Aug 1, 2021
-----
ကိုဗစ် ကူးစက်ပိုးရဲ့ ဝင်ပေါက်ဟာ ပါးစပ်၊ နှာခေါင်း နဲ့ မျက်လုံး သုံးနေရာလို့ ဆိုကြပါတယ်။ ဒီသုံးပေါက်အနက် နှာခေါင်းပေါက်က အများဆုံးဝင်တာလို့ သုံးသပ်မိပါတယ်။ ကျန်တဲ့ နှစ်ပေါက်ဖြစ်တဲ့ မျက်လုံးနဲ့ ပါးစပ်ကနေ ဝင်ရောက် ကူးစက်တာဟာ တော်တော်ကို နည်းမယ် ထင်ပါတယ်။ မျက်လုံးကတော့ အနည်းဆုံး ဖြစ်မှာပါ။
မျက်လုံးဟာ နူးညံ့တဲ့အတွက် ယိုစိမ့်ပြီး ဝင်နိုင်တဲ့နေရာ ဖြစ်သွားပုံရပါတယ်။ ရောဂါရှိတဲ့သူဆီက ထွက်လာတဲ့ပိုးတွေ မျက်လုံးထဲ တိုက်ရိုက် ဝင်ဖို့ အခွင့်အလမ်း တော်တော် နည်းမှာပါ။ ပိုးရှိတဲ့နေရာကို လက်နဲ့ ကိုင်မိတယ်၊ ပိုးတွေ လက်ထဲ ပါလာတယ်၊ အဲ့ဒီကနေ လက်နဲ့ မျက်လုံးကို ပွတ်မိပြီး မျက်လုံးကနေ ပိုးဝင်သွားမယ်၊ ပါစပ်နဲ့ လက်နဲ့ ထိစပ်ရာကနေ ပါးစပ်ကနေ ပိုးဝင်သွားမယ်။ အဲ့ဒီလို ကူးတာ ဖြစ်မှာပါ။ အဲ့ဒီလို မဖြစ်ရအောင် လက်ဆေးကြရတာပေါ့။ အဲ့ဒီကနေ. .. . လက်ဆေးကြရမယ်ဆိုတဲ့ ကျန်းမာရေး အသိကို လက်တွေ့ကျင့်သုံးမှု များလာကြပြီး လက်မှာ ကပ်ပါလာတဲ့ ပိုးမွှားတွေ ကူးစက်ပြန့်နှံ့ဖို့ အခွင့်အရေး ပိုနည်းလာမယ် ထင်ပါတယ်။ လက်ဆေးတာအပြင် လက်မှာ ပေကျံတာ မဖြစ်ရအောင် လက်သရမ်းပြီး ဟိုကိုင်သည်ကိုင် မလုပ်မိအောင် သတိထားလာနိုင်ကြတယ်လို့လည်း သုံးသပ်မိပါတယ်။ လက်သန့်ရှင်းရေး ရှိကြပါတယ်။ ပါးစပ်ကနေ အသက်ရှူရင်းနဲ့လည်း ရှူသွင်းတဲ့လေနဲ့အတူ ရောဂါပိုး ဝင်သွားနိုင်ပါတယ်။ အဲ့ဒီလို မဖြစ်ရအောင် လူချင်းတွေ့ကြရတဲ့ အခါမှာ ပါးစပ်ကိုပါ ဖုံးအုပ်ကာကွယ်ကြရတာပါ။ ဒီတော့. .. . ပိုးဝင်ဖို့ ဖြစ်နိုင်ချေ အများဆုံးနေရာဟာ စောစောက ပြောခဲ့တဲ့အတိုင်း နှာခေါင်းပေါက်ပဲ ဖြစ်ပါတယ်။
ပြဿနာရဲ့ အဓိက ဝင်ပေါက်ဖြစ်တဲ့ နှာခေါင်းဟာ မဖြစ်မနေ လုပ်ဆောင်ရတဲ့ အသက်ရှူမှုဖြစ်စဉ် အရ ကိုဗစ်ပိုး ပြန့်ပွားဖို့ အထောက်အကူ ဖြစ်နေပါတယ်။ နှာခေါင်းဟာ ဝင်လေထွက်လေတွေနဲ့ မပြတ်လှုပ်ရှား သက်ဝင်နေပါတယ်။ လူက မသိလိုက်ချိန်၊ သတိမထားမိချိန်တွေမှာတောင် အသက်ရှူမှု ဖြစ်စဉ်က အမြဲဖြစ်နေရတာပါ။ ဒါ့ကြောင့် အမှုမဲ့ အမှတ်မဲ့ သွားလာလှုပ်ရှားရင်း ကူးစက်နိုင်ပါတယ်။ အိပ်ပျော်နေကြချိန်မှာတောင် ကူးစက်မှုတွေ ဖြစ်နေနိုင်ပါတယ်။ ရောဂါပိုး ရှိတဲ့သူက မှုတ်ထုတ်လိုက်တဲ့ လေနဲ့အတူ နှာခေါင်းထဲကနေ ပိုးတွေ ထွက်လာတယ်။ နီးစပ်သူက အဲ့ဒီလေကို ရှူသွင်းယူလိုက်တယ်။ ရှူသွင်းလိုက်တဲ့ လေနဲ့အတူ ပိုးတွေပါ ဝင်သွားတယ်။ ရောဂါရှိသူရဲ့ နှာခေါင်းထဲက ထွက်လာတဲ့ ပိုးတွေဟာ ရောဂါမရှိသူရဲ့ နှာခေါင်းထဲ ဝင်သွားခြင်းအားဖြင့် ကူးစက်တာဟာ ကူးစက်မှုရဲ့ ရာခိုင်နှုန်း အများစု ဖြစ်မယ် ထင်ပါတယ်။
