Saturday, July 31, 2021

ရယ်ဖွယ် ဟုတ်၏ မဟုတ်၏

 July 28, 2021

 


 

-----
ရယ်စရာလေး တစ်ခု ပြောရအုံးမယ်။ ရယ်စရာလို့ ပြောလိုက်တာနဲ့ ဒီအချိန်မှာ ရယ်စရာ ပြောနိုင်သေးတယ်လားလို့ ပြစ်မှားမိကြမှာလည်း စိုးရိမ်ပါတယ်။ ရယ်စရာလို့ ထင်မိခဲ့တာလေး တစ်ခုပါ။ စိတ်ကူးနဲ့လည်း ရယ်မိခဲ့ပါ​သေးတယ်။ ဝစီကံမြောက်ဖို့ အတွက်ကတော့ နှုတ်ခမ်း တွန့်ရုံလေးတင်ပါ။ တစ်ချို့လူတွေက တော်တော် ရယ်ရတာ။
 
ဖြစ်ပုံက..... ဖေ့စ်ဘွတ် မိတ်ဆွေတစ်ယောက်က ကာတွန်းပုံတစ်ပုံ လာပို့တယ်။ မိတ်ဆွေ ဆိုပေမယ့် မိတ်ဆွေတု၊ မိတ်ဆွေယုတ်လို့ ခေါ်ရမယ့်လူပါ။ သူက မက်ဆင်ဂျာကနေ ကာတွန်းပုံ ပို့တာ။ ကာတွန်းပုံပို့ပြီး အပြုံးအီမိုးရှင်း ငါးခု ဆက်ပို့သေးတယ်။ သူပို့တဲ့ ကာတွန်းပုံကို တွေ့ခဲ့ဖူးတာ ကြာပါပြီ။ ခုမှ သူက လာပို့နေတာ။
 
ပုံထဲမှာ စိမ်းလန်းစိုပြေစွာ ရှင်သန်နေတဲ့ သစ်ပင်ကြီးတစ်ပင် ပါတယ်။ ကာတွန်းဆရာက သစ်ပင်ကြီးရဲ့ မြေထဲက ခိုင်ခိုင်မာမာ ဖြာထွက်နေတဲ့ အမြစ်တွေကိုပါ မြင်ရအောင် ဆွဲထားတယ်။ အဲ့ဒီလို အခက်အလက် ဝေဝေဆာဆာ အမြစ်တွေ ခိုင်ခိုင်မာမာနဲ့ စည်ပင်နေတဲ့ သစ်ပင်ကြီးကို ကလေးလေး တစ်ယောက်က ဆွဲနှုတ်ဖို့ ကြိုးစားနေတယ်။ ကလေးလေး ငိုမဲ့မဲ့ ဖြစ်နေတယ်။ မဖြစ်နိုင်တာကို မိုက်မိုက်ကန်းကန်း လုပ်နေတဲ့ ကလေးငယ်လို့ ကာတွန်းဆရာက ဆိုလိုပုံရတယ်။ ကလေးငယ်ကို ဂျင်းဇီလို့ စာတမ်းထိုးထားတယ်။ သစ်ပင်ကြီးကိုတော့ စစ်အာဏာရှင်စနစ်လို့ စာတမ်းထိုးထားတယ်။ ပုံကို တွေ့ဖူးပြီးသားမို့ ချက်ချင်းပဲ အဲ့ဒီ မိတ်ဆွေဆီကို ရှိထားပြီးသား ဓာတ်ပုံတစ်ပုံ ပြန်ပို့လိုက်တယ်။ အခု ပူးတွဲ တင်ထားတဲ့ ကမ်းပေါ်က သစ်ပင်ပုံ။ စပ်မိလို့ စိတ်ကူးရပြီး စလိုက်တာပါ။
 
ကာတွန်းပုံ လာပို့တဲ့ မိတ်ဆွေက အနုပညာ ခံစားမှု စွမ်းရည်အရာမှာတော့ ခေသူ မဟုတ်လောက်ဘူး။ သူ့ဆီ ပြန်ပို့လိုက်တဲ့ ဓာတ်ပုံကို သေသေချာချာ ကြည့်ပုံရတယ်။ သူဖော်ချင်တဲ့ အဓိပ္ပါယ် ဖော်လောက်တယ်။ ဘယ်လို အဓိပ္ပါယ်ဖော်ပြီး ဘာတွေ ခံစားတယ်တော့ မသိပါဘူး။ မကျေနပ်စရာ တစ်စုံတစ်ရာ ခံစားမိပုံ ရပါတယ်။ သူ့ဘက်က တစ်ဘက်သတ် မရပ်မနား အမျိုးစုံ ပြစ်တင်မောင်းမဲ ကြိမ်းဝါး ဆဲဆိုပြီး ထွက်ပြေးပါလေရော။
 
ဘယ်လို လူပါလိမ့်။ လူထီးလား၊ လူမလား။ လူမှားပြီး မက်ဆေ့ချ် ပို့လိုက်တာများလား။ အကောင့်နာမည်က သုံးဆယ့်တစ်ဘုံမှာ ရှာမတွေ့နိုင်တဲ့ နာမည်မျိုးနဲ့။ သူ့ ပရိုဖိုင်ကိုလည်း သော့ခတ် ပိတ်ထားတယ်။ ရာရာစစ။ ပရိုဖိုင် အမှန်အကန် အပြည့်အစုံနဲ့၊ နာမည်မှန်နဲ့၊ ပုံအစစ်နဲ့ ရဟန်းတော် အစစ်ကို သူပြချင်တဲ့ပုံ လာပြပြီး သူ့ပြန်ပြတော့ အယုတ်တမာဇတွေ ပွင့်ထွက်ကုန်တယ်။ ရယ်စရာ မကောင်းဘူးလား။
 
ခုတလော ပြောနေကြတဲ့. .. .. . သံဃာကို ပြစ်မှားလို့ ကပ်ဘေးသင့်တယ်ဆိုတာ. .. .. . ဒီလူလို ပြစ်မှားတာမျိုး မဖြစ်နိုင်ဘူးလား။ ဒါကတော့ ရယ်စရာ မဟုတ်တော့ပါဘူး။

No comments:

Post a Comment