Sunday, March 21, 2021

ဆီလျော်သည်ဖြစ်စေ မဆီလျော်သည်ဖြစ်စေ

 Mar 5, 2021



"အစ်ကိုရေ . . . ဟို ချင်းစုတ် ဆာဆာဆိုတဲ့ ငနာက ဂျင်နရေးရှင်းဇက်ဆီကို စာပို့တယ်ဆိုတာ ဟုတ်သလား။ ကျွန်တော်တို့အဖွဲ့ လှုပ်ရှားရေးမှာ အထောက်အကူ ရနိုင်မယ့် သတင်းထင်လို့ ကွန်ဖမ်း လုပ်ပေးပါ ဗျ။"
"စာပို့တာ မဟုတ်ပါဘူး ဟ။ မင်းတို့ မတွေ့ဘူးလား။ သူ့ဖေ့စ်ဘွတ် ဝေါပေါ်မှာ . . . Letter to Generation Z ဆိုပြီး တင်လိုက်တာပါ။ သူ့ဟာသူ လက်ကမြင်းတာ မင်းတို့ အဖွဲ့က ဘာအရေးစိုက်နေမှာလဲ။ ကိုလုပ်စရာရှိတာ လုပ်။"
"ဟုတ်။ ဒါပေမယ့် . . . တစ်ဘက်ရဲ့ ခြေလှမ်းကို မြင်ထားရင် ရိုက်ချိုးလို့ရတယ် မဟုတ်လား။"
"အေး။ သူ့စာကို အတိအကျ ဘာသာပြန်ဖို့တော့ . . . ငါ့မှာ အချိန်မရှိဘူး။ ဆိုလိုရင်းကိုပဲ ဆီလျော်အေင် ခြုံပြောမယ်။ ဟိုနေ့က မျိုးချစ်သံဃာတွေ တန်ပြန်သပိတ်မှောက်ကြဖို့ ငါတို့ လျှောက်ထားတဲ့ စာကို ဒီကောင် ဖတ်လိုက်ရပြီ ထင်တယ်။ ဒီကောင် အဝေးကနေ ဖင်တုန်နေပြီ။ ငါတို့ဘက်က မျိုးချစ်တွေ၊ တပ်ထောက်ခံသူတွေကို သူတို့ ဝိုင်းပြီး နှိပ်ကွပ်ရတာကိုသာ အရသာ တွေ့နေကြတာ။ ငါတို့ ဖိန့်လိုက်တာနဲ့ ဒီကောင်တွေ ဖျားနေပြီ။ လာတော့မယ် . . . ဘုန်းကြီးကျောင်း မုခ်ဦးတွေမှာ ဗီနိုင်းတွေ လာတော့မယ်။ သာရေးနာရေး သပိတ်မှောက်မှာလည်း ဒီကောင်တွေ အသေကြောက်။ အဲ့ဒါနဲ့ . . . မျိုးချစ်တွေရဲ့ လက်တုံ့ပြန်မှုကို အထူးသတိထားပါဆိုပြီး ချင်းကောင် ဆာဆာက လှမ်းသတိပေးတာ။ ပြင်းထန်တဲ့ လူမှုရေး ဒဏ်ခတ်မှုတွေနဲ့ တုံ့ပြန်ဖို့၊ စနစ်တကျ အကွက်ချပြီး လုပ်ကြဖို့ မိုက်ရူးရဲ လူငယ်တွေကို တပ်လှန့်နေတာ။ အရေးစိုက် မနေနဲ့။ သူ့ဖေ့စ်ဘွတ်မှာ စတေးတပ်စ် တင်တာပါ။ မျိုးချစ်တွေက သူ့နာမည်ထုတ်ပြီး . . . သူ့ပုံပါ ဗီနိုင်းကြီးကြီးနဲ့ . . . "ချင်းပုပ်ဆာဆာ အလိုမရှိ" အော်လိုက်ရင် သူ့ပါ သွားထိမှာမို့ . . . ဒီကောင် ကြိုကာထားတာ။ အကွက်တော့ မြင်တယ်။ ဂျင်းဇီတွေ ဒီလောက် မတုံးပါဘူး။ သူခိုင်းတိုင်း လုပ်မတဲ့လား။ ဒီကောင် အဝေးကနေ မြှောက်ပေးနေတာ။ ပြည်ပအားကို ပုဆိန်ရိုးဆိုတာ ဒီကောင်ကမှ အစစ်။ ကုလထိ တက်ပြီးချွဲနေတာ။ ကုလ ဘာလုပ်လို့ ရမှာလဲ။ မင်းတို့ မကြောက်ကြနဲ့။ တွေ့လား . . . လေယဉ်တွေ ဝဲပြလိုက်တာနဲ့ ကန်တွေလည်း လေသံပြောင်းသွားပြီ။ နောက်တစ်ကွက် . . . ဆာဆာနဲ့ ပတ်သက်လို့ ငါ့တို့ တစ်ကွက်ချန်ထားတာ ရှိသေးတယ်။ ဒီကောင်က ခရစ်ယန်။ အလားတူ . . . စည်သူမောင်လည်း ရှိသေးတယ်။ ဒီကောင်နှစ်ကောင် ပေါင်းပြီး ဗုဒ္ဓဘာသာကို ဖျက်တော့မယ်ဆိုပြီး ဂျင်းထည့်လိုက်ရင် လိမ္မော်သီးတွေ တွန့်တွန့်လူးသွားမယ်။ အနာဂတ် မြန်မာပြည်မှာ ဆွမ်းလောင်းမယ့်လူတောင် ရှိမှာ မဟုတ်တော့ဘူးလို့ ဆက်တွန်းလိုက်ရင် အကုန် လိမ့်ထွက်သွားမယ်။ အခုတောင် ဆာဆာက ရိပ်မိပုံရတယ်။ သူ့စာတွေမှာ အရင်ကဆို . . . God bless you လုပ်တာ။ ခု မလုပ်တော့ဘူး။ ဘာပဲဖြစ်ဖြစ်ကွာ . . . အခု သူတို့ချင်း ဆော်နေပြီ။ ဘာသာမဲ့ပဲ လုပ်တော့မယ်ဆိုတဲ့ အသံတွေ ပွင့်ထွက်လာပြီ။ မင်းတို့ လူငယ်တွေလည်း လိမ္မော်ခြံတွေထဲ ဝင်ထားကြ။ အဆက်အသွယ် မပြတ်စေနဲ့။ MyTel ကဒ်တွေ ရှိသေးလား။ လိမ္မော်သီးတွေဆီ လက်ရောက်ပို့ထား။ ဒကာဒကာမအပေါ် သြဇာရှိမယ်ဆိုရင် ဖုန်းဘေလ်ပါ ဖြည့်ပေး။ အလကားရရင် မယူဘဲ နေမလား။ ကဲ ကဲ . . . ဒါပဲ မဟုတ်လား။ လုပ်စရာရှိတာ ဆက်လုပ်။ မင်းတို့ လုပ်သမျှ . . . မအောင်မြင်တာတွေ များလာရင် . . . လူကြီးတွေ အာရုံနောက်နေတဲ့ အချိန်နော်။ အကုန် ခေါင်းနဲ့ပြေးရအောင်တော့ မလုပ်ကြနဲ့။ ဟုတ်ပြီလား။"
"ဟုတ်။"
"အရေးတော်ပုံ . . ."
". . . အောင်ရမည်။"

No comments:

Post a Comment