Saturday, July 3, 2021

ခေတ်လွန် ပညာရေး

23 June, 2021

-----
 
ရာသီဥတုက အုံ့ပျပျ ဖြစ်နေသည်။
 
"ဟဲ့ မိတာ . . . ဒီနေ့ ညည့်ကလေး ကျောင်းမသွားစေနဲ့တော့။ အစကတည်းက ငါ့စကား ဘယ်သူမှ အရာမသွင်းကြဘူး။ အတန်းက ရချင်လိုက်ကြတာ။ ဘွဲ့ရတော့လည်း ဘာမှ အရေးပါတာ မဟုတ်ဘူး။ ငါပဲ လုပ်ကျွေးရတာ။ ဒီတစ်ခါတော့ မရဘူးနော်။ မပို့နဲ့ဆို မပို့နဲ့။ တစ်ခုခု ဖြစ်သွားရင် ထွန်းရွှေဝါ လိမ်းရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ကိုဗစ်က တစ်မျိုး။ ငါတတ်သမျှ တတ်ကောင်းတတ်ရာတွေ ငါ့မြေးငါ အိမ်မှာပဲ သင်ပေးမယ်။"
 
"အသာလုပ်ပါ အမေရယ်။ လူကြားရင် ရယ်စရာ ဖြစ်နေပါ့အုံးမယ်။ ကိုယ်က အသုံးလုံးတောင် အောင်ခဲ့တာ မဟုတ်ဘဲနဲ့။ ဟဲ ဟဲ။"
 
"ညည်းတို့ ဘွဲ့ရတွေ ပညာတတ်တွေ . . . ပျင်းတောင် ပျင်းသေးတယ်။ ငါတို့ခေတ်က မိန်းကလေးမို့ ဘုန်းကြီးကျောင်းမှာ စာမသင်ခဲ့ရလို့ပါ။ ညည်းတို့လို တန်းကျောင်းတွေဘာတွေ တက်ရရင် ငါတို့က ခုနေဆို အောက်ထစ်ဆုံး ကျောင်းအုပ်ပဲ။ အလုပ်တောင် ပြုတ်ပြီးလောက်ပြီ။ ဟား ဟား ဟား။ အသုံးလုံး လုပ်အားပေးတွေ စာလာသင်ကြတော့လည်း ညည်းက နို့စို့အရွယ်မို့ စာမတတ်ခဲ့တာပါ။ ညည်းတို့ စာတတ်တော့ရော ဘာပေါက်လို့လဲ။ ငါတို့ စာတစ်လုံးမှ မတတ်လည်း တစ်ခါလောက် ပြလိုက်တာနဲ့ အင်တာနက်ထဲ ဝင်မွှေတတ်တာပဲ။ ယူကျုထဲကဟာတွေ ညည်းတို့ ငါ့လောက်တောင် တတ်တာ မဟုတ်ဘူး။ စာမတတ်လို့ ဘွဲ့မရလို့သာပေါ့အေ။ ညည်းတို့ပြောတဲ့ ဖြန့်ထွက်တွေးတာတွေ၊ ကန့်လန့်တွေးတာတွေ ငါက ယူကျုမှာ ကြည့်ထားပြီးသား။ ချိုင်းဆိုက်ကို ငါက နောကျေနေပြီ။ ခုခေတ် ပညာရေး နာမည်တွေသာ အမျိုးမျိုး ပေးထားတာ ငါ တတ်ပြီးသားတွေချည်းပဲ။ လိုင်းပေါ်မှာ လူပြောများနေတဲ့ ဆိုက်ဝါး ဆိုတာတွေလည်း ဘာမှ မထူးဆန်းပါဘူး။ ဘိုးစဉ်ဘောင်ဆက် ငါတို့ သုံးလာတာ နောကျေလို့ ကျွမ်းတောင်ပြန်ထွက်သွားအုံးမယ်။ သူတို့ပဲ ဆိုက်ဝါးသုံးဖို့ နိုင်ငံခြားထိတောင် လေယာဉ်စီး ခရီးထွက်ရတယ်လို့။ အဲ့ဒီလို ဆိုက်ဝါးမျိုး ငါတို့ တတ်လိုက်တာ လွန်ပါရော။ ဟား ဟား ဟား။ ပြောပြန်ရင် ကိုယ်ရည်သွေးရာ ကျအုံးမယ်။ ငါတို့က အဲ့ဒါမျိုးကို ဆိုက်ဝါးလို့သာ နာမည်မပေးတာပါ။ ဟန်ကိုယ့်ဖို့ဆိုတာ ဒါမျိုးပေါ့အေ။ ညည်းတို့တောင် ကျူရှင်ပေးလိုက်ချင်သေးတယ်။ လောလောဆယ် ငါ့မြေးကို ဒီနေ့ကစပြီး ကျောင်းမပို့နဲ့။ ဒါပဲ။"
 
ရာသီဥတုက အုံ့ပျပျ ဖြစ်နေသည်။

No comments:

Post a Comment