Sunday, September 24, 2017

မြဘုရား

(စက်တင်ဘာ ၄၊ ၂၀၁၇၊ 3;28pm)

နှစ်ခါတောင် ရောက်ဖူးပြီးသား ထပ်သွားမိတာကိုက မှားတာ။ ရောက်တုန်း သွားလိုက်အုံးမှလို့ စိတ်ကူးမိတာကိုး။ ရှိပါစေတော့။

နာမည်ရ ဘုရားဆိုတော့လည်း သွားမိတာပေါ့။ ဆင်းတုတော်က ဉာဏ်တော်အမြင့် နှစ်ပေလောက်ပဲ ရှိမယ် ထင်တာပဲ။ ဘုရားစဉ် အဆင့်ဆင့်နဲ့ အမြင့်မှာ ပူဇော်ထားတယ်။ အထဲမှာ ဓာတ်ပုံ မရိုက်ရဘူး။ ဗီဒီယို မရိုက်ရဘူး။ ဘုရားပရိဝုဏ်က တိတ်ဆိတ်မှု မရှိဘူး။ လူတွေ လမ်းလျှောက်တာက လမ်းလုံးပြည့်။ လမ်းကျဉ်းထဲမှာ အသွားအပြန် တစ်ဘက်စီ ခွဲမလျှောက်ကြဘူး။ လောလောဆယ် လူစည်တာကတော့ မန္တလေး မဟာမြတ်မုနိလောက်ပဲ ရှိတာပါ။ ဘုရားအာရုံပြုဖို့ကတော့ မန္တလေးလောက် မကောင်းဘူး။
ဝင်ကြေးပေးပြီး ဝင်ကြရတာ။ မတန်ပါဘူးလို့ ထင်မိတဲ့သူက ဘယ်နှယောက် ရှိမယ် မသိဘူး။ ဝင်ကြေး ဘတ်ငါးရာတဲ့။ မန္တလေး ကျောက်စိမ်းဘုရားလိုသာ ခမ်းနားရင် ဝင်ကြေး ဘတ်တစ်ထောင် တောင်းမလား မသိဘူး။ ပတ်ဝန်းကျင် ခင်းကျင်းထားတဲ့ အနေအထားနဲ့၊ နိုင်ငံတကာ ဆက်စပ်မှု အားကောင်းတာနဲ့၊ သမိုင်းနောက်ခံ နာမည်ရှိတာနဲ့ သူ့တန်ဖိုးနဲ့သူတော့ ဟုတ်တာပေါ့။

ဝင်ကြေး ဘတ်ငါးရားက ဘုရားအတွက်တင်တော့ မဟုတ်ပါဘူး။ ဘုရားနဲ့ကပ်နေတဲ့ နန်းတော်ဝင်ကြေးရော ပါတယ်။ ဒါတောင် မတန်ပါဘူး။ နန်းဆောင်ထဲ မဝင်ရဘူး။ အထဲမှာ ဘာရှိသလိုလို ညာရှိသလိုလို လူရှိန်အောင် ဖိန့်ထားတာ ဖြစ်မယ်။ မန္တလေး နန်းတွင်းကမှ နန်းသုံးပစ္စည်းတွေ ကြည့်စရာ ရှိသေးတယ်။ သူတို့ဘုရင်ရဲ့ အသုံးအဆောင်တွေ ပြလောက်အောင် မရှိဘူး ထင်ပါတယ်။ ဂိုဒေါင်လို အဆောင်ကြီးတွေနဲ့ ကျောက်ရုပ်လို အစောင့်စစ်သားတွေပဲ မြင်ခဲ့ရတယ်။ နေပူတာကတော့ ငြင်းလို့မရတဲ့ အမှန်တရားမို့ ထားပါတော့။

လာတဲ့သူတွေက တရုတ်တွေပဲ များတယ်။ အဲ့ဒါကြောင့် စီးပွားရေး အလုပ်သဘောအရ ဆွဲဆောင်တာ ဖြစ်နိုင်တယ်။ ဘုရားဝင်းထဲမှာ တရုတ် ရုပ်တုတွေ ပြထားတယ်။ တရုတ် ဘုရားဖူးတွေက တရုပ် ရုပ်တုနဲ့တွဲပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။

