Saturday, July 3, 2021

သွေးအေးလို့ မနေသင့်ပြီ

24 June, 2021
-----
 

မဟာသမယ နေ့မြတ်မဟာမှာ သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတွေကို မတိုင်တည်ကြတော့ဘူးလား။ အနည်းဆုံး speak out တော့ လုပ်ပေးနိုင်ကြတယ် မဟုတ်လား။ သာသနာတော်ကို တကယ်ချစ်တဲ့ ဆရာတော်များ ဦးဆောင်ရင် အောင်မြင်ဖို့ အလားအလာ ပိုများမယ် ထင်ပါတယ်။ ပေါက်ပေါက်ရောက်ရောက် ဆရာတော် တစ်ပါးပါးက တိုးတိုးတိတ်တိတ် ကပ်ပြောလိုက်ရင်ကို ထိရောက်နိုင်တဲ့ ကိစ္စပါ။ ခုနေခါဟာ အခွင့်ကောင်း မဟုတ်ဘူးလား။ ဗုဒ္ဓဘာသာကို အားမပေးတဲ့ ခေတ်မှာ မရနိုင်တဲ့ အခွင့်အရေးပါ။ သာသနာရေး သွေးအေးမနေကြပါနဲ့။ သာသနာရေး အားပေးတဲ့ခေတ်မှာ အချိန်မီ အမြန်တောင်းဆိုပြီး အမြန်လုပ်ကြရပါတော့မယ်။ ဘာကိုလဲ။
 
ကျောက်တုံးစွန်းထိပ်မှာ အံ့သြစရာ ကောင်းလောက်အောင် တင့်တယ်သပ္ပါယ်စွာ အပူဇော်ခံ တည်ရှိနေတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို မသိသူ မရှိသလောက်ပါပဲ။ တန်ခိုးကြီးလှပါတယ်။ မွန်ပြည်နယ်ရဲ့ အထင်ကရပါ။ မွန်ပြည်နယ်မှာ တံတားကို နာမည်ပြောင်းပေးရုံနဲ့တင် ကျေနပ်နေစရာ မဟုတ်ပါဘူး။ ဒီ စေတီတော်ကြီးဟာ ကမ္ဘာကသိတဲ့ မြန်မာ့ကျက်သရေလည်း ဖြစ်ပါတယ်။ မတော်တဆ ကျောက်တုံးတော်ကြီး ချောက်ထဲ ပြုတ်ကျလို့ စေတီတော်ကြီးပါ ပါသွားရင် ကမ္ဘာ့အလယ်မှာ မြန်မာတွေ မျက်နှာငယ်စရာ ဖြစ်သွားပါလိမ့်မယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေ အရှက်ကွဲရပါလိမ့်မယ်။ ဒါ့ကြောင့် တာဝန်သိသိ တာဝန်ကျေကျေနဲ့ စေတီတော်မြတ်ကြီးကို ထိန်းသိမ်းစောက်ရှောက်ကြရမှာပါ။
 
ရတနာသုံးပါး ဂုဏ်ကျေးဇူးနဲ့ သမ္မာဒေဝ နတ်မြတ်နတ်ကောင်းတွေ စောင်မထားလို့ စေတီတော်ကြီး အံ့သြစရာ ကျောက်တုံးထက်မှာ တည်နေနိုင်တယ်လို့ ယုံကြည်ရင်လည်း ရပါတယ်။ သိပ္ပံနည်းကျ စဥ်းစားပြီး ကမ္ဘာမြေ ဆွဲအားရဲ့ နားလည်ရခက်တဲ့ သက်ရောက်မှုလို့ လက်ခံရင်လည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် စေတီတော်ကြီး မှီတည်ရာ ကျောက်တုံးတော်ကြီး ပြုတ်မကျပါဘူးလို့ ဘယ်သူ အာမခံမလဲ။ စဥ်းစားတတ်ရင် စိုးရိမ်စရာပါ။ ခေါင်းသုံးကြပါ။ စပ်မိလို့ သတိပေးချင်တာက တစ်ဘက်ပိတ်တွေ ဖြစ်မနေကြဖို့ပါ။ ဒီတော့ ဘာလုပ်မလဲ။ ဘာတွေ တောင်းဆိုကြမလဲ။ 
 
စေတီတော် ကိန်းဝပ်ရာ ကျောက်တုံးတော်ကြီး ကြံ့ခိုင်ဖို့အတွက် လုပ်သင့်တာတွေ လုပ်ဆောင်ပေးရေး. .. . တို့အရေးပါပဲ။ ဘာလုပ်သင့်တယ် ဆိုတာကို ပညာရှိကြီးတွေ သိမှာပါ။ နမူနာ ပြောရရင်. .. . ကျောက်တုံးရဲ့ အောက်ခြေက အဟထဲကို သဲ-ဘိလပ် ဖျော်ထည့်ပေးလိုက်ရင် စိတ်ချရပါပြီ။ ခပ်လှမ်းလှမ်းကနေ သံမဏိကြိုး ကောင်းကောင်းနဲ့ ဆိုင်းကြိုးတွေ ဆွဲထားရင်လည်း အဆင်ပြေနိုင်ပါတယ်။ ဆိုင်းကြိုးဆွဲတဲ့​နေရာမှာ ကုန်းတော်ဘက်ကနေ ဆွဲထားရမှာနော်။ ချောက်ဘက်ကနေ ဆွဲရမှာ မဟုတ်ဘူး။ တစ်ခြားနည်းတွေ အများကြီး ကြံဆနိုင်ပါတယ်။ လုပ်ရတာ မခက်ခဲနိုင်ပါဘူး။ ကုန်ကျစရိတ်လည်း မများနိုင်ပါဘူး။ သာသနာအတွက် လုပ်ပေးချင်စိတ် ရှိဖို့ပဲ အရေးကြီးတာပါ။ လုပ််နိုင်သူတွေ လုပ်ပေးကြပါ။ ကိုယ်တိုင် မတတ်နိုင်ရင် ပိတ်ထားတဲ့နားတွေ ကြားသွားအောင် အကုန်လုံး အော်ပြောပေးကြပါ။
 
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။
 
-----
မှတ်ချက် -
သာသနာတော်ကို အချစ်လွန်ပြီး တကယ်လိုက်လုပ်ကုန်ကြလို့ စေတီတော်ကြီး တစ်ခုခု ဖြစ်သွားရင်တော့ မိမိနဲ့ လုံးဝ မသက်ဆိုင်ပါကြောင်း။ 😉 😉
Photo: internet

 

No comments:

Post a Comment