Mar 7, 2021
-----
ရုံးအုပ်ကြီး ဦးနာတီသည် မြန်အောင်မြို့နယ် ထွေအုပ်ရုံး၌ တာဝန် ထမ်းဆောင်၏။ (သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင်တို့ခေတ်က ထူးချွန်သည့် ထိုင်းဘောလုံးသမား နာတီပေါင်နှင့် ကိုယ်နေဟန် တူသောကြောင့် သူ့ကို နာတီပေါင်ဟု ခေါ်ကြရာမှ နာတီဟူသော အမည်ကို ရခဲ့သည်။) ယခု ၂၀၂၁ နွေဦးတော်လှန်ရေး အရေးတော်ပုံ အရှိန်တက်ချိန်ထိ ဦးတာတီ CDM မဝင်သေးပေ။ သို့နှင့် . . . .
"အန်ကယ် နာတီ . . . CDM မဝင်သေးဘူးလား ဗျ။ သားတို့ အနာဂတ်ကို ငဲ့ပါအုံးဗျာ။"
"ဟုတ်ပါတယ် အန်ကယ်ရာ . . . အန်ကယ့်မြေး အေးနိုင်တောင် သားတို့နဲ့ လမ်းပေါ်ထွက် ဆန္ဒပြနေတာပဲ။ သားတို့ အနာဂတ်ကို ငဲ့ပါအုံး . . .။"
"အေး . . . ဒီလို ရှိတယ်ကွ . . . မောင်မဲလုံးတို့ မောင်ညိုလုံးတို့ရ။ မင်းတို့ကို အန်ကယ် နားလည်ပါတယ်။ မင်းတို့အားလုံးကို . . . ချစ်လည်း ချစ်ပါတယ်။ မနေ့က မင်းတို့ ဂျင်းဇီတွေ ငါတို့ ထွေအုပ်ရုံးရှေ့ ဆန္ဒလာပြကြတာ . . . မင်းတို့ ပုံစံတွေ သိပ်တက်ကြွတာပဲ။ လေးစားပါတယ်။ ငါဖြင့်ကွာ . . . မျက်ရည်တောင် ကျမိပါသေးတယ်။"
"အေးလေဗျာ . . . ရုံးရှေ့ ဆန္ဒလာပြတုန်းက သားတို့ကို ထွက်တွေ့မယ် ထင်နေတာ။ တစ်ယောက်တစ်မျိုး ဝိုင်းပြောပြီး အန်ကယ့်ကို . . . ဝိုင်းချွတ်ကြဖို့ တိုင်ပင်ထားတာ။ အန်ကယ်က . . . ရုံးထဲပြန်ဝင်သွားတာနဲ့ သားတို့လည်း . . . အားနာလို့ လူစုခွဲခဲ့တာ။"
"အဲ့ဒီနေရာမှာ အချိတ်အဆက် လွဲသွားတာပဲ ကွ။ ငါက CDM လုပ်တဲ့အကြောင်း ရုံးထဲဝင်ပြီး စာရေးနေတုန်း မင်းတို့က ပြန်သွားကြတာ . . .။"
"ဂလိုလား။ ပြောပြောက စောပါတော့ အန်ကယ်ရာ။"
"ဒါပေါ့ကွ။ အေး . . . တနင်္လာနေ့ကျရင် မင်းတို့အဖွဲ့ လူစုပြီး ငါတို့ရုံးရှေ့ ဆန္ဒပြလှည့်ကြ။ လူများများ စုခဲ့ကြနော်။ ငါတို့ အားလုံး CDMဝင်ဖို့ တိုင်ပင်ထားပြီးသား။ ငါတို့ ဝန်ထမ်းဆိုတာ ပြည်သူနဲ့လည်း ကင်းလို့မရ၊ အထက်ကိုလည်း ငြင်းလို့မရ။ ဆိုတော့ကွာ . . . ငါတို့ အောက်ကလူတွေ အရင်ဆုံး CDM ဝင်မယ်။ အုပ်ချုပ်ရေးမှူးက နောက်ဆုံးမှ ဝင်မယ်။ ဘယ်လိုမှ ညှိမရလို့ ရာဇဝင်ထဲ ထားခဲ့ရမယ့်သူလည်း ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့က . . . ပလင် အေ၊ ပလင် ဘီ . . . အကုန် စီစဉ်ထားပြီးသား။ မင်းတို့ ဂျင်းဇီတွေ တောင်းဆိုလွန်းလို့ . . . မင်းတို့ အနာဂတ်ကို ငဲ့ရပါတယ် ဆိုရင် . . . ငါတို့လည်း အထက်က ဖိအားကို တွန်းလှန်ဖို့ အားရှိတာပေါ့ ကွ။ ဟုတ်ပြီလား။ တနင်္လာနေ့ လာခဲ့ကြကွာ။"
"ကြိုက်သွားပြီ အန်ကယ် ရေ့။ ရိုက်လိုက်ပါအုံး။"
"တနင်္လာနေ့ထိ မစောင့်တော့ဘူးဗျာ။ အခုပဲ ကျွန်တော်တို့ လူစုပြီး အန်ကယ့်အိမ်ရှေ့မှာ ဆန္ဒပြကြမယ်။ အန်ကယ်လည်း လက်ဖက်ရည်ဖိုးရှင်းပြီး အိမ်မြန်မြန်ပြန်တော့။ အန်ကယ့်အိမ်ရှေ့ ပြပြီးရှင် အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ပြမယ်။ ကဲဗျာ . . . အန်ကယ်တို့ ထွေအုပ်ဝန်းထမ်းတွေ အိမ်ရှေ့ . . . အကုန်သွားမယ်ဗျာ။ သံပုံးတွေရော ယူခဲ့မယ်။ လစ်ပြီ အန်ကယ်ရေ။ အန်ကယ်လည်း မြန်မြန်လုပ်။ သားတို့ အတွက်ပါ လက်ဖက်ရည်ဖိုး ရှင်းလိုက်အုံးနော်။
crd:only me
-----
မှတ်ချက် - မြို့နယ်နာမည် နှင့် လူနာမည်များ ပြောင်းထားပါသည်။
No comments:
Post a Comment