့ ချိတ်မိခဲ့တယ်။ အတန်းတော့ မတူ။ အဲ့ဒီခေတ်က စာပေရေးရာ ကျောင်းတွင်း အခြေအနေက ဖယောင်းလှမ့်ပြီး ကူးရတဲ့ လက်နှိပ်စက်ခေတ်။ လက်နှိပ်စက်ခေတ် ဆိုပေမယ့် သူတို့တွေ ကဗျာစာအုပ်ထုတ်ရင် သရုပ်ဖော် ပုံလေးတွေပါ ပါတယ်။ ဘယ်လို လုပ်ကြတယ်တော့ အလှမ်းမမီခဲ့။ စီနီယာကျောင်းသား ဆရာတော်တွေ ထုတ်ဝေတဲ့ ကဗျာစာအုပ်လေးတစ်အုပ် ရခဲ့ပြီး အဲ့ဒီထဲက ကဗျာတစ်ပုဒ်ကို သဘောကျခဲ့တယ်။ အဲ့ဒီ ကဗျာကြောင့် သူတို့စာအုပ်လေးကို ပိုပြီး တန်ဖိုးထားခဲ့ရတယ်။ ကဗျာဆရာက ကိုဘပု (စည်ကား)။ ကဗျာကိုတော့ တိတိကျကျ ကျက်မထားမိခဲ့။ ထုံးစံ မရှိလို့ပါ။ ကဗျာ အဓိပ္ပါယ်ကတော့. .. .. . သစ်ပင်ကို တွယ်ကပ်ပွင့်တဲ့ သစ်ကပ်ပန်းနဲ့ တင်စားတဲ့ ဘဝကဗျာ။ ကဗျာခေါင်းစဉ်ကလည်း "သစ်ကပ်ပန်း" ထင်တာပါပဲ။ ပစ္စည်းလေးပါး အလှူကို မှီခိုရတဲ့ ရဟန်းဘဝကို အမြင့်စံ သစ်ကပ်ပန်းနဲ့ တင်စားဖွဲ့ဆိုထားတဲ့ ကဗျာ။ အဲ့ဒီ ကဗျာကို ဖွဲ့ဆိုတဲ့ ကဗျာဆရာဟာ သူပဲလို့ သိလိုက်ရချိန်မှာ ဟိုဘက်ရွာက ဦးသာသန ဖြစ်နေတယ်။ ပုပြတ်ပြတ် ညိုတုတ်တုတ်နဲ့ လေးလေးပင်ပင်ကြီး။ သူတို့ ပြောလို့သာ ယုံရတာ။ ဘယ်လိုမှ မှတ်မိနိုင်စရာ အကြောင်းမရှိ။ သူ့ကို သိခဲ့တုန်းက သူက ပိန်ပိန်ပါးပါး သွက်သွက်လက်လက် ဖြူးဖြူးဖွေးဖွေး။ ရွာမှာ ရှင်ပြုတုန်းက သူနဲ့ အမျိုးမကင်းမို့ မုံရွာ သီတာရုံကျောင်းမှာ စာဝါလိုက်နေတဲ့ သူ့ကို အလှူပွဲ လှမ်းပင်ကြတော့ သူကြွလာတယ်။ ရှင်ပြုတဲ့နေ့ သင်္ကန်းဝတ်တော့ သူက သင်္ကန်း ကိုင်ပေးသေးတယ်။ ရှင်ပြုပေးတဲ့ ဆရာတော်ကြီးက ကိုရင်အောင်ဌေး လုပ်ပါ့အုံးဆိုတော့ သူက လာကူပေးတယ်။ အရွယ်ငယ်ချိန် ထုံးစံအတိုင်း ပိန်ပိန်ပါးပါး။ မြို့မှာနေတဲ့ စာသင်သားမို့ ယုံကြည်ချက် အပြည့်နဲ့ သွက်သွက်လက်လက်။ ဖြူဖြူဖွေးဖွေး ဆိုတာကတော့ အဲ့ဒီတုန်းက ထင်မိခဲ့တာပဲ ဖြစ်မှာပါ။ အဲ့ဒီတုန်းကလည်း ညိုစိမ့်စိမ့်ပဲ ဖြစ်မှာပါ။ မြို့ပြ အငွေ့အသက် ခိုလှုံထားသူဆိုတော့ သပ်သပ်ရပ်ရပ်တော့ ရှိမှာပေါ့။ အဲ့ဒါကိုပဲ ရွံ့ထဲဖုန်ထဲက ကလေးငယ်က ဖြူတယ်လို့ ထင်မိတာ ဖြစ်မှာပါ။ သူ့ကို စံပြရှေ့သွား ရှင်တစ်ပါးအဖြစ် မဝံ့မရဲ အားကျမိခဲ့တာတော့ သေချာပါတယ်။ ခုကျတော့လည်း