July 31, 2021
----.-
ပျားကို ပုံပြု၊ ခြကိုတု၊ ရမှုဥစ္စာ ရတနာ တဲ့။ စီးပွားစုတဲ့ အခါမှာ ပျားကောင်တွေ ပျားရည်စုသလို စုရမယ်၊ ချကောင်လေးတွေ ချတောင်ပို့ တည်ဆောက်သလို တည်ဆောက်ရမယ် ဆိုတဲ့ ဆုံမစကား ရှိပါတယ်။ အခုတော့ ကိုဗစ်-၁၉ ကို ဥပမာပြုရမယ်၊ အတုခိုးရမယ်လို့ ဆိုချင်ပါတယ်။ ဘယ်အတွက်လဲ၊ ဘယ်လို အတုခိုးရမှာလဲ။
ဘဝဆိုတာ တိုက်ပွဲလို့ ဆိုတယ် မဟုတ်လား။ ဘဝတိုက်ပွဲတွေအတွက် အတုခိုးရမှာပေါ့။ သိကြပြီးသား ဖြစ်တဲ့ ငဗစ်ရဲ့အကြောင်း တစ်စနှစ်စ ကြည့်ရအောင်။ ငဗစ်ပိုးက လူကို သေစေတတ်တယ်၊ မသေတောင်မှ အပြင်းအထန် ရောဂါခံစားရစေတယ် မဟုတ်လား။ ဒါပေမယ့် ငဗစ်ကိုက်ရင် မြွေပွေးကိုက်သလို ချက်ချင်းအဆိပ်တက်ပြီး သေတာမှ မဟုတ်ဘဲ။ ပုရွက်ဆိပ် ကိုက်တာကမှ နာသေးတယ်၊ ခြင်ကိုက်တာကမှ ယားသေးတယ်၊ ငဗစ်က ကိုက်ကိုက်ချင်း ကနဦးမှာ ကိုက်မှန်းကို မသိလိုက်တာလေ။ အဲ့ဒီလို မသိရလို့လည်း ကူးစက်မှုတွေ အခြေအနေ ပိုဆိုးကုန်တာ မဟုတ်လား။ ငဗစ်က ရှူလေနဲ့အတူ လူထဲ ဝင်လာပြီး၊ တဖြည်းဖြည်းနဲ့ အသက်ရှူ လမ်းကြောင်းတလျှောက် ဝင်သွားပြီး အဆုပ်ကို တိုက်ခိုက်တော့မှ မရှူနိုင် မကယ်နိုင်တွေ ဖြစ်ကုန်ကြတော့တာ မဟုတ်လား။
ဘဝထဲက တိုက်ပွဲတွေမှာလည်း လူ့ခန္ဓာထဲ ငဗစ် ဝင်တိုက်သလို ဝင်မှန်းမသိ၊ တိုက်မှန်းမသိအောင် စတိုက်ရမယ့် အကွက်တွေ ရှိမှာပါ။ ဒါဆိုရင် ရန်သူက ဘယ်မှာလဲ။ ဘဝဆိုတာကလည်း သံသရာလောက်ကို ရှည်တာကျယ်တာမို့ တစ်ကွက်တည်း လက်နဲ့ကိုင်ပြသလို မြင်သာဖို့တော့ မဖြစ်နိုင်ပါဘူး။ ဆက်စပ်စဥ်းစားဖို့၊ ချဲ့ထွင်သုံးသပ်ဖို့ပါ။
လက်တွေ့ဘဝ ရင်ဆိုင်ရချိန်တွေမှာ ပုရွက်ဆိပ်ကိုက်သလောက် ဆိုရင်တော့ ပွတ်ချေခံလိုက်ရရင် မတန်သေးဘူး၊ ခြင်ကိုက်သလောက် ဆိုရင်လည်း ဖျပ်ကနဲ ရိုက်ထည့်ခံလိုက်ရရင် ကြွပြီ ဆိုတာလောက်ပဲ ယေဘုယျ မှတ်ချက်စကား ဆိုနိုင်ပါတယ်။
-----
မှတ်ချက် -
လက်တွေ့ဘဝ တိုက်ပွဲတွေမှာ ပုရွက်ဆိပ်ကွက်၊ ခြင်ပုန်းကွက်တွေလည်း လိုနိုင်ပါတယ်။ ဖြစ်နိုင်ရင် မြွေပွေးတိုက်ကွက်လည်း လိုမှာပါ။ ဘဝကို ပုံသေတွက်လို့မှ မရတာလေ။
အများကြီး စဥ်းစားမနေနဲ့။ ပျင်းလို့ ရေးတာရယ်။
No comments:
Post a Comment