Sunday, March 21, 2021

ဝါးကျည်တောက်ရှည်ထဲမှ ကြာပွင့်များ

 Feb 16, 2021


ပိဋကတ်တော်လာ စစ်ဗျူဟာကို ပစ္စက္ခ အခြေအနေ တစ်စိတ်တစ်ပိုင်းနှင့် နှိုင်းယှဉ်လေ့လာြခင်း
-----
အတိတ်ဝတ္ထု -
ရှေးရှေးက ဇာတ်တော်ထဲမှာ ဘုရင်တစ်ပါး အ‌ရေးနိမ့်သွားတယ်။ ဘုရင်ကြီးနဲ့ အခြံအရံတွေ မှုူးမတ်ဗိုလ်ပါ စစ်သည်တော်တွေဟာ နေပြည်တော်ထဲမှာ ဝန်းရံပိတ်ဆို့ ခံထားလိုက်ရတယ်။ အတိုက်အခံ အင်အားက ပိတ်ဆို့ထားတာ။ အစာပြတ်၊ ရေပြတ်၊ ရိက္ခာမျိုးစုံပြတ်အောင် ပိတ်ဆို့လိုက်တယ်။ ဘုရင်ကြီး နန်းစွန့်ရတော့မယ့် အခြေအနေ။ ထွက်ပြေးဖို့လည်း လွတ်လမ်းမရှိ။ လွတ်ဖို့ကြံကြတယ်။ အစီအမံ တစ်ခု တွေ့လိုက်တယ်။ ဝါးလုံးတွေကို အလုံးအထည် မပျက်စေဘဲ ဝါးဆစ်ပိတ်တွေကို ဖောက်တယ်။ ဝါးလုံးကျည်တောက်ရှည်တွေ လုပ်တယ်။ အဆစ်ပိတ်တွေ ဖောက်ထားတဲ့ ဝါးလုံးရှည် ကျည်တောက်တွေထဲမှာ ကြာတွေ စိုက်တယ်။ ကြာဖူး၊ ကြာဖတ်၊ ကြာပွင့်တွေ ရတယ်။ ကြာတွေကို မြို့ပြင် လှမ်းပစ်တယ်။ ပိတ်ဆို့ဝန်းရံထားတဲ့ အတိုက်အခံ စစ်သည်တွေ မြင်တွေ့ကြစေ။ ဆိုလိုတာက . . . ရေမြင့်လို့ ကြာမြင့်နေတယ်၊ ကြာတွေသာကြည့်ကြ၊ မင်းတို့ ဘယ်လောက်ပိတ်ဆို့ပိတ်ဆို့ နေပြည်တော် အတွင်းမှာ ရေတွေအလျှံပယ်ပဲ။ မင်းတို့ ပိတ်ဆို့တာ မထိရောက်ဘူး ဆိုတဲ့ သဘော။ အဲ့ဒီလို ဝါဒဖြန့်ပေမယ့် နေပြည်တော်ထဲမှာ အကြပ်ရိုက်နေပြီ။ နောက်တစ်နည်းက နေပြည်တော်ထဲမှာ အေးအေးဆေးဆေး ပျော်ပျော်ပျော်ရွှင် ရှိနေတဲ့ သဘောရောက်အောင် ပွဲသဘင် အတုတွေလည်း ဖန်တီးသတဲ့။ တီးကြမှုတ်ကြ ကကြခုန်ကြ သတဲ့။ နေပြည်တော်ကို ဝန်းရံပိတ်ဆို့ထားတဲ့ အတိုက်အခံတွေ စိတ်ဓာတ်ကျသွားအောင် တစ်ခြားနည်းလမ်းတွေကိုလည်း သုံးသတဲ့။
ပစ္စုပ္ပန်ဝတ္ထု -
XYZ လှုပ်ရှားမှု မျိုးစုံလှိုင်းလုံးများ။ ငြမ်းချမ်းစွာ ဆန္ဒပြခြင်း အစ၊ CDM အလယ်၊ (. . . . . . .) အဆုံး။ သတိပေးခြင်းအစ၊ ပြင်းထန်စွာ သတိပေးခြင်း အလယ်၊ (. . . . . . .) အဆုံး။ သို့သော် မြဝတီ သတင်းများအရ တစ်နိုင်ငံလုံးတွင် သာယာမည်။ သာသနာတော်လည်း ထွန်းကားနေသည်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး စစွာသော အခြေအနေ အရပ်ရပ် ပို၍ပို၍ တိုးတက်တော့မည်။ XYZတို့ သိစေအပ်ပါသည်။ ကမ္ဘာ့နိုင်ငံများ သိစေအပ်ပါသည်။ ဖြူ၊ နီ၊ ဝါ၊ ပြာ၊ ‌ရောင်စုံခြယ်။ သာဝ အစ၊ သာဒင် အလယ်၊ သာကောနဲ့ (. . . . . . . . . . .) အဆုံး။ ဝါးကျည်တောက်ရှည်ထဲမှ ကြာပွင့်များ။
 
ခြုံငုံသုံးသပ်ချက် -
ဘယ်ပစ္စည်းမှ အလကား မရပါ။
တို့ဝန်ထမ်းတွေ ညီသလားဟေ့ . . . . ညီတယ်ဟေ့၊ ညီတယ် ဟေ့။
XYZ တွေ ညီသလားဟေ့ . . . . ညီတယ်ဟေ့၊ ညီတယ် ဟေ့။
🙂
ရှင်အာစာရ

No comments:

Post a Comment