Tuesday, August 29, 2017

အမေရိကန် တစ်မှသည် မြန်မာ မိတ်ဆွေများဆီသို့


အပေးအကမ်း ရက်ရောမှုမှာ အမေရိကန်က (မြန်မာလိုပဲ) အဆင့်မြင့်တယ်။ အမေရိကန်ရဲ့ ရက်ရောမှုကို ပုံဖော်ပေးတဲ့ အချက်အလက်တွေထဲမှာ Tip Money ပေးတဲ့ အလေ့အကျင့်လည်း ပါလိမ့်မယ်။ အဲ့ဒီ “တစ်”ဆိုတာက မြန်မာလို ဆိုရင်တော့ မုန့်ဖိုးပေးတာပါပဲ။ မုန့်ဖိုးပေးတယ် ဆိုပေမယ့် အလကားနေရင်း ပေးတာတော့ မဟုတ်ပါဘူး။ ဝန်ဆောင်မှု တစ်ခုခုအတွက် ပေးတာပါ။ ဆုချတာလို့လည်း ပြောလို့ရမယ် ထင်ပါတယ်။ စာသောက်ဆိုင်က စားပွဲထိုးကို ပေးတာမျိုးပါ။ နေရာတိုင်းမှာ အဲ့ဒီလို ပေးကို ပေးကြရတဲ့ ထုံးစံ တဲ့။ လူတွေကလည်း အဲ့ဒီထုံးစံကို ကျေကျေနပ်နပ် လက်ခံကျင့်သုံးကြပါတယ်။ ဗုဒ္ဓဘာသာ မြန်မာအမြင်နဲ့ ကြည့်ရင်တော့ ဒါနဉ္စ ဆိုတဲ့ ဒါနသဘောလည်း ပါမှာပေါ့။ အောက်ခြေအလုပ်သမားကို ပေးတာဆိုတော့ ကရုဏာဓာတ်လည်း ကိန်းဝပ်နေတာပေါ့။ သူတို့ကတော့ ဝန်ဆောင်မှုကို အသိအမှတ်ပြုတဲ့ သဘောပါ။

“ပေးသင့်ပါတယ်။ ဒီမှာက . . . ကိုယ်လည်း ဝင်ငွေ ရှိနေတာပဲ။ မရှိတဲ့သူ ဆိုရင်တော့ တစ်မျိုးပေါ့။ ဒီမှာက . . . ဆံပင်ညှပ်လည်း တစ်ပေးကြတာပဲ။ စားသောက်ဆိုင်တွေမှာ ငွေရှင်းရင် . . . ပြေစာမှာ တစ်ဖိုးပါ ထည့်ယူလိုက်တာ ရှိတယ်။ တစ်ချို့ အလုပ်ရှင်တွေကျတော့ တစ်ကို သိမ်းတယ်။ မလုပ်သင့်ပါဘူး။ အစကတည်းကတော့ ပြောထားတယ်။ တစ်ကို ယူမလား၊ လခ ပိုယူမလား။ တစ်ပဲ ယူမှာပေါ့။ အောက်ခြေ အလုပ်သမားမှာ တစ်က အဓိကပဲ။”

“ဟိုနေ့က . . . ဖီးနစ်လေဆိပ်မှာ အဖိုးကြီးနဲ့ အဖွားကြီး စုံတွဲ။ အဖိုးကြီးက မသန်ဘူး ထင်တယ်။ လေဆိပ်ဝန်ထမ်းက အဖိုးကြီးကို တွန်းလှည်းနဲ့ လိုက်ပို့တယ်။ အဖွားကြီးက တွန်းလှည်းတွန်းပို့တဲ့ လေဆိပ်ဝန်ထမ်းကို တစ်ပေးတယ်။ ဘယ်လောက်ပေးသလဲ ကြည့်နေတာ။ ဆယ်ဒေါ်လာ ပေးတယ်။”

“Right. ပေးကြပါတယ်။ တစ်ဆယ်၊ ငါးကျပ်။ ကိုယ့်အဆင့်အတန်းနဲ့ကိုယ် . . . အခြေအနေအရ ပေးကြပါတယ်။”

