June 18
-----
ခုလိုချိန်မှာ သတင်းစကား ဆိုတာက ထန်းလက်နဲ့ ကာတာမျိုးလည်း ရှိမယ်။ ယုံတဲ့သူ ယုံမယ်၊ မယုံချင် နေကြ၊ တစ်ယောက်ယုံရင် တစ်ယောက် အမြတ်လို့ တွက်တာလည်း ပါမယ်။ ပြောတဲ့သူ ကိုယ်တိုင်က မယုံဘဲ ကြားတဲ့သူ ယုံပါစေလို့ လူလည်ကျတာလည်း ပါမယ်။ ပြောသူရော ကြားသူပါ ယုံစရာ မဟုတ်မှန်း သိသိကြီးနဲ့ ဘက်တော်သားတွေ ပြောစရာ စကားရဖို့၊ ခံငြင်းစရာ အကိုးအကားရဖို့ တပ်ကူလုပ်ပေးတဲ့ သတင်းတွေလည်း ပါမယ်။ ဒါက သတင်းနဲ့ ပတ်သက်တဲ့ သတင်းဆိုးပါ။ အဆိုးရော အကောင်းရော သတင်းမှန်တွေ ထုတ်နေတာလည်း မနည်းပါဘူး။ သတင်းခေတ်မှာ သတင်းရဲ့ တန်ဖိုးဟာ ဘယ်ကလာတဲ့ သတင်းလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သတင်းရင်းမြစ် သုံးခု ခွဲကြည့်မိပါတယ်။
ပုဂ္ဂလိက သတင်း -
တစ်ဦးတစ်ယောက် ပြောတဲ့ သတင်းဆိုရင် ပုဂ္ဂိုလ်ရေးအရ ယုံကြည်ရသူ ဖြစ်နေအုံးတော့ အားနည်းတဲ့ သတင်း ဖြစ်နိုင်ပါတယ်။ စဥ်ဆက်မပြတ် ယုံကြည်ခဲ့ရသူ ဆိုရင်တောင် ပုဂ္ဂိုလ်ရေး သတင်းဟာ ပုဂ္ဂိုလ်ရေး သတင်းပါပဲ။ ပရော်ဖက်ရှင်နယ် သတင်းသမားတွေလောက် စိစစ်နိုင်ကြမှာ မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်မှာ ပရိုဖိုင် အတုနဲ့ သတင်းပေးနေသူတွေရဲ့ သတင်းကိုတော့ မျက်ကွယ်ပြုလိုက်တာ အကောင်းဆုံးပါ။ အန္တရာယ် ရှိပါတယ်။
မီဒီယာ သတင်း -
ပုဂ္ဂိုလ်ရေးသတင်းတွေထက် ခိုင်မာတာကတော့ ယုံကြည်လောက်တဲ့ မီဒီယာကြီးတွေပါ။ မယုံကြည်ရတဲ့ မီဒီယာကြီးတွေရဲ့ သတင်းတွေကတော့ ပရိုဖိုင် အတုတွေက လာတဲ့ သတင်းတွေထက်တောင် ကြောက်စရာကောင်းပါတယ်။
သံတမန်များ နှင့် အဖွဲ့အစည်းများ သတင်း -
ခိုင်မာတဲ့ မီဒီယာကြီးတွေထက် ပိုပြီး ယုံကြည်စရာ ကောင်းတာကတော့ သံတမန် ရပ်ကွက်က လာတဲ့ သတင်းတွေ၊ အရာဝင် တန်းဝင်တဲ့ အဖွဲ့အစည်းတွေကလာတဲ့ သတင်းတွေ ဖြစ်ပါတယ်။ သူတို့က အပြောအဆို ဆင်ခြင်ရပါတယ်။
ကြိုက်တဲ့ သတင်းအပေါ် ကြိုက်သလို ဆုံးဖြတ်ဖို့ကတော့ လူတိုင်းရဲ့ လွပ်လပ်ခွင့်သာ ဖြစ်ပါကြောင်း။
No comments:
Post a Comment