Sunday, June 20, 2021

ရဟန်း နှင့် ကျော့ကွင်း - ယခင် နှင့် ယခု

 June 6

-----

ရှေးရှေးက ဘိုးဘေးဆရာတော်ကြီးတွေရဲ့ သီလ၊ သမာဓိ၊ ပညာ ဂုဏ်တော်တွေရဲ့ ကျေးဇူးတရားကို ဒီနေ့ ဂျင်းဇီဘုန်းဘုန်းလေးတွေထိ ခံစားနေကြရဆဲပါ။ ဆရာတော့် ဆရာတော် ဆရာတော်ဘုရားကြီးတွေရဲ့ ကျေးဇူးတရား ကြီးမားလေစွ။ ယုတ်ညံ့တဲ့ ရှင်လျှော်ရှင်ပျက် ရှင်ရူးရှင်နှမ်းတို့ကိုတောင်မှ ရှေးဆရာတော်ကြီးတွေရဲ့ ပုံရိပ်ကောင်းက အကာအကွယ် ပေးထားနိုင်ဆဲပါ။ ခေါင်းတုံးပေါ် ထိပ်ကွက်တတ်တဲ့ ရှင်လည်ရှင်မွတ် ဂျင်ပေါ်ကထုံး ရှင်ခေါင်းတုံးတို့ အတွက်တော့ ဘာပြောစရာ ရှိတော့မလဲ။ ဒီလောက် ဖွဲ့ရအောင် ရှေးပဝေသဏီ အတီအတေ မထေရ်မြတ်ကြီးတွေက ဘယ်လောက်ထိ ကျင့်အားသန်ခဲ့ကြသလဲ။ သိမှတ်မိတဲ့ နမူနာလေး တစ်ခု . . . . .။
ဆရာတော်ကြီး တစ်ပါး တောရဆောက်တည်သတဲ့။ နီးရာရွာမှာ ဆွမ်းခံပြီး ဘုဥ်းပေးသတဲ့။ တစ်နေ့ ဆရာတော်ကြီး ဆွမ်းခံကြွတဲ့ တောလမ်းတစ်နေရာမှာ မုဆိုးတစ်ယောက်က ကျော့ကွင်း ထောင်ခဲ့သတဲ့။ ဖြစ်ချင်တော့ ဆရာတော်ကြီးရဲ့ ခြေတောက် ကျော့ကွင်းမှာငြိ မိပါလေရော တဲ့။ အဲ့ဒီနေရာမှာ ဆရာတော်ကြီး အနေနဲ့ ခြေမှာငြိတဲ့ ကျော့ကွင်းကို အသာဖယ်ဖြုတ်ပြီး လိုရာခရီး ဆက်သွားလို့ ရတာပေါ့။ ဒါပေမယ့် ဆရာတော်ကြီးက ကျော့ကွင်းမိလျက် အနေအထားနဲ့ မုဆိုးအလာကိုသာ ငြိမ်ငြိမ်လေး စောင့်နေသတဲ့။ မုဆိုးကို ဆူဖို့ငေါက်ဖို့ စောင့်တာလား။ အကျွတ်တရား ဟောကြားဖို့ စောင့်တာလား။ တစ်ခုမှ မဟုတ်ပါဘူး။ ဆရာတော်ကြီးက သူ့ခံယူချက်နဲ့ သူပါ။ ဘယ်လို ခံယူတာလဲ။ မုဆိုးက သားကောင်ဖမ်းဖို့ ကျော့ကွင်းထောင်ခဲ့တယ်၊ ဆရာတော်ကြီး ကျော့ကွင်းမိတယ်၊ ဒါကြောင့် ဆရာတော်ကြီးကို မုဆိုး ပိုင်သွားပြီ၊ ဆရာတော်ကြီး သားကောင် ဖြစ်သွားပြီ၊ မုဆိုးက ဆရာတော်ကြီးကို သတ်ချင်သတ် လွှတ်ချင်လွှတ်၊ မုဆိုးရဲ့ သဘောပဲ။ ဆရာတော်ကြီးက အဲ့ဒီလို ခံယူတော်မူလိုက်တာတဲ့။ လောကစည်းကမ်း၊ ရဟန်းဝိနည်း . . . ။ ဆရာတော်ကြီးရဲ့ ခံယူချက် နဲ့ လိုက်နာကျင့်သုံးမှု။ လက်ဖျားခါလောက်တဲ့ ပုံရိပ်ကောင်းကြီးပါ။
ဆိုတော့ကာ . . . အရေးများစွာ ရောထွေးယှက်လိမ်နေတဲ့ နှစ်ဆယ့်တစ်ရာစုမှာရော ကျော့ကွင်းထဲမှာ ငြိမ်နေတဲ့ ဆရာတော်ကြီးတွေ မရှိနိုင်တော့ဘူးတဲ့လား။ ရှိနိုင်ပါတယ်။ အွန်လိုင်းမှာ ကြားရတဲ့ ကာလပေါ် သတင်းတွေအရ အတိအကျကို ရှိနေပုံပါပဲ။ ရှေးကနဲ့ အခု ကျော့ကွင်းချင်းတော့ ကွာခြားမှု ရှိပါလိမ့်မယ်။ မိပုံ ငြိပုံ ငြိမ်ပုံတွေချင်းလည်း တူမှာတော့ မဟုတ်ပါဘူး။
ဘယ်ဆရာတော်တွေများ ဘယ်လိုနည်းနဲ့ ကျော့ကွင်းမိခံထားရပါလိမ့်။ ဘယ်လို ကျော့ကွင်းလဲ။ ဘယ်လို မုဆိုးလဲ။ ဘယ်မုဆိုးက ဘယ်ဆရာတော်ကို ဘယ်လို ပိုင်ထားပြီလဲ။ မေးခွန်းများစွာ နဲ့ . . . အနာဂတ် သာသနာအတွက် ယနေ့ ရဟန်းတော်တွေရဲ့ ပုံရိပ်။

No comments:

Post a Comment