“ဦးဇင်းတစ်ပါး ပြောပြတာ။ သူ့ဒကာမ ဟိုတယ်မှာ အလုပ်လုပ်တာ တဲ့။ ဟိုတယ် အောက်ထပ်ကနေ အပေါ်ထပ်တွေကို ထမင်း လိုက်ပို့ရတာ။ တစ်ပေးလို့ ရတဲ့ငွေနဲ့ ဝယ်ထားတာ အိမ်နှစ်လုံးတောင် ပိုင်တယ် တဲ့။ ဟိုတယ်မှာ တည်းခိုကြတာက သူဌေးတွေဆိုတော့ တစ်ပေးကြမ်းတာပေါ့။ သုံးလေးရာတောင် ပေးတယ် တဲ့။”

“အရှင်ဘုရား . . . တစ်ထောင်တောင် ပေးသေးတာ။ ဘားဆိုင်မှာ အရက်စပ်တဲ့သူတွေဆို ပိုတောင် ရသေးတယ်။ တစ်ညတစ်ည အနည်းဆုံး လေးရာ ရတယ်။ တွက်သာ ကြည့်ပေတော့။”

“ဟုတ်လား . . . . .။”

“ဒါ့ပဲ . . .။ သူ့အရည်အချင်းကလည်း လွယ်တော့ မလွယ်ဘူးနော်။ အရက်စပ်တတ်ရတယ်။ ဆက်ဆံရေး ကောင်းရတယ်။ ပြုံး . . ရွှင်ပြီး . . လူတကာနဲ့ ဆက်ဆံရတယ်။ ဧည့်ခံပေးရတယ်။ အရက်လာသောက်တဲ့သူတွေက အမျိုးမျိုး နဲ့ . . . ပိုက်ဆံရှိမှ အရက်သောက်နိုင်တာ . . . ဒီမှာက။ အသဲကွဲလို့ အရက်လာသောက်တယ် . . . အဆင်ပြေအောင် ဆက်ဆံပေး။ မွန်းကြပ်နေတာတွေ . . . ရင်ဖွင့်ချင်တာတွေ . . . စိတ်ဖိစီးတာတွေ . . . လူမျိုးစုံ လာကြတာ။ အားလုံးကို ပြေလည်အောင် ဆက်ဆံပေးနိုင်မှ ဖြစ်တာ။ စိတ်မတိုရဘူး။ အပြောကောင်းရတယ်။ ပျော်အောင်လုပ်ပေးရတယ်။ အဆင်ပြေအောင် ဆက်ဆံနိုင်ရတယ်။ သူတို့ တစ်ပိုရတာပေါ့။ သူတို့ကမှ တကယ် ရတာ။”

ပိုက်ဆံရှိမှ၊ ချမ်းသာမှ အရက်သောက်နိုင်တယ် ဆိုတာကတော့ . . . တင်းကြပ်ထားပြီး၊ ဈေးမြှင့်ထားပြီး လူလတ်တန်းစား လူများစု မသောက်ဖြစ်အောင် လုပ်ထားတာ ဖြစ်ပါလိမ့်မယ်။ ပိုက်ဆံရှိတဲ့သူတွေ တစ်ပေးတော့လည်း သူတို့ စိတ်ထင်ရင် ထင်သလို မူးမူးနဲ့ လက်ဖွာသွားမှာပေါ့။

အဲ့ဒီကနေမှ . . . . . အာဘောင်အာရင်းသန်သန် လေလျှောက်ကောင်းကောင်း လူတိုင်းနဲ့ အဆင်ပြေအောင် ပေါင်းတတ်ပြီး လူတိုင်းနဲ့ ပျော်ပျော်ရွှင် ဆက်ဆံတတ်တဲ့ ရဟန်းမိတ်ဆွေ၊ လူမိတ်ဆွေ မြန်မာတွေကို သတိရမိလိုက်တယ်။ သူတို့သာ ဒီနိုင်ငံမှာ ဒီအလုပ်မျိုး လုပ်လိုက်ရရင် တစ်ပိုက်ဆံတွေ အများကြီး ရမှာပေါ့။ သူတို့ရဲ့ စွမ်းရည်ကို ပိုက်ဆံဖြစ်အောင် ထိထိမိမိ ပြောင်းလဲနိုင်မယ် ထင်ရတယ်။ သူတို့ အကျိုးကို မျှော်မိတယ်။ မွန်းကြပ်နေတဲ့ စားသုံးသူတွေလည်း အရည်အချင်းရှိတဲ့ မိတ်ဆွေကောင်းနဲ့ ပေါင်းစပ်ခွင့်ရပြီး တင်းကြပ်တာတွေ ပြေလျော့သွားလောက်တယ်။

:)
ရှင်အာစာရ

No comments:

Post a Comment