Aug 8, 2021
(ကပ်ဘေးရှောင်ရင်း အပျင်းပြေ ဖတ်ဖို့)
-----
၃။ မောင်သစ်ဝေ (မြင်ခြံ)
ထွေထွေထူးထူး ပြောပြနေစရာ မလိုတဲ့ အကျော်ဒေယျ မိတ်ဆွေကြီး။ တွတ်ပီရဲ့ ဗိုက်ကလေးလို လူရှိန်အောင် ပုန်းပုန်းနေလေ့ ရှိသူ။ သူနဲ့အတူ ဖြတ်သန်းခဲ့ပြီး နေ့စွဲတွေတိုင်းမှာ ကဗျာ နဲ့ စာပေမှာသာမက နယ်ပယ်အားလုံးနီးပါးမှာ လက်တွဲလို့ ရတဲ့သူ။
သူနဲ့ စတွေ့ကတည်းက သူ့ကို ကဗျာဆရာလို့ မသိချင်လို့ကို မရခဲ့။ သူ့ကြော်ငြားအားနဲ့သူ။ သူ့ကဗျာတစ်ပုဒ် မဂ္ဂဇင်းမှာ ပါလာတိုင်း နီးစပ်သူတွေကို သူငယ်ချင်း တစ်ဝမ်းကွဲ နှစ်ဝမ်းကွဲတွေထိ လက်ဖက်ရည်တိုက်ပြီး ကဗျာတွေ လေးငါးပုဒ်လောက် ရွတ်ရွတ်ပြတတ်လို့ ကဗျာဆရာမှန်း သိခဲ့ရတာ။ သူ ကဗျာရွတ်ချိန်မှာတော့ လက်ဖက်ရည်ဖန်ဆိမ့်၊ ပလာတာ၊ ထပ်တစ်ရာ၊ စမူစာ၊ အီကြာကွေးတွေလောက်ပဲ စိတ်ရောက်နေတော့ သူကဗျာတွေကို သိပ်မခံစားမိခဲ့ဘူးပေါ့လေ။
သူ့မှာ ချစ်စရာတွေ အများကြီးထဲက မျက်ကွယ်ပြုထားလို့ မရတာ တစ်ခုက သူ့ရဲ့ ပရဟိတ စိတ်ဓာတ်။ တွေ့ဆုံပွဲတွေမှာ အိုးခွက်ပန်းကန်ဆေးတာမျိုး၊ လက်ဖက်သုပ်တာမျိုး။ ကြီးကျယ်ကျယ် ကိစ္စတွေမှာတော့ ပညာရေး ပရဟိတမှာ အတန်အသင့် ထွန်းပေါက်တယ် ပြောရမယ်။ ဓမ္မဂင်္ဂါလို သိပ်မကြွားတတ်လို့သာ ကမ္ဘာလွှမ်းခြုံ ပညာရေးအကွက်ထဲထိ ထဲထဲဝင်ဝင် မရောက်သေးတာ။ အလုပ်က အခိုင်ရယ်။ မကြွားတတ်ဘူး ဆိုပေမယ့်။ သူ့ရဲ့ ပညာရေး ပရဟိတ လုပ်ငန်းဖြစ်တဲ့ အလင်းဉယျာဉ်ကျောင်း ဟိုတနှစ်က အောင်ချက်ကောင်းခဲ့တာကို အဖွဲ့လိုက် ရေဘေးအကူ သွားတဲ့အခါ၊ လူမမာမေး သွားတဲ့အခါလိုမျိုး ပညာရေးနဲ့ အဆက်အစပ်ဝေးတဲ့ တွေ့ဆုံပွဲတွေမှာတောင် စကားဝိုင်းထဲ ထည့်ထည့် ပြောတတ်သေးတယ်။ တစ်နိုင်ငံလုံး အောင်ချက်ကောင်းမှတော့ သူ့ကျောင်းလည်း အောင်ချက်ကောင်းပြီပေါ့။ သူ့တစ်ကျောင်းတည်း အောင်ချက်လျှော့ထားခဲ့လို့မှ မရတာလေ။ ဘာပဲဖြစ်ဖြစ် ဝင်ခွင့်ဖြေခိုင်းပြီး လူရွေးလက်ခံတာမျိုး မလုပ်တာကိုကပဲ သူ့ကျောင်းရဲ့ လေးစားစရာ တစ်ခုပါ။