ဘုန်းကြီးဆိုရင် ဝင်ကြေး ဘတ်ငါးရာ မပေးရဘူးလို့တော့ ပြောကြပါတယ်။ ဒါပေမယ့် မခံချင်တာနဲ့ ဘတ်ငါးရာဖိုး မာနကြီးပြခဲ့တယ်။ ပြောစကား ကြားဖူးတာနဲ့ လက်မှတ်မဖြတ်ဘဲ ဝင်မယ်လုပ်တော့ အပေါက်စောင့်တဲ့လူက မရဘူး တဲ့။ အလကား ဝင်ချင်ရင် ဟိုဘက်အပေါက်ကဝင် တဲ့။ လေသံက မယဉ်ကျေးလှဘူး။ အလကား အခမဲ့ တန်ဖိုးမဲ့ဆိုတဲ့ သဘောမျိုး။ အင်္ဂလိပ်က ဘရုတ်ကင်းနဲ့။ လူက ကျောက်ပေါက်ခွက် ပါတယ် ထင်တာပဲ။ အလကား ဝင်ချင်ရင် ဟိုဘက်က အပေါက်ကဝင် ဆိုပေမယ့် ဝင်ပေါက်ချင်းက ကပ်နေတာ။ ခြေလှမ်း ရွှေ့လိုက်ရုံပဲ။ သူပြောတဲ့အပေါက်က ဝင်မယ်လုပ်တော့ မရဘူးတဲ့။ ဟိုဘက်ထိပ်က ပြန်လာပြီး ဝင်ရမှာ တဲ့။ တန်းစီပြီး ဝင်နေကြတာလည်း မဟုတ်ဘူး။ လူရှင်းနေတာ။ နောက်ပြန်သွား လက်မှတ်ဝယ်ပြီး အဲ့ဒီလူဆီကပဲ ပြန်ဝင်တယ်။ သူ့မျက်နှာ စေ့စေ့ကြည့်ပြီး Okရဲ့လား မေးတော့ စပ်ဖြီးဖြီးနဲ့ Ok တဲ့။ မင့်ဘတ်ငါးရာများ ငါတို့ရွာမှာ ပရိတ်တစ်ခါရွတ် မရှိဘူး။ ဘာမှတ်နေလဲ။ စိတ်ထဲကပဲ ပြောခဲ့ပါတယ်။

ပထမ အဝင်ပေါက် ကတည်းက စိတ်က တင်းနေတာ။ ဘုရားတရားနဲ့ ဖြေထားရတာ။ အဝင် စစ်တဲ့လူက သင်္ကန်းရောင် ညိုနေတာနဲ့ ဗမာမှန်းသိတယ်။ သူတို့ ဘုန်ကြီးတွေက ဝါကြောင်ကြောင် သင်္ကန်းကြီးတွေ ဝတ်ကြတာ။ ဒါနဲ့ . . . ပတ်စပို့ စစ်တယ်။ တစ်ယောက်တည်း ဘေးခေါ်ပြီး အထူးစစ်တာ။ စစ်ပေါ့။ ပတ်စပို့စာအုပ်ကို သုံးခေါက်လောက် ဖတ်တယ်။ စာကော တတ်ရဲ့လား မသိဘူး။ စာဖတ်ချင်ယောင် ဆောင်နေတာ ဖြစ်ချင်ဖြစ်မယ်။

ဒါနဲ့တင် အားမရသေးဘူူး ဘယ်သွားမှာလဲတဲ့။ မေးစရာလား။ သူများနည်းတူ ဝင်လာတာ ဘုရားပေါက် ရောက်နေပြီပဲ။ ဘုရားသွားမှာဆိုတော့ ပတ်စပို့ကို နောက်တစ်ခေါက် ပြန်ကြည့်တယ်။ ဖြည့်ထားတဲ့ departure form ပတ်စပို့ထဲမှာ ညှပ်ထားပြီးသား။ စာတတ်ရင် ဖတ်ကြည့်ပေါ့။ ဒီလူ ရူးနေတာလား၊ ရူးချင်ယောင် ဆောင်နေတာလား။

မင်း ဘာသိချင်တာလဲလို့ ခပ်တင်းတင်း မေးလိုက်တော့ ဘယ်သွားမှာလဲလို့ မေးပြန်တယ်။ ဒီလူ ရူးနေတာ ဖြစ်လောက်တယ်။ ဘုရားသွားမှာလို့ နောက်တစ်ခါ မဖြေချင်တော့ဘူး။ မင်းထင်ချင်သလိုထင်လို့ပဲ ပြောလိုက်တော့တယ်။

မပြီးသေးဘူး။ နောက်မေးခွန်းက မင်းတစ်ယောက်တည်း လာတာလားတဲ့။ တောက် မခေါက်မိအောင် စိတ်ထိန်းပြီး မင်းမြင်တဲ့ အတိုင်းပဲလို့ ပြောလိုက်တယ်။ သူလည်း တင်းသွားပုံရတယ်။ ဘာမှတော့ မပြောပါဘူး။ ငါ့ပတ်စပို့ ပြန်ပေး၊ ငါပြန်မယ်ဆိုတော့ ပတ်စပို့ ပြန်မပေးသေးဘူး။ နောက်တစ်ခေါက် ပြန်ဖတ်တယ်။

မင်း ဘာလုပ်ချင်တာလဲလို့ မေးလိုက်တာ လေသံနည်းနည်း ကျယ်သွားတယ်။ ဘေးကတစ်ယောက် ပြာပြာသလဲ ရောက်လာတယ်။ သူ့လူဆီက ပတ်စပို့ကို ယူကြည့်ပြီး . . . ပြန်ပေးတယ်။ ဂိုးဂိုး ဂိုး တဲ့။ ဟင်း မင်းကလားကွာ။

ဘုရားဖူးလာတဲ့ ဘုန်ကြီးကို ဘာဖြစ်လို့ ဒီလို စစ်ရတာလဲ။ ဗမာ ဘုန်ကြီးမို့လား။ အကြမ်းဖက်မယ့်ရုပ် ပေါက်နေလို့လား။ ဟိုကောင်က မလည်ရှုပ်မို့လား။ အခြေအနေ အရပ်ရပ်ကြောင့် တို့ပုံရိပ် ညံ့နေပြီလား။


:)
ရှင်အာစာရ


No comments:

Post a Comment