နှာခေါင်းရဲ့ ခန္ဓာဗေဒ တည်ဆောက်ပုံကလည်း ရောဂါပိုး ပြန့်နှံ့ဖို့ အားပေးသလို ဖြစ်နေပါတယ်။ နာခေါင်းသာ နားရွက်လို အပွင့်အပြန့် ဖြစ်နေမယ်၊ ဒါမှမဟုတ် လူ့သဘာဝမှာ နှာခေါင်းနဲ့ အသက်ရှူတာ မဟုတ်ဘဲ နားရွက်နဲ့သာ အသက်ရှူမယ်ဆိုရင် ရောဂါပိုး လွင့်ထွက်ပြန့်နှံံ့မှု ပိုးနည်းသွားမှာပါ။ လက်ရှိမှာတော့ အသက်ရှူရတဲ့ နှာခေါင်းဟာ သေနပ်ပြောင်းလို ဖြစ်နေတော့ ထွက်သွားတဲ့လေက အဝေးကို ပိုရောက်မှာပေါ့။ ဒီတော့ ပိုးတွေ ပိုပြန့်မှာပေါ့။ ရောဂါရှိသူရဲ့ ပါးစပ်က ထွက်တဲ့ပိုးဟာ စကားကျယ်ကျယ်ပြောရင် ပိုထွက်တယ်၊ ပိုပြန့်တယ်လို့ သတိပေးထားကြလေတော့ ပြောင်းရှည်သေနပ်က ထွက်တဲ့ကျည်ဆံ အဝေးကို ပိုရောက်သလို နှာခေါင်းပြောင်းဝက ထွက်လာတဲ့ပိုးတွေ ပိုပြန့်မယ် ဆိုတာကို သတိထားကြရမှာပါ။ ချောင်းဆိုးလိုက်တဲ့အခါ၊ နှာချေလိုက်တဲ့ အခါတွေမှာ ပါးစပ်က ပိုးထွက်တာဟာ ထွက်ပြန့်အား တော်တော်ကောင်းပေမယ့် ဖြစ်နိုင်တဲ့ နှာချေ ချောင်းဆိုး အကြိမ်ရေကို ကြည့်မယ်ဆိုရင် နှာခေါင်းက ထွက်တဲ့ ပြန့်နံ့မှုလောက် မဆိုးဘူးလို့ပဲ ဆိုရမှာပါ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီလို ပြန့်နှံ့မှုနယ်က လွတ်အောင် လူချင်းဝေးဝေး ခွာနေကြရတာပါ။
ပိုးဝင်ဖို့ အဓိက ဝင်ပေါက်လည်းဖြစ်၊ ပိုးထွက်ဖို့ အဓိက ထွက်ပေါက်လည်းဖြစ်တဲ့ နှာခေါင်းကို လုံခြုံအောင် ထိန်းကြဖို့ ဖြစ်ပါတယ်။ နှာခေါင်းကို ထိန်းတဲ့နေရာမှာ ကိုယ်တိုင် နှာခေါင်းစည်း တပ်ဖို့ထက် ကိုယ်နဲ့ဆက်စပ်သူ နှာခေါင်းစည်းတပ်ထားဖို့က ပိုအရေးကြီးပါတယ်။ တစ်နည်း ပြောရရင် နှာခေါင်းက ထွက်လာတဲ့လေ၊ လေနဲ့အတူ ထွက်လာတဲ့ပိုးကို ပိုပြီး ထိန်းကြရမှာပါ။ အထွက်ကိုထိန်းဖို့က အဓိကပါ။ တစ်ဘက်လူရဲ့ နှာခေါင်းထဲက ပိုးတွေ ထွက်လာပြီဆိုရင် ကိုယ့်နှာခေါင်းထဲ ဝင်လာဖို့ တော်တော်များနေပါပြီ။ ကိုယ်က နှာခေါင်စည်း တပ်ထားတယ် ဆိုရင်တောင် သူ့ဆီက ထွက်လာတဲ့ ပိုးတွေ အပေါက်ရှာပြီး ကိုယ့်ထဲ ဝင်လာနိုင်ပါတယ်။
အဲ့ဒီတော့ ကိုယ်နဲ့ နီးစပ်ရသူ နှာခေါင်းစည်း တပ်မထားရင် အတပ်ခိုင်းပါ။ ပြောမရရင်၊ မပြောချင်ရင် အဲ့ဒီလိုလူကို ဝေးဝေးက ရှောင်ပါ။
လေနဲ့အတူ ပြန့်နှံ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်ပိုးဟာ လေထဲမှာ တောင်ပံခတ်ပြီး ပျံသန်းနေတာ မဟုတ်ပါဘူး။ ကိုယ့်ဆီကို တောင်ပံခတ်ပြီး ပျံသန်းလာတာလည်း မဟုတ်ပါဘူး။
ဒီတော့ လူချင်းထိတွေ့ဆက်ဆံမှု ရပ်ဝန်းထဲက အသက်ရှုမှု လေစီးကြောင်း နယ်ပယ်ကို ခန့်မှန်းပြီး အလိုက်သင့် ရှောင်ရှားတတ်ရင်ကို စိုးရိမ်ရေမှတ်ထိ မရောက်နိင်လောက်တော့ပါဘူး။
No comments:
Post a Comment