သူနဲ့ ပတ်သက်လို့ ကြောက်စရာကောင်းတာ တစ်ခုက အချစ်ကြမ်းတဲ့ ပျော်ရွှင်ပုံပဲ။ သူပျော်ရင် နီးရာလူကို တွေ့ရာ ဖမ်းကိုက်လိုက်တာ။ တော်တော် အချစ်ကြမ်းတယ်။ သူကိုက်တာ ခံရတဲ့သူ ကာကွယ်ဆေး ထိုးစရာ မလိုလို့ တော်သေးတယ်။ စကားဝိုင်းထဲမှာ သူ ပြောရင်းဖြစ်ဖြစ်၊ နားထောင်ရင်းဖြစ်ဖြစ် သူ သဘောကျတာ တစ်ခုခု ပါလာပြီ၊ သူကလည်း ဟှိဟှိ ဆိုပြီး နှစ်ချက်ပူး ထရယ်ပြီဆိုရင် သတိသာ ထားပေတော့။ သူပျော်တာကလည်း ခဏခဏ ပျော်နေတတ်တာဆိုတော့ လန့်တော့ လန့်ရတယ်။ သူ့မိတ်ဆွေတွေထဲမှာ သူကိုက်တာ မခံရဖူးသူ တော်တော်ရှားမယ်။ သူ ကိုက်ဖို့ ရွံရတဲ့သူလောက်ပဲ အကိုက်မခံရမှာ။ ကိုဗစ်က လေ့ကျင့်ပေးလိုက်တဲ့ နေထိုင်မှု ပုံစံသစ်အတိုင်း ခြောက်ပေခွာပြီး တွေ့ကြတဲ့ အခါမှာတော့ သူ ဘယ်လို ကိုက်မယ် မသိ။
ထားပါတော့။ သူက ကဗျာဆရာဆိုတော့ သူ့ကဗျာအကြောင်းပြောတာ ပိုကောင်းပါတယ်။ စောစောက ပြောခဲ့သလို သူရွတ်ပြချိန်မှာ သူ့ကဗျာတွေကို စိတ်မဝင်စားနိင်ပေမယ့် နောက်မှ အေးအေးဆေးဆေး ဖတ်ကြည့်တော့ သူ့ကဗျာ နှစ်ပုဒ် ကြိုက်မိတယ်။ ဆေးပြင်းလိပ် နဲ့ မြစ်။ ဆေးပြင်းလိပ်က သူများညွှန်းလို့။ မောင်ခိုင်မာ ထင်တယ်။ မြစ်ကိုတော့ ကြိုက်လို့ကို ကြိုက်တာ။ သူ့ရဲ့ အအောင်မြင်ဆုံးလို့ ဆိုနိုင်တဲ့ မိသံလွင်ကိုတော့ ဖတ်ကောင်းရုံလောက်လို့ပဲ ထင်မိတယ်။ သိပ်မကြိုက်တာက အချစ်ကဗျာရှည် ဖြစ်နေလို့။ သူနဲ့ အချစ်နဲ့ ဆုံမှတ်ရှိမယ်လို့မှ မထင်နိုင်တာ။ ကဗျာအရ စာအရ ရေးဖွဲ့တာသာ ဖြစ်ပြီး ဖြစ်ရပ်မှန်နဲ့ တော်တော်ဝေးမယ် ထင်ရတယ်။ သူ့ကျော်ကြားမှုကို အကြောင်းပြုပြီး ကဗျာပေါက်ဖို့ အကြံအဖန် ထုကြတာများလား။ အချစ်တွေ၊ နှလုံးသား ကိစ္စတွေမှာ ထဲထဲဝင်ဝင် ရှိကြတဲ့ မောင်စူးရဲ (တန့်ဆည်)တို့၊ လူမွန်တို့၊ လောကတို့၊ ဖက်တီးတို့လို လူပြန်တော် ပညာရှင်တွေက ရှဲဒိုးရေးပေးပြီး လုပ်စားကြတာများလား။ သူ့စကား ပြန်ငှားရရင် မေးခွန်းတွေ တစ်လိပ်ပြီး တစ်လိပ်ပေါ့။
ဒါပါပဲလေ။ ဒီလောက်ဆိုရင် အလွမ်းသိပ်သည်းဆ ထိုက်သလောက်တော့ ကျသွားပါပြီ။ သူ ဖုန်းဆက်နေသေးသမျှ သူ ကျန်းမာနေတုန်းပဲလို့ ယူဆလိုက်ပါတယ်။
၄။ ဓမ္မဂင်္ဂါ
သူလည်း ခေသူတော့ မဟုတ်။ မောင်သစ်ဝေထက် ဆယ်ဆလောက် ကြော်ကြားသူ။ အထူး မိတ်ဆက်စရာတောင် မလိုသူ။ သူ့ရဲ့ “ကိုယ်တိုင်ကြွား အတ္ထုပ္ပတ္တိ”ကို ဖတ်ဖူးရင်တော့ သူဘာလဲ၊ ကိုယ်ဘာလဲဆိုတာ မှန်းလို့ရမှာပါ။ မစိုးရိမ် တိုက်သစ်မှာ လူချင်းမသိခင် သူ့ပုံကို မြင်လိုက်ကတည်းက သူ့အကြောကို မှန်းမိခဲ့တယ်။ တကယ့်တကယ် လူချင်း သိကြခင်ကြပြီ ဆိုတော့လည်း . . . . . (ဆက်ရန်)
ရှင်အာစာရ
No comments:
Post a Comment