Saturday, July 31, 2021

ခံနိုင်ရည် ပြဿနာ

 July 29, 2021


-----
​ဆင်ခြင်မိသလောက်. .. .. . ကိုဗစ်ကပ်ဘေးမှာ ကိုယ်ခံအားကောင်းသူတွေ ပေးလိုက်တဲ့ ပြဿနာက မသေးလှဘူးလို့ မြင်မိပါတယ်။ သူတို့တွေ ပိုးကူးစက်တာ ခံရရင် ခံနိုင်ရည်နဲ့ ပြန်တိုက်တော့ ပြေလည်သွားတယ်။ ပိုးကူးစက်တာ ခံရပေမယ့် ရောဂါမပြင်းထန်ဘဲ နေကောင်းသွားတာတွေတောင် ရှိမယ်။ ရောဂါလက္ခဏာတောင် ထင်ထင်ရှားရှား မပြလိုက်ဘဲ လူကောင်းတစ်ယောက်လို နေနိုင်သူတွေတောင် ရှိနိုင်တယ်။ ကပ်ရောဂါ ရလိုက်ပြီလေလားလို့ သူတို့ကိုယ်သူတို့ သံသယ ဖြစ်မိတဲ့ အခြေအနေ၊ ဒါမှမဟုတ် ရောဂါရလိုက်ပြီလို့ သူတို့ကိုယ် သူတို့ သိလိုက်မိတဲ့ အခြေအနေမျိုးတွေ ရှိနိုင်တယ်။ သူတို့ကိုယ် သူတို့ သံသယ ဖြစ်မိပေမယ့်၊ ရောဂါရလိုက်တာ သိပေမယ့် ကိုယ်ခံအား ကောင်းနေတော့ သူတို့အတွက် ပြဿနာက ကြီးမလာဘူး။ ဒါပေမယ့် သူ့တို့ဆီက ရောဂါပိုးက သူများဆီ ကူးစက်ပြီး ပြဿနာ ရှာတော့တယ်။ အာရောဂျမာန်နဲ့ အဆင်အခြင်မဲ့ လတ်လျားလတ်လျား လျှောက်လည်တော့ ထိတွေ့မိသူတွေဆီ ရောဂါပိုး ဖြန့်သလို ဖြစ်သွားတယ်။ ဘေးလူတွေကလည်း သူတို့ကို လူကောင်း ထင်နေတော့ ကြည်ဖြူစွာနဲ့ ရောဂါပိုး လက်ခံသလို ဖြစ်သွားတယ်။ ခံနိုင်ရည် မရှိသူတွေ ခံပေတော့။ ကပ်ဘေးကာလမှာ ကိုယ်ခံအား ကောင်းသူတွေရဲ့ ကိုယ်ခံအားက မကျန်းမမာ ဖျားနာမှု၊ သေဆုံးမှု များစွာရဲ့ တရားခံလို့ ပြောလို့ရတဲ့အထိ ပြဿနာရဲ့ အရင်းခံ အကြောင်းတစ်ခု ဖြစ်သွားတယ်။ သူတို့ဟာ ခိုးကြောင်ခိုးဝှက်နဲ့ ရောဂါပိုး သည်ဆောင် ဖြန့်ဖြူးသူတွေပါ။ သူတို့ကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးသက်ရောက်မှုကို ကြည့်မယ်ဆိုရင် လူယုတ်မာလို့ကို ခေါ်သင့်သူတွေပါ။
 
ဒါက ကျန်းမာရေး ပြဿနာ။ အလားတူ. .. .. . ပြဿနာမျိုးစုံ ကြုံနေကြရချိန်မှာ တစ်ခြားပြဿနာတွေ အတွက်လည်း နေနိုင်သူတွေရဲ့ ခံနိုင်ရည်ပြဿနာဟာ အသွင်မျိုးစုံ၊ အဆင့်မျိုးစုံနဲ့ ရှိနေမယ် ဆိုတာကို သတိထားမိကြပြီး လူယုတ်မာစာရင်းဝင် ဖြစ်မသွားကြဖို့အတွက် နေနိုင်သလို၊ နေတတ်သလို မနေကြဘဲ တတ်နိုင်တဲ့ဘက်က စွမ်းနိုင်သလောက် အားလုံးက ခြေကြွလက်ကြွ ရှိကြမှသာ ပြဿနာတွေ မြန်မြန် ပြေလည်သွားမှာပါလို့ပဲ. .. .. .။

No comments:

Post a Comment