Saturday, July 31, 2021

ကာကွယ်ခြင်း ကုသခြင်းဆိုင်ရာ ရိုးရိုးဋီကာ

July 31, 2021
----------
 
ဒေသနာတော်တွေ မှားရိုးမရှိဘူး
ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်။
 
ကျန်းမာခြင်းဟာ လာဘ်တစ်ပါး
သူများနှာခေါင်းထဲက တွန်းထိုးထွက်လာတဲ့ ပိုးမွှားတွေ
ကိုယ့်နှာခေါင်းထဲ ရှူသွင်းမိရင်
အသက်ထိတောင် အန္တရာယ်။
 
နှာခေါင်းစည်း မတတ်သူကို ရှောင်ပါ
စနစ်တကျ လက်ဆေးပါ
ရည်ရွယ်ချက်ရှိရှိ ဝေးဝေးနေပေးပါ။
ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့် မွန်မြတ်ခြင်းတရား
အရတော်အောင် ယူပါ။
 
မတော်မတည့် ဘဝတွေမှာဖြင့်
သူများနှာခေါင်းနဲ့ အသက်ရှူတတ်ရ
သူများဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ရ
သူများစေညွှန်ရာ လက်ညှိုးလိုက်ထိုးရ
သူများအဆုပ် ကျန်းမာဖို့ ကိုယ့်နှာခေါင်းနဲ့ ရှူပေးရ
သူများဘဝ စိမ်းလန်းဖို့ ကိုယ့်အဆုပ်နဲ့ ရှူပေးရ
သူတစ်ပါးရဲ့ အရာရာအတွက် ကိုယ့်ခြေကိုယ်လက်နဲ့ ရှူပေးရ
ကိုယ့်နှလုံးသားနဲ့ နာကျင်စွာ ​ဖျစ်ညှစ် ရှူပေးနေတတ်ရ
ကိုယ့်ဘဝ ကိုယ့်အသက်နဲ့ ဖျော့တော့စွာ ကပ်သတ် ရှူပေးနေကြရ။
 
လက်တွေ ပေကျံရ
နှာခေါင်းစည်း ဝေစုမရ
ပြွတ်သိပ်ကြပ်ညပ် တိုးဝှေ့နေပြန်ရ။
 
ကြီးတော်နွား အငှားကျောင်းရ
ကျွန်ဝယ်ရာ အဆစ်ပါရ
ကာကွယ်ခြင်းတွေ မွန်မြတ်မှုနဲ့ အလှမ်းကွာဝေးရ။
 
အသက်ရှူ ကြပ်တဲ့အထိ
အသက်ရှူ ရပ်တဲ့အထိ
ကုရာ နတ္ထိ ဆေးမရှိ။
 
😁
ရှင်အာစာရ

No comments:

Post a Comment