Sunday, June 20, 2021

အဖိုးတန်အား

 June 13, 2021


-----
ဒီပွဲမှာ ရဟန်းတော် တော်တော်များများ၊ အထူးသဖြင့် ရဟန်းငယ် တော်တော်များများ အမှန်တရားဆီ ချဉ်းကပ်မိသွားတာဟာ အရှုံးထဲက ရလိုက်တဲ့ အမြတ်တွေထဲက တစ်ခုပါ။ ဒီတစ်ချီမှာ ပေးဆပ်လိုက်ရတဲ့ ဆုံးရှုံးမှုတွေ များသလို ရလိုက်တဲ့ ကောင်းကျိုးတွေဟာလည်း တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။ ကာလကြာမြင့်စွာ အရေးအရာ များစွာနဲ့ ရောထွေးလိမ်ပတ် ခံထားရတဲ့ သာသနာရေးနဲ့ ပတ်သက်ရင် . . . သာသနာရေး ဗန်းပြပြီး ကိုယ်ကျိုးစီးပွား ကာကွယ်နေတာသာ ဖြစ်တယ်၊ အကျိုးစီးပွား ထိပါးမယ် (သို့မဟုတ်) ထိပါးဖို့ အရိပ်အရောင် တွေ့ရမယ်ဆိုရင် သာသာရေး ဘေးဖယ်ထားလိုက်တယ် ဆိုတာကို အထင်သားကြီး မြင်သွားကြတာဟာ တကယ့်တန်ဖိုးထားရမယ့် အင်အားတစ်ခုပါ။ ဒီလို ပြတ်သားတဲ့ အမြင်တွေကြောင့် သာသနာကို စိတ်တိုင်းကျ အသုံးချဖို့ အခွင့်အရေး အပြည့်အဝ မရကြတော့ပါဘူး။ အရင့်အရင်ကတော့ ဒီအခွင့်အရေးကို ရာခိုင်နှုန်း တော်တော်များများ ရခဲ့ကြတာပါ။
အခုလည်း အခြေအနေမှန်ကို အထင်းသားကြီး မြင်သွားတာက အားလုံးတော့ မဟုတ်ပါဘူး။ အားလုံး အမြင်တူဖို့ ဆိုတာကတော့ မဖြစ်နိုင်တဲ့ ကိစ္စပါ။ (လိုလည်း မလိုအပ်လှပါဘူး။) ဘာပဲဖြစ်ဖြစ် သာသနာကို လိုသလို အသုံးချဖို့ အခွင့်အရေး နည်းပါးသွားတာကတော့ သေချာပါတယ်။ အခွင့်အရေး နည်းပါးသွားပေမယ့် ရသလောက် အခွင့်အရေးကို ဆက်လက်အသုံးချ သွားကြပါလိမ့်မယ်။ ဒီအခွင့်အရေးရဖို့ အပေးအယူတွေ လုပ်မှာလည်း သေချာပါတယ်။ ပစ္စည်းလာဘ်လာဘ၊ အခြွေအရံ၊ အကျော်အစော အစရှိတဲ့ မက်စရာတွေနဲ့ ဆွဲဆောင်ပါမယ်။ အမြှူဆွဲအား ရှိသလို အဖိဆွဲအားမျိုစုံလည်း သုံးမယ်ဆိုတာ သေချာပါတယ်။
မြူဆွယ်မှုနောက် လိုက်ပါရင်း အသုံးချနေမှန်း သိသိကြီးနဲ့ လိုက်လျောနေတဲ့ ရေလိုက်ငါးလိုက် ကျင့်စဥ်တွေကလည်း မနည်းမနောပါ။ တစ်ကိုယ်ရေ တကာယနဲ့ အသိုက်အဝန်းတစ်ခုရဲ့ အကျိုးစီးပွားအတွက် အလိုက်သင့်ပေါင်းပြီး ရသလောက်ယူတဲ့ အလဲအထပ် ပြုလုပ်မှုတွေဟာ သာသနာရေး ခုတုံးလုပ်တာကို အားပေးရုံ မကဘဲ ကာယကံမြေက် ခုတုံးလုပ်လိုက်တာလည်း ဖြစ်ပါတယ်။
နောက်တစ်စုကတော့ ဘာမြှူအား ဘာဖိအားမှ မပါဘဲ အခြေအနေမှန်နဲ့ အလှမ်းဝေးနေသေးတဲ့ အစုပါ။ သာသနာကွယ်သွားမယ်၊ ဆွမ်းလောင်းမယ့်သူတောင် ရှိမှာ မဟုတ်တော့ဘူး၊ ဘာနိုင်ငံ ဖြစ်သွားမယ် ညာနိုင်ငံ ဖြစ်သွားမယ် အစရှိတဲ့ ဂျင်းတွေနဲ့ မူးနေကြလို့ အမှန်တရားနဲ့ အလှမ်းဝေးရတာ ဖြစ်ပါတယ်။ ဒီအစုဟာ သနားစရာတွေပါ။ လေ့လာမှု အားနည်းသလို ဗီဇအားလည်း ကောင်းပုံမရပါဘူး။ ဟုတ်သည်ဖြစ်စေ မဟုတ်စေဖြစ်စေ . . . သာသနာအတွက်သာ လုပ်ပေးပါ၊ ကျန်တာတွေ လုပ်ချင်တာလုပ် ဆိုတဲ့ အစုပါ။ အငုံအကန်းလို့တောင် ခေါ်ရမလိုပါပဲ။
အကြောင်းကြောင်းကြောင့်၊ ဒါမှမဟုတ် အကြောင်းပြချက် အမျိုးမျို့နဲ့ အမှန်တရား ကျောခိုင်းထားသူတွေကို တရားပြဖို့ အရေးဟာ မဖြစ်နိုင်လောက်အောင်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ခက်တာတွေ အသာထားပြီး ရထားတဲ့အား ပြန်ပဲ့မသွားရင်ကို အောင်မြင်လှပါပြီ။ ဒါကြောင့် အမှန်ကို မြင်ထားပြီးနောက် မြှူအားကိုရော ဖိအားကိုပါ ကြံ့ကြံ့ခံထားဖို့၊ လေ့လာအားကို ဆက်လက်ချဲ့ထွင်ရင်း အခံဗီဇအားကို အရှိန်ထပ်ထည့်ပြီး အပွင့်နိုင်ဆုံး ဖွင့်ထားကြဖို့ အရေးကြီးပါတယ်။ ဒါဆိုရင် အခု ရထားတဲ့ အဖိုးတန် အင်အားဟာ ဆက်လက်ခိုင်မာနေပါလိမ့်မယ်။ အောင်ဖို့အားပါပဲ။
-----
Crd:
နယူးယောက်တိုင်း မဂ္ဂင်းသို့ ပေးပို့မည် မဟုတ်သော ရှင်အာစာရ ၏ "အဖိုးတန်အား" အမည်ရှိ မြန်မာ့သာသနာရေး သုံးသပ်ချက် မြန်မာဆောင်းပါးကို ဆီလျော်စွာ မြန်မာဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

No comments:

Post a Comment