သူ့ကို အားမကျရဲတော့ပြန်။ သူ့လမ်းကို လိုက်လျှောက်ဖို့ အဆင်သင့် မဖြစ်နိုင်သေး။ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေ ဂရုတစိုက် လိုက်နာရအုံးမယ်။ မလိုက်နာသူတွေ လိုက်နာကြဖို့ တရားဟောပြ သာသနာပြုရအုံးမယ်။ အားလုံးအတူ ဖြတ်ကျော်နေကြရတဲ့ ခရီးကြမ်းအတွက် ထည့်ဝင်စရာတွေ အများကြီး ကျန်နေသေးလို့ပါ။
၂။ ဘဂု
ကြွေလွင့်သွားတဲ့ ကဗျာဆရာရဲ့ နောက်ကကပ်ပြီး ဆက်ပြောရပေမယ့် သူကတော့ အကောင်းကြီး ရှိပါသေးတယ်။ တော်တော်နဲ့လည်း ကြွေအုံးမှာ မဟုတ်ပါဘူး။ မကြွေသေးဖို့လည်း ဆုတောင်းပေးရပါတယ်။ မဟုတ်ရင် သူ့ကို ကြောက်ရသေးတာ။ အောက်ထစ်ဆုံး ပါးစပ်နဲ့တော့ ဆောင့်ကန်မှာ သေချာတယ်။ ဘဂု ဆိုတာကတော့ သူ့ရဲ့ ကလောင်နာမည် မဟုတ်ပါဘူး။ မောင်သစ်ဝေ (မြင်းခြံ) ခေါ်လေ့ရှိတဲ့ နာမည်ပါ။ ကဗျာဆရာရဲ့ ပါးစပ်ကထွက်တော့လည်း ကဗျာနာမည်ပဲပေါ့။ သူ့မှာ ကလောင်နာမည်ရယ်လို့လည်း ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် သူကတော့ ငယ်ငယ်ကတည်းက ကဗျာဆရာ ဖြစ်ခဲ့တယ် ပြောတာပဲ။ သတိထားမိသလောက် ပြောရရင် သူ့ကျန်းမာရေးအရ ကြုံရတဲ့ အကြီးစား ခွဲစိတ်မှုကြီး တစ်ခုကို အောင်မြင်စွာ ဖြတ်သန်းပြီးမှ သူ့ဆီက ကဗျာတွေ စာတွေ ဒလဟော ထွက်လာတယ် ထင်တာပဲ။ ဆရာဝန်တွေက သူ့ကို ခွဲရင်းစိတ်ရင်း ကဗျာကြော စာကြောတွေ ဖွင့်ပေးလိုက်တာများလား မသိ။ သူ့ ဖေ့စ်ဘွတ် စတေးတပ်စ် ကနေ လူမှုရေး၊ နိုင်ငံရေး၊ ဘဝအကြောင်း၊ ပိဋကသုံးပုံ၊ သံသရာချီမော်ကွန်း၊ မော်ဒန်နဲ့ မော်ဒန်လွန် အထွေထွေ အွန်လိုင်းစာပေ အလုပ်တွေ တွင်တွင်ကြီး ထုတ်လုပ်နေသူကတော့ တောင်ကြီး မင်းကျောင်းဆရာတော်။ မန်း နပသ အပတ်စဥ် (၄) ကျောင်းသားဟောင်းကြီး (အမွေလွှဲပေးမယ့် ) လက်ရှိအပိုင် ကျောင်းတိုက်တော်ကြီး လုံအောင်ပိတ်လို့ ကိုဗစ်လွတ်အောင် ပုန်းရှောင်နိုင်ပါစေကြောင်း။
ထွေထွေထူးထူး ပြောပြနေစရာ မလိုတဲ့ အကျော်ဒေယျ မိတ်ဆွေကြီး။ တွတ်ပီရဲ့ ဗိုက်ကလေးလို လူရှိန်အောင် ပုန်းပုန်းနေလေ့ရှိသူ။ သူနဲ့အတူ ဖြတ်သန်းခဲ့ပြီး နေ့စွဲတွေတိုင်းမှာ ကဗျာ နဲ့ စာပေမှာသာမက . .. ... .. ။
(ဆက်ရန်. ... .)
ရှင်အာစာရ
No comments:
Post a Comment