(စက်တင်ဘာ ၃၊ ၂၀၁၇။ 8:21pm)
ကြုံလို့ဝင်လိုက်တဲ့ ကမ္ဘောဒီးယား အန်ကောဝပ် ခရီးမှာ ဒေသခံတွေရဲ့ အင်္ဂလိပ်စကားပြော စွမ်းရည်က ကျေနပ်စရာ တစ်ခုပဲ။ သင်ကြားမှု သင်ယူမှု နောက်ခံအခြေအနေ ဘယ်လိုရှိတယ် မသိပေမယ့် သွက်သွက်လက်လက် ပြောနိုင်ကြတာ သေချာတယ်။ အလုပ်ဖြစ်တယ်။
ထိုင်းမှာဆိုရင် အင်တာနေရှင်နယ် လေဆိပ်ကြီးမှာတောင်မှ အီးအီးအဲအဲ လုပ်နေကြသေးတာ။ ကားငှားချင်လို့ အင်္ဂလိပ်လို ပြောတာကို သူတို့စကားနဲ့ ကွိကွိကွကွ လုပ်ကြတဲ့ ကားသမားတွေ အများကြီး။ စာမတတ်သူ အကန်းနဲ့တူ ဆိုတာလို မျက်လုံးပြူးကြီးတွေနဲ့ ကြောင်ကြည့်နေကြတာ။ အင်္ဂလိပ်လို ပြောတတ်တဲ့ တက္ကစီဌာနက စပ်ပေးလိုက်တဲ့ ကားဆရာကလည်း သွားချင်တဲ့နေရာကို ဌာနက ပြောပေးလိုက်တဲ့အတိုင်း ပို့ပေးပေမယ့် လိပ်စာအသေးစိတ် လမ်းညွှန်တာကိုကျတော့ နားမလည်တော့ဘူး။ Gate number 8 လို့ ပြောတာတောင် နားမလည်ဘူး။ လုပ်ရတာ တော်တော် ခက်တယ်။ အင်္ဂလိပ်စကား အရည်အသွေးမှာ မြန်မာက ထိုင်းလောက်တော့ မထူဘူး ထင်တာပဲ။
အန်ကောဝပ် ဘုရားကျောင်းမှာ မြန်မာက ပုဂံထက် အနည်းဆုံး အမှိုက်ပုံးတွေ သာတယ်။ မြက်ခင်းလည်း မဆိုးဘူး။ သစ်ပင်တွေလည်း မဆိုးဘူး။ သဲကျောက်တွေနဲ့ လုပ်ထားတဲ့ ဆောက်လုပ်ရေးကို ပုဂံက အုတ်အဆောက်အဦးတွေထက် ပိုပြီး သဘောကျတယ်။ အဆောင်တွေမှာ ကျောက်တိုင်တွေနဲ့၊ ကျောက်ထုပ်တွေနဲ့။ ကျောက်တုံးတွေ ဆင့်ဆင့်ပြီး အမိုး လုပ်တယ်။ ကျောက်ရုပ်၊ ကျောက်ပန်းတွေနဲ့ ကျောက်ကျောင်းဖြစ်အောင် ဆောက်ထားတာတွေ ခန့်ငြားတယ်။ လျှောက်လမ်းတွေ တံတားတွေမှာဆိုရင် ကျောက်လက်ရမ်းနဲ့၊ ကျောက်အခင်းနဲ့။ ဝရံတာလို နေရာမျိုးမှာ ကျောက်ပွတ်လုံး ကျောက်ပန်းတိုင်တွေနဲ့။ သဲကျောက်နဲ့ လုပ်ထားတာတွေချည်းပဲ။ အဟောင်းတွေ ပြိုကျနေရင် သွားပြီး လက်မကမြင်းဘူး။ မပြုမပြင်ဘဲ ဆေးမခြယ်ဘဲ အဟောင်းအတိုင်း ထားတာတွေ ရှိတယ်။
လုံခြုံရေး ကောင်းတယ်။ စကားပြောစက် ကိုင်ထားတဲ့ ကျား/မ လုံခြုံရေး ဝန်ထမ်းတွေ နေရာအနှံ့ ရှိတယ်။ ဘုရားကျောင်း အဟောင်းကြီးထဲမှာ ပေငါးဆယ်ခြားလောက်မှာ လုံခြုံရေး တစ်ယောက်နှုန်းလောက် ရှိမယ် ထင်တယ်။ ကျောင်းဟောင်းကြီးထဲပေမယ့် မချောက်ချားတော့ဘူး။
ဈေးသည်တွေ နောက်ကလိုက်ရှုပ်တာ မရှိဘူး။ လိုက်တောင်းတာလည်း မရှိဘူး။ ဧည့်လမ်းညွှန် ငှားချင်ရင် (၁၅)ဒေါ်လာ တဲ့။ မငှားဘူးဆိုရင် သူတို့ကလည်း ခပ်တည်တည် နေခဲ့တာပဲ။
ကန် တစ်ဒေါ်လာကို သူတို့ငွေ လေးထောင်ဆိုတော့ သုံးဖျော်တယ်။ ဈေးနှုန်း ချိုသာတယ်။ နယ်မြေ ဝင်ကြေးကတော့ ကန်ဒေါ်လာ (၃၇)။ (၃၇)ဒေါ်လာမှာ (၂)ဒေါ်လာက သူတို့ ကလေးဆေးရုံ ရံပုံငွေ အတွက် တဲ့။ အဝင်လက်မှတ်မှာ ထည့်ပြောထားတယ်။ ရဟန်းသံဃာကို လေးစားဖို့၊ ဒူးနဲ့ပခုံး လုံအောင်ဖုံးဝတ်ဖို့ ညွှန်ကြားချက်လည်း ပါတယ်။
သွားကြည့်သင့်တဲ့ တန်ဖိုးရှိတဲ့ အဟောင်းတစ်ခုပဲ။ လိုက်တုဖို့ အများကြီး လုပ်ကြရအုံးမှာ။ ပြစားတဲ့ ကိစ္စမှာ ကမ္ဗောဒီးယား မီဖို့တောင် အတော်လုပ်ကြရအုံးမယ်။ ခုမှ ရန်ဖြစ်ကြ ချစ်ကြတုန်း ရှိသေး။
:)
ရှင်အာစာရ
No comments:
Post